မနက်စောစော ကျောင်းမသွားခင် စားသွားရအောင် လမ်းထိပ်မှာ မုန့်ထွက်ဝယ်ရင်းနဲ့ ကိုဘအေးရဲ့ အသိတစ်ယောက် ဖြစ်တဲ့ ကိုမြင့်အောင်နဲ့ဆုံလို့ ဈေးဆိုင်နဲ့ မျက်နှာချင်းဆိုင်က လက်ဖက်ရည်ဆိုင်မှာ ခဏထိုင်ဖြစ်ကြတယ်။ စားပွဲလွတ် တစ်ခုမှာ ဝင်ထိုင်လိုက်ကြပြီး ရှယ်ပုံမှန် နှစ်ခွက်မှာလိုက်ရင်း အစ်ကို့ကိုလည်း ကျွန်တော်ပြောစရာရှိလို့ ဆိုပြီး ကိုမြင့်အောင်က စကားစ ပါတယ်။ ကိုမြင့်အောင်ကလည်း ရင်ဖွင့်စရာဆိုလို့ ကိုယ်တစ်ယောက်ပဲ ရှိတယ်ထင်ပါတယ်။ ပြီးတော့ ကိုယ်ကစာတွေ ဘာတွေ လည်းရေးတယ်လို့ သိထားတော့ သူ့ခံစားချက်ကို ပြောပြချင်တာလည်း ပါပါလိမ့်မယ်။ ကိုဘအေးအတွက် ဇာတ်လမ်း တစ်ပုဒ်တော့ ရတာပေါ့လေ။ “တခြားတော့ မဟုတ်ပါဘူး ကျွန်တော်မယားညီ အစ်ကိုသိတယ်မဟုတ်လား။ “ကိုဘိုနီ ဆိုတာလေ ဟုတ်ကဲ့” ကိုမြင့်အောင်ပြောပြဘူးလို့သိပါတယ်။ ပြောပါဦး၊ အဲဒီကို ဘိုနီက ဘာဖြစ်လို့လဲ” ဆိုပြီး၊ ကိုဘအေးက စကားထောက် လိုက်ပါတယ်။ သူပြောပြတာကို ကိုဘအေးရဲ့ အရေးအနေနဲ့ပဲ ပြန်လည်တင်ပြပါမယ်။
ကိုဘိုနီဟာ ကိုမြင့်အောင် မိန်းမရဲ့ ခဲအိုတော်ပါတယ်။ အမရဲ့ယောက်ျားပေါ့။ ကိုဘိုနီက ဘုရင့်နောင်က ပွဲရုံပိုင်ရှင် တစ်ယောက်ရဲ့ ကားကိုမောင်းပါတယ်။ သာကေတအိမ်ကနေ မဆလာစက်မှတ်တိုင်အထိ ဘတ်စ်ကားစီးသွားပြီး အဲဒီကနေမှ သူတို့ကားနဲ့ ဘုရင့်နောင်ပွဲရုံကို ပို့ပေးရတာပါ။ အပြန်ကျတော့ ဘုရင့်နောင်ကနေ မဆလာစက်အထိ ကားမောင်းပြန်လာပြီး အဲဒီကနေ ဘတ်စ်ကားနဲ့ အိမ်ပြန်လာပေါ့။ ဒီကြားထဲမှာ သူတို့သွားစရာ လာစရာရှိရင်တော့ မောင်းပို့ပေးရတာပေါ့။ ဘုရင့်နောင်ပွဲရုံ ဆိုတာက ကိုယ်ကအလွယ်ပြောလိုက်တာပါ။ ဆန်ပွဲရုံဆီပွဲရုံမဟုတ်ပါဘူး။ သူ့လုပ်ငန်းက စက်ပစ္စည်း အရောင်းအဝယ်ပါ။ ရေစုပ်စက်၊ မီးစက်၊ မြက်ရိတ်စက်၊ လယ်ထွန်စက်စတာတွေကို နိုင်ငံခြားကတင်သွင်းပြီး ရောင်းတာပါ။ ဒါ့ကြောင့် တခါတလေ ကွန်တိန်နာချနေပြီဆိုရင် ခါတိုင်းထက် အိမ်ပြန်နောက်ကျပါတယ်။ သူ့အလုပ်က တနင်္ဂနွေတစ်ရက်ပဲ ပိတ်ပါတယ်။ ဒါတောင် တခါတလေ ကားပြင်ဖို့ရှိတယ်ဆိုရင် အလုပ်ပိတ်ရက်လည်း မနားရဘူး။ သွားရပါတယ်။
အဲဒီသူ့လခ ဘယ်လောက်ရတယ်ထင်သလဲ။ အဲလခတော့ မဟုတ်ဘူးဗျ။ နေ့ရှင်းပဲ ။ အလုပ်မဆင်းတဲ့နေ့မရဘူး။ စီးပွားရေး သမားကလည်း သူ့အတွက် ဘယ်အနာခံမလဲနော်။ အဲဒိီတော့ သူ့လုပ်ခပဲဆိုပါတော့။ တစ်နေ့တစ်သောင်းပေးပါတယ်။ တစ်လကို ရက်၃၀နဲ့ပဲတွက် ၊ တနင်္ဂနွေပိတ်ရက်၄ရက် နှုတ်ရင်၂သိန်းခြောက်သောင်းရပါတယ်။ အဲဒီလောက်ကို ဌာနဆိုင်ရာ အရာရှိကြီး တွေတောင်မရဘူး။ အဲအလုပ်ရှင်က ဖုန်းတစ်လုံးလည်းပေးထားပါတယ်။ အဲဒီလိုအလုပ်ရှင်က ကိုယ့်အပေါ်ကောင်းတာတောင် သူက တစ်ခါတစ်ခါဖေါက်တယ်။ နေထိုင်မကောင်းတာတို့ ဘာတို့မှ မဖြစ်ပဲနဲ့ တခြားဘာကိစ္စမှလည်းမရှိဘဲနဲ့ အလုပ်မသွားဘူး။ အလုပ်မသွားဘဲနဲ့ အရက်ဆိုင်သွားတယ်။ အရက်မူးပြီးအိမ်ပြန်လာလိုက်၊ နည်းနည်းပြေသွားရင် ပြန်ထွက်သွားသောက်လိုက်။ ညဘက်အိပ်မှပဲ ရပ်တော့တယ်။ နောက်နေ့ မနက်မိုးလင်းတာနဲ့ အရက်ဆိုင်ထွက်သွား ၊ မူးပြီးပြန်လာပြန်ရော အဲဒီလို လုပ်နေတာ တစ်ပတ် ဆယ်ရက်လောက် ရှိသွားတယ်။ မိန်းမကလည်း တစ်နေ့ အလုပ်သွားနိုး တစ်နေ့အလုပ်သွားနိုးနဲ့ပေါ့။ အလုပ်သွားမှ ပိုက်ဆံရမှာလေ။ ဈေးဖိုးမရှိရင် ဘာနဲ့သွားစားမလဲ။ အိမ်မှာ ရေဖိုး၊ မီးဖိုး၊ ရေသန့်ဖိုးက အစရှိသေးတယ်။ အိမ်က ကိုယ်ပိုင်အိမ်မို့လို့တော်သေးတယ်ပြောရမယ်။ အလုပ်သွားရက်တွေမှာတော့ မိန်းမကို တစ်နေ့ငါးထောင်ပေးတယ်။
အဲဒီကပဲ ဈေးဖိုး ဘာဖိုး လိုအပ်တာသုံးပေါ့။ အလုပ်မသွားတဲ့ရက်တွေ ကြာလာတော့ မိန်းမကလည်း ပူညံပူညံဖြစ်လာတာပေါ့။ ရှင်ဒီအရက်တွေချည်းပဲ နေ့မနားညမနားသောက်နေရင် အိမ်မှာမနေနဲ့တော့ဆင်းတော့၊ လမ်းဘေးမှာသွားနေ၊ နေချင်ရာနေ တော့ဆိုပြီးနှင်ချ။ ယောက်ျားကိုထုရိုက်၊ မအေတွေ နှမတွေနဲ့ဆဲဆို၊ ကြက်သွန်လှီးတဲ့ဓားနဲ့ လက်မောင်းတွေ မျက်နှာတွေကိုမွှန်း၊သွေးတွေကထွက်နဲ့ တော်တော်တော့ စိတ်ညစ်စရာကောင်းပါတယ်။ ကိုဘိုနီကအရက်သမားတွေရဲ့ ထုံးစံအတိုင်းပေါ့။ မူးလာရင် စကားများတယ်။ သူကမူးလာရင် ဘိုလိုမှုတ်တာ ဖုန်းထဲသွင်းထားတဲ့ သီချင်းတွေဖွင့်ပြီး လိုက်ဆိုတယ်၊ ကတယ်။မိန်းမကလည်း အဲဒါကို မကြိုက်ဘူး။ ကျန်တဲ့အချိန်မှာ အေးတဲ့သူ စကားနည်းတဲ့လူက လမ်းထဲမှာလည်း ဘယ်သူနဲ့မှ ဟုတ်တိပတ်တိ စကား မပြောတဲ့လူက အရက်မူးပြီးပြန်လာရင် မိန်းမကသူ့ကို အိမ်ပေါ်ကနှင်ချတာ၊ ဓါးနဲ့ထိုးတာ စသဖြင့် တွေ့တဲ့သူကိုလျှောက်ပြော၊ အဲဒီတော့ မိန်းမကပိုပြီး ဒေါသထွက်၊ မကြားဝံ့မနာသာတွေ ပါးစပ်ကထွက်လာရော။ ဒီလိုနဲ့နေ့ရော ညရောမူးနေတာ ဆယ့်လေးငါးရက်လောက်ရှိလာတော့ ပိုက်ဆံလည်းမရှိတော့ဘူးလေ။ အဲဒါဟိုက ဒီကလျှောက်ချေးပြီးတော့ သောက်တယ်။
အဲဒီတော့ မိန်းမက ပိုပြီးဒေါသထွက်လေပေါ့။ တခါတော့ အလုပ်ကိုဖုန်းဆက်နေသံကြားတယ်။ ဝမ်းသွားနေလို့ပါပေါ့။ တစ်ရက် နှစ်ရက်နေရင် အလုပ်ဆင်းပါ့မယ်ပေါ့။ တစ်ဖက်ကပြောနေသံကြားရတာတော့ ဒရိုင်ဘာနောက်တစ်ယောက် ရှာမလို့ လုပ်နေ တယ်ဆိုလား ကြားလိုက်တယ်။ အင်း ဒီအတိုင်းဆို အလုပ်ပြုတ်တော့မလား။ မသိဘူးပေါ့။ ယာဉ်မောင်းလိုင်စင်ရှိနေရင် ဒရိုင်ဘာအလုပ်က ဘယ်မှာလုပ်လုပ် ရတယ်ဆိုပေမယ့် ၆၀ဆိုတဲ့ ကိုယ့်အသက်အရွယ်နဲ့ ဒီလိုအလုပ်မျိုးကို ရဖို့မလွယ်ပါဘူး။ ဘယ်သူက ပေးမှာလဲ သူကနောက်တစ်နေ့ အလုပ်သွားရင် ကိုယ့်ဆီကအနံ့ရမှာလည်း စိုးရိမ်တယ်။ ကားမောင်းရတာက အလုပ်ရှင်ရဲ့ မာမီဆိုတဲ့ အဖွားကြီးနဲ့သွားရတာ။ ဒါပေမယ့် ကိုယ်ကနေ့ရော ညရော သောက်ထားတာ ဒီအနံ့က ဘယ်လို ပျောက်မလဲ။ ဒီလိုနဲ့တစ်ရက်တစ်ရက်နဲ့ အလုပ်ကမသွားဖြစ်တာ။ အလုပ်ထဲမှာလည်း စိတ်ညစ်စရာဘာမှမရှိပါဘူး။ သက်သက်မဲ့ ဗွေဖေါက်တာလို့ ပြောရမှာပဲ။ အရက်ကို မပြတ်တမ်းမနားတမ်းသောက်နေတော့ စိတ်ထဲမှာ အရက်ပဲရှိတော့တဲ့ သဘောဖြစ်နေတယ်။ ထမင်းလည်း ကောင်းကောင်းမစားဖြစ်တော့ လူကလည်း ပိန်လိုက်လာတယ်။ အလုပ်ပျက် အကိုင်ပျက်ဖြစ်တဲ့အပြင် ကျန်းမာရေးပါထိခိုက်မဲ့ သဘောဖြစ်လာတယ်။
ဒီလိုနဲ့ ရက်နှစ်ဆယ်လောက် ဖြစ်လာတဲ့အခါကျ တစ်ရက်တော့ မိန်းမက သူ့ကိုမနက်မိုးလင်းတာနဲ့ အပြင်ပေးမထွက်တော့ဘူး။ အိမ်ရှေကတံခါးကို သော့ခတ်ထားပြီး အပေါက်ဝကနေ ထိုင်စောင့်နေတော့တယ်။ ဒါတောင် သူကငါးရာလောက်ပေးပါ။ မုန့်သွားစားမလို့ ကွမ်းသွားဝယ်မလို့ ဆိုလာသေးတာ။ ရှင်သွားစရာမလိုဘူး။ ကျုပ်သွားဝယ်မယ်ဆိုပြီး အပြင်ကို လုံးဝထွက်ခွင့် မပေးတော့ဘူး။ ဒီလိုနဲ့ သုံးလေးရက်လောက် အရက်နဲ့ အဆက်အသွယ်ဖြတ်ခိုင်းထားလိုက်တယ်။ အလုပ်ကလည်း မဆင်းဖြစ်သေးဘူး။ တော်ကြာအလုပ်သွားမယ်ဆိုလို့ လွှတ်ပေးလိုက်ရင် အလုပ်မသွားပဲ အရက်ဆိုင်သွားမှာလည်း စိုးရသေးတယ်။
တကယ်တော့ ယမကာဆိုတဲ့အရက်ဟာ လူမှုဆက်ဆံရေးနယ်ပယ်တချို့မှာ မပါမဖြစ်ကဏ္ဍ တစ်ခုအနေနဲ့ ဟိုတုန်းကရော ဒီနေ့အထိပါ ရှိနေပေမယ့် သိပ်လွန်လွန်ကျွံကျွံ မဖြစ်ဖို့တော့ သတိထားရပါမယ်။ တခါတလေဆိုတာကနေ အမြဲတမ်းဖြစ်မသွား ဖို့တော့ စိတ်ကိုထိန်းနိုင်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အရက်ကကိုယ့်ကိုနိုင်သွားရင် သွေးသားထဲမှာ အရက်ကို တောင့်တတဲ့ စိတ်ပဲ အမြဲဖြစ်ပေါ်နေတတ်ပါတယ်။ ဖြစ်နိုင်ရင်တော့ အစမလုပ်တာကောင်းတယ်။ ကိုဘိုနီမိန်းမရဲ့ ပြောပြချက်အရဆိုရင် ကိုဘိုနီတို့က အရက်ကို စလို့မရဘူး။ သူ့တို့ဟာ စမိရင် မဆုံးတော့ဘူး။ ကိုယ့်ကိုယ်ကို ထိန်းချုပ်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။ မူးယစ်ဆေးဝါးကသာ စိတ်ကိုပြောင်းလဲစေတာ မဟုတ်ဘူး။ အရက်ကလည်း လူရဲ့စိတ်ရော ပုံပန်းသဏ္ဍာန်ကိုပါ ပြောင်းလဲ စေပါတယ်။ အရက်မူးသမားတစ်ယောက်ဟာ အရှက်အကြောက်မရှိတော့ပါဘူး။ လူစိတ်တောင်ပျောက်တတ်ပါတယ်။ ဒါ့ကြောင့် အရက်သမားအမှားတစ်ရာလို့ပြောတာပါ။
ဗုဒ္ဓဝင်မှာရှိပါတယ်။ နာဠာဂီရိဆင်ကို အရက်ကိုးမောင်းတိုက်ပြီး မြတ်စွာဘုရားကို နင်းချေသတ်ဖို့ လုပ်ကြံခိုင်းတာပါ။ အရက်မူးနေတဲ့ဆင်ဟာ ဘုရားမှန်း တရားမှန်း မသိတော့ပါဘူး။ မြတ်စွာဘုရားရဲ့ မေတ္တာတော်တန်ခိုးကြောင့် ဆင်ကြီးလည်း ဘုရားရှေ့မှာ ဝပ်စင်းသွားပါတယ်။ ဒါဟာ အောင်ခြင်းရှစ်ပါးထဲမှာ တစ်ပါးအပါအဝင်ပါ။ နောက်တစ်ခုရှိသေးတယ်။ ဘုရားဟော ငါးရာ့ငါးဆယ် ဇာတ်တော်နိပါတ်တော်ထဲကပါပဲ။ အရက်ကြောင့် ဒုက္ခရောက်ရတဲ့အကြောင်းပါ။ တပည့်ပညာရှိ လုလင်ရဲ့ စကားကိုနားမထောင်ပဲ သူရာတန်ခိုးနဲ့ တဇွတ်ထိုးပြုမူတဲ့အတွက် လှံစူးပြီးသေရတဲ့ လှံခုန်ဆရာမိုက်အကြောင်း ဖြစ်ပါတယ်။
တစ်ခါက သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ ဆရာအရှင် ဖြစ်တော်မူတဲ့ ဘုရားရှင် သီတင်းသုံးတော် မူစဉ် ဆိုဆုံးမရခက်ခဲတဲ့ ရဟန်းတစ်ပါးရှိတယ်။ ရဟန်းတို့ဟာ အဲဒီဆိုဆုံးမရခက်ခဲတဲ့ ရဟန်းကို ဘုရားရှင်ရှေ့မှောက် ခေါ်လာခဲ့ ကြတဲ့အခါ ဘုရားရှင်က “ချစ်သား၊ သင်သည် ယခုအခါ၌သာ ဆိုဆုံးမရခက်ခဲသည်မဟုတ်၊ ရှေးအခါကလည်း ဆိုဆုံးမရ ခက်ဖူးပြီ။ ပညာရှိတို့၏ အဆုံးအမကို နာယူခြင်းမရှိသည့်အတွက် လှံစူး၍ သေခဲ့ဖူးလေပြီ”ဟူ၍ မိန့်ဆိုကာ အတိတ်ဇာတ်ကို ဆောင်တော်မူပါတယ်။
လွန်လေပြီးတဲ့ရှေးကာလ ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် လှံခုန်အတတ်ကို တတ်ကျွမ်းတဲ့ ဆရာတစ်ယောက်ဟာ တပည့်တွေနဲ့အတူ မြို့ရွာအနှံ့လှည့်လည်ပြီး လှံခုန်အတတ်ပညာကိုပြသကာ အသက်မွေးမြူ ပါတယ်။ ဆရာဖြစ်သူဟာ မြေပြင်မှာ သူ့အကွာအဝေးနဲ့သူ လှံသွားတွေကို မိုးပေါ်ထောင်စိုက်ထားပြီး လေးစင်းတိတိကို အောင်မြင်စွာ ခုန်ကျော်နိုင်ပါတယ်။ တစ်ရက်မှာ လှံခုန်အဖွဲ့ဟာ ရွာငယ်တစ်ရွာကို ရောက်တဲ့အခါ လှံခုန်ပွဲကျင်းပဖို့ ပြင်ဆင်ပါတယ်။ လှံခုန်ဆရာဟာ သေရည် သေရက်တွေ မူးယစ်နေပြီး လှံငါးစင်းတိတိ ခုန်ပြမယ်လို့ ကြေညာပါတယ်။ တပည့်ဖြစ်သူက “ဆရာ၊ ဆရာဟာ လှံငါးစင်းကို လွတ်အောင်မခုန်နိုင်ပါ။ ခါတိုင်းခုန်နေကျအတိုင်း လှံလေးစင်းပဲခုန်ပါ။ နို့မဟုတ်ရင် လှံငါးစင်းမြောက်မှာ ဆရာအသက်ပျောက် ပါလိမ့်မယ်”လို့သတိပေးပြောဆိုပေမယ့် သေရည်သေရက်များ လွန်စွာမူးယစ်နေတဲ့အတွက် အမှားအမှန် ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်စွမ်း မရှိတော့ပဲ တပည့်သတိပေးတဲ့ကြားက လှံငါးစင်းကို ခုန်ပြတဲ့အခါမှာ ခါတိုင်းလိုပဲ လှံလေးစင်း လွတ်သွား ပေမယ့် ငါးစင်းမြောက်လှံမှာတော့ ငါးသီတံကဲ့သို့ ခန္ဓာကိုယ်မှာ စူးဝင်ပြီး သေပွဲဝင်ရပါတယ်။
တပည့်ဖြစ်သူလည်း ယူကျုံးမရဖြစ်ပြီး ငါ့ရဲ့နည်းမှန်လမ်းမှန်တားမြစ်တာကို မလိုက်နာတဲ့အတွက် အသက်ဆုံးရှုံးရလေပြီဟု ဆိုပြီးဆရာရဲ့ အလောင်းကိုကောင်းစွာ ဖုတ်ကြည်း သင်္ဂြိုလ်ပေးပါတယ်။ ဇာတ်ပေါင်းတဲ့အခါကျ ထိုစဉ်ကလှံခုန်ဆရာက ယခုဆိုဆုံးမရခက်တဲ့ ရဟန်းဖြစ်လာပြီး တပည့်ပညာရှိလုလင်က ဘုရားရှင်ဖြစ်လာပါတယ်။
ဒါ့ကြောင့် ဓါးကိုဖျက် ဝါးမျက်၊ ရှင်ကိုဖျက် ဓဇက်၊ လူကိုဖျက်အရက် လို့ဆိုတာပါ။ ဝါးမျက်ကို ခုတ်မိတဲ့ ဓါးဟာ ပဲ့ပြီး ပျက်စီး သွားနိုင်ပါတယ်။ သာမဏေဘောင်မှာလည်း ပရိတ်ကြီး ၁၁သုတ်ထဲမှာပါတဲ့ ဓဇဂ္ဂသုတ်ဟာ ရှည်ပြီးခက်လို့ မကျက်နိုင်ပဲ ရှင်လူထွက်သွားတတ်ပါတယ်။ ထို့အတူပဲ အရက်ဟာလည်း လူရဲ့ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစတာတွေကို ပျက်စီး စေပါတယ်။ အရက်ကြောင့် ကောင်းကျိုးချမ်းသာရရှိနိုင်မှု နည်းပါတယ်။ ဆိုးကျိုးရနိုင်ဖို့ပဲ များပါတယ်။ ငါးပါးသီလထဲမှာ သူရာမေရက အချုပ်ပါ။ ဒီတစ်ပါးဖေါက်တာနဲ့ ကျန်တဲ့လေးပါးစလုံးကို ကျူးလွန်သွားနိုင်ပါတယ်။
အခုခေတ်မှာ အမျိုးသားများသာမက အမျိုးသမီးများပါ အရက်သောက်သုံးမှုရှိလာကြတဲ့အတွက် သတိချပ်ဆင်ခြင်ကြဖို့ပါ။
(နောက်ဆက်တွဲသိရတဲ့ သတင်းအရတော့ အလုပ်မဆင်းတာ ရက်နှစ်ဆယ်ကျော်ကြာလာပြီဖြစ်တဲ့ ကိုဘိုနီဟာ နောက်ပိုင်း သုံးလေးရက်မှာ အရက်လုံးဝမသောက်တော့ပဲ စနေတစ်ရက်မှာ အလုပ်ကိုသွားပါတယ်။ အလုပ်ဖြုတ်လိုက်ပြီဆိုရင်လည်း ပြန်အပ်ရအောင် ယူနီဖောင်းတွေပါ ယူသွားတယ်တဲ့။ အလုပ်ထဲရောက်တော့ အလုပ်ရှင်က အကိုကြီးကို ကျွန်တော်တို့ စောင့်နေတာပါ ဆိုပြီး အလုပ်ပြန်ဆင်းခိုင်းပါတယ်။ သူ့ဖုန်းထဲကို တယ်လီနောဆင်းမ်ကဒ်တစ်ကဒ်ပါ ထပ်ထည့်ပေးလိုက်တယ် လို့သိရပါတယ်။ သူ့အလုပ်ရှင်ကလည်း ကောင်းပါတယ်။ သူကလည်း အလုပ်မှာလည်း စိတ်ချရပြီး အားကိုးရတဲ့သူဖြစ်လို့ပါ။တော်သေးတယ်။ သူအလုပ်ပြုတ်မှာကို ကြားကစိတ်ပူနေရတဲ့ ကိုဘအေးတို့လည်း စိတ်အေးသွားရပါတယ်။ အရက်မသောက်ဘဲ နေလို့ရရင်လည်း နေလိုက်ပါ ကိုဘိုနီရယ်။ နောက်တစ်ခါထပ် မဖောက်ပါစေနဲ့လို့ပဲ ဆုတောင်းရပါတယ်)။