News

မြန်မာနိုင်ငံတွင် စိန်မထွက်ဟု ဘူမိဗေဒပညာရှင်ပြော

လက်ရှိ မြန်မာပြည်တွင် စိန်ထွက်ရှိနိုင်သည့် ဘူမိဗေဒအနေအထား လုံးဝမရှိကြောင်း စိန်ကျောက်မျက်ပညာသင်တန်း ဓါတ်ခွဲခန်းကော်မတီမှ ပါမောက္ခ ဦးဉာဏ်သင်းက ပြောသည်။ မြန်မာပြည်တွင် တွေ့နေရသော စိန်များမှာ ဒေသတွင်းနိုင်ငံများမှ ရောက်ရှိလာသည့် ရေမျောကမ်းတင် စိန်များသာဖြစ်ကြောင်း အောက်တိုဘာ ၆ရက်တွင် ကုန်သည် စက်မှုအသင်း၌ ပြုလုပ်သော စိန်ကျောက်မျက်ပညာသင်တန်း ဓါတ်ခွဲခန်းကော်မတီ ရတနာရောင်းဝယ်ရေး မသိမဖြစ် အခြေခံများနှင့် ပတ်သက်သော ဟောပြောပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ပါမောက္ခ ဦးဉာဏ်သင်းက “စိန်ထွက်တယ် မထွက်ဘူးဆိုတာ သူရဲ့မူလဇစ်မြစ်ကို နားလည်ထားဖို့ လိုတယ်။ စိန်ဆိုတာ ကမ္ဘာ့မြေအောက် မိုင် ၁၀၀ကျော်လောက်မှာ ရှိတာ၊ ဒါတွေ အပေါ်ကို ရောက်ဖို့ဆိုရင် မီးတောင်ပေါက်ကွဲတာကနေ တက်လာတာ။ မြန်မာပြည်မှာ စိန်ထွက်တယ်ဆိုတာက တရုတ်တို့၊ ထိုင်းနိုင်ငံတို့ကနေ ရာသီအနေအထားကြောင့် ဒီကိုရောက်လာတာ။ ဒီလိုစိန်ထွက်နိုင်တဲ့ အခြေအနေ လုံးဝမရှိနိုင်ဘူး။ စိန်ကြောနဲ့ပါတ်သက်ပြီး မြန်မာနဲ့ ထိုင်းနယ်စပ်မှာ စိန်သိုက်ရှိတယ်ဆိုပြီး အမေရိကန်ပညာရှင် အဖွဲ့ကိုယ်တိုင် လာရောက် စစ်ဆေးဖူးတယ်။ စိန်သိုက်ရှိခဲ့တာတော့ ဖြစ်နိုင်တယ် ဆိုပေမယ့် သူတို့လည်း သေချာ မတွေ့ခဲ့ဘူး”ဟု ဆိုသည်။

ပြည်တွင်း၌ ရောင်းဝယ်နေသော စိန်အများစုမှာ သြစတြေးလျ နိုင်ငံမှ ထွက်ရှိသည့် အရည်အသွေး အလတ်စား စိန်များဖြစ်ပြီး အာဖရိက နိုင်ငံထွက် စိန်အများစုမှာ အီးယူနိုင်ငံများတွင် သွေး၍ ဆွစ်ဇာလန်အပါအဝင် အနောက်ဥရောပ နိုင်ငံဈေးကွက်အတွင်းသို့ စီးဝင်လေ့ရှိကြောင်း၊ လက်ရှိ ကမ္ဘာတွင် စိန်ထွက်အများဆုံးနိုင်ငံမှာ ကနေဒါ နိုင်ငံပင်ဖြစ်ပြီး အာရှတိုက်တွင် တရုတ်နိုင်ငံမှ ထွက်ရှိသည်ဟု ပညာရှင်များ၏ ပြောပြချက်အရ သိရသည်။

အဆိုပါပွဲသို့ တက်ရောက်သည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက “ကျွန်တော်တို့ နိုင်ငံမှာ တနိုင်း၊ မိုးမိတ်၊ မိုင်းရူး၊ ထားဝယ်၊ မြိတ်နဲ့  ဥရုချောင်းဘက်မှာ တွေ့နေရတယ်။ ဘာတွေ ကွာခြားလဲ ဆိုတာတော့ ဒီနေ့မှပဲ သိရတာ။ ဒီမှာ ရောင်းဝယ်တဲ့ စိန်အများစုကတော့ အိန္ဒိယမှာ သွေးပြီး ရောက်လာတာ။ အရည်အသွေးပိုင်းက အနောက်နိုင်ငံနဲ့ ယှဉ်ဖို့တော့ ခက်တယ်”ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

3 thoughts on “မြန်မာနိုင်ငံတွင် စိန်မထွက်ဟု ဘူမိဗေဒပညာရှင်ပြော

  1. စိန်တော့မထွက်ဘူး ရွှေ ကြေးနီ ယူရေနီယံ တိုက်တေနီယံ ဇင့် ကော့ပါး အဖြိုက်နက် ကျောက်စိမ်း ပတ္တမြား နီလာ ဥဿဖရား စသည်တို့အကုန်ထွက်ပါတယ်

    1. တကယ်ထွက်တာနော်…..ဘာမှမကျန်ဘူး..နိုင်ငံခြားကိုထွက်တာ 😀

Leave a Reply

Your email address will not be published. Required fields are marked *