News

ကျေးလက်ဒေသဖံွ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး

myanmar-president

(၁၂.၅.၂၀၁၃)ရက်နေ့ နံနက် ၈နာရီက မန္တလေးမြို့၊ အောင်မြေသာစံ မြို့နယ်၊ ၆၆လမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည့် မန္တလေးတိုင်း ဒေသ ကြီးအတွင်း ကျေးလက်ဒေသဖံွ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝ မြှင့်တင်ရေး အခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတက တိုင်းပြည် ဖံွ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရာတွင် မြို့ပြနှင့် ကျေးလက် ကွာဟမှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖံွ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်းစဉ် (၈)ရပ် ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှု ၂၆ရာခိုင်နှုန်းမှ ၁၆ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ဆောင်ရွက်လျက်ရှိ ကြောင်း၊ လယ်ယာ ကုန်ထုတ်လုပ်မှု ဖံွ့ဖြိုးတိုးတက်ရေး၊ မွေးမြူရေးနှင့် သား ငါး ထုတ်လုပ်မှု ဖံွ့ဖြိုး တိုးတက်ရေး၊ ကျေးလက်ဒေသ အသေးစား ကုန်ထုတ် လုပ်ငန်းများ ဖံွ့ဖြိုး တိုးတက်ရေး၊ အသေးစား ပုဂ္ဂလိက ငွေစုငွေချေး လုပ်ငန်းများ ဖံွ့ဖြိုးတိုးတက် ရေး၊ သမဝါယမ လုပ်ငန်းများ ဖံွ့ဖြိုးတိုးတက်ရေး၊ ကျေးလက် လူမှုစီးပွားဖံွ့ဖြိုး တိုးတက်ရေး၊ ကျေးလက်စွမ်းအင် ဖံွ့ဖြိုး တိုးတက် ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း၊ အသေးစား ငွေကြေးလုပ်ငန်းသည် ကျေးလက်နေ ပြည်သူ များနှင့် မြို့ပြနေ အခြေခံ ပြည်သူများ လူမှုစီးပွားဘဝမြှင့်တင်ရန် အဓိက ကျသည့် အခြေခံ လုပ်ငန်း ဖြစ်ကြောင်း၊ ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းစီးပွားရေး လုပ်ငန်းများမှာ အရင်းအနှီး မလုံလောက်သည့်အတွက် အတိုးနှုန်းကြီးစွာဖြင့် ပြင်ပမှ ချေးငွေရယူဆောင်ရွက်ရန် ထိုက်သင့်သည့် အကျိုးအမြတ်မရဘဲ မတည်ရင်းနှီးငွေ အခက်အခဲထဲတွင် သံသရာလည် လျက်ရှိကြောင်း၊ ယင်း အခက်အခဲကို သက်သာစေရန် နိုင်ငံတော် အစိုးရ ကိုယ်စား သမဝါယမ ဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ပြောကြား ခဲ့ပါသည်။

ဆက်လက်၍ သမဝါယမ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း ကလည်း အသေးစား ငွေကြေးလုပ်ငန်းသည် ပြည်သူများ လတ်တလော သက်သာချောင်ချိစေရန်အတွက်သာမက နောင်အနာဂတ် ပြည်သူများ၊ မိမိကိုယ်တိုင် ရပ်တည်နိုင်အောင် မျှော်မှန်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ ရရှိသည့် ချေးငွေများကို မိမိတို့ လုပ်ငန်းတွင် မှန်မှန်ကန်ကန် အသုံးပြုရန် လိုအပ်ကြောင်း၊ သတ်မှတ်ကာလရောက်သည့်အခါ ချေးငွေကို မှန်မှန်ကန်ကန်ပြန်ဆပ်ရန် အရေးကြီးကြောင်း၊ တစ်ဦးချင်း တာဝန်ယူမှု၊ အဖွဲ့စနစ်ဖြင့် တာဝန်ယူမှု၊ သမဝါယမ အသင်းများက တာဝန်ယူမှုတို့ဖြင့် ပေါင်းစပ် ဆောင်ရွက်ရန် လိုကြောင်း ပြောကြားပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားပြီး ခရိုင်အလိုက် ပထမအကြိမ် တာဝန်ကျေ ပြန်လည်ပေးဆပ်ပြီး ဒုတိယအကြိမ် ထပ်မံထုတ်ချေးသည့်အသင်း ၄၈၃သင်းအတွက် ပံ့ပိုးချေးငွေ ကျပ် ၁၃၀၂၄ ဒဿမ ၂၅သိန်းနှင့် အသင်းသစ် ၁၂၃၇သင်းအတွက် ပံ့ပိုးချေးငွေ ၄၂၅၈၀ ဒဿမ ၅၀သိန်း၊ စုစုပေါင်း ၅၅၆၀၄ ဒဿမ ၇၅သိန်း ထုတ်ချေးပေးခဲ့ကြောင်း သိရပါသည်။

ထို့နောက် နိုင်ငံတော် သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုဝန်ကြီး များသည် အမျိုးသား ကဇာတ်ရုံ ဝင်းအတွင်း ပြသထားသော လယ်ယာ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ထုတ်ကုန်ပစ္စည်းများ၊ ခေတ်မီလယ် ထွန်စက်များ၊ စပါးအစေ့ချ စိုက်ပျိုးရေး ကရိယာ ပြခန်းများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *