News

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များ တရား၀င်တင်သွင်းရောင်းချနိုင်ရန် ဆွေးနွေးလျက်ရှိ

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်များအား တရား၀င်တင်သွင်းရောင်းချခွင့် ပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထိုကဲ့သို့ တရား၀င်ခွင့်ပြုနိုင်ရန်အတွက် လက်ရှိတွင် စီးပွားရေးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနမှ မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ ကုန်သည်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း၊ ကူးသန်းရောင်း၀ယ်ရေးနှင့် စားသုံးသူရေးရာ အကာအကွယ်ပေးရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူးချူပ် ဦးစင်မောင်လေးက ပြောသည်။

ယင်းက “အရက်၊ ဘီယာ၊ စီးကရက်တွေကို တရား၀င်တင်သွင်း ရောင်းချခွင့်ပေးနိုင်ဖို့အတွက် အခု လက်လီရောင်းချနေတဲ့သူတွေနဲ့ UMFCCIက ကုန်သည်တွေရဲ့ သဘောထားမှတ်ချက်တွေယူပြီး ဆွေးနွေးနေပါတယ်”ဟု ပြောသည်။ လက်ရှိပြည်တွင်းဈေးကွက်အတွင်း အရက်၊ ဘီယာ၊ ၀ိုင်နှင့်စီးကရက် တင်သွင်းရောင်းချခွင့်များကို ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် ဟိုတယ်၊ မိုတယ်များ၊ လေဆိပ်များအတွင်းရှိ Duty Free Shopများတွင်သာ တင်သွင်းရောင်းချခွင့်ပြုထားပြီး တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် အဆိုပါ နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ၀ိုင်နှင့် စီးကရက်ရောင်းချခွင့် လိုင်စင်များကို မြို့နယ်အထွေထွေ အုပ်ချူပ်ရေးမှူးရုံးများမှ သက်ဆိုင်ရာမြို့နယ်အလိုက် ရောင်းချခွင့်လိုင်စင်များ ထုတ်ပေးခြင်းဖြစ်ကြောင်း ရောင်းချသူများထံမှ သိရသည်။

ရန်ကုန်မြို့တွင်း နာမည်ကျော် ဈေး၀ယ်စင်တာမှ တာ၀န်ရှိသူတစ်ဦးက “အခုဈေး၀ယ်စင်တာတွေမှာ ရောင်းချနေတဲ့ နိုင်ငံခြားအရက်၊ ဘီယာနဲ့ ၀ိုင်တွေကို တရား၀င်တင်သွင်းခွင့်မရှိဘူးဆိုပြီး ဆိုင်တွေကို ၀င်ဖမ်းနေတဲ့အတွက် ထိုက်သင့်တဲ့ အခွန်ယူပြီး ရောင်းချခွင့်ရနိုင်ဖို့ စီးပွားကူးသန်းက တာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်”ဟု ပြောသည်။ အဆိုပါ အရက်၊ ဘီယာ ရောင်းချခွင့် လိုင်စင်များကို ကျပ် ၁၀သိန်းကျော် အကုန်အကျခံကာ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးမှူးရုံးများ၌ ပြုလုပ်ရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။ လက်ရှိရန်ကုန်တွင် လက်လီ အရောင်းဆိုင်ပေါင်း ၁၂၇၀၀ကျော်ရှိကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများ၏ စစ်တမ်းကောက်ယူမှုစာရင်းများအရ သိရသည်ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *