News

ESPN မဂ္ဂဇင်းပါ ဝတ်လစ်စလစ် ဓာတ်ပုံကြောင့် ပိုလန် တင်းနစ်မယ်ကို ကက်သလစ် လူငယ်အဖွဲ့မှ ထုတ်ပယ်

Agnieszka Radwanska

ကမ္ဘာ့နံပါတ်အဆင့် ၄ရှိ နာမည်ကြီး ပိုလန်တင်းနစ်မယ် ရက်ဝန်စကာသည် အမေရိကန် နိုင်ငံထုတ် ESPN မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ်ဖြင့် ဓာတ်ပုံ အရိုက်ခံခဲ့သောကြောင့် ကက်သလစ်လူငယ် လှုပ်ရှားမှုအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရကြောင်း AFP သတင်းတစ်ရပ်အရ သိရသည်။ အသက် ၂၄နှစ်အရွယ်ရှိ ရက်ဝန်စကာသည် ရိုမန်ကက်သလစ်ဘာသာဝင်တစ်ဦး ဖြစ်ပြီး ပိုလန်နိုင်ငံရှိ ကက်သလစ်လူငယ် လှုပ်ရှားမှု အဖွဲ့၏ “I’m not ashamed of Jesus” လှုပ်ရှားမှုတွင် ပါဝင် ဆောင်ရွက်နေသူလည်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ရက်ဝန်စကာသည် ၎င်းအဖွဲ့အတွက် လှုပ်ရှားမှုတစ်ခုအနေဖြင့် “ခရစ်တော်ကို ယုံကြည်ကိုးကွယ်ခြင်းမှာ ရှက်ရွံ့ဖွယ် အပြုအမူ မဟုတ်”ဆိုသည့် ဗီဒီယိုဖိုင်တစ်ခုကို ဖြန့်ချိကာ သူမ၏ ပရိသတ်များအား ခရစ်တော်ကို ယုံကြည်ကိုးကွယ်ရန် တိုက်တွန်း ပြောကြားခဲ့ဖူးသည်။ သို့ရာတွင် ရက်ဝန်စကာ အနေဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက ထုတ်ဝေခဲ့သော ESPN မဂ္ဂဇင်း Body Issueတွင် ရေကူးကန်ဘေး၌ ဝတ်လစ်စလစ်ဖြင့် ရိုက်ထားသော ဓာတ်ပုံ ပါရှိလာသောကြောင့် ယင်းအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကက်သလစ် လူငယ်အဖွဲ့သည် Twitter စာမျက်နှာတွင် Followerလုပ်သူ တစ်သန်းကျော် ရှိသော အဖွဲ့ဖြစ်ပြီး ရက်ဝန်စကာ၏ အရှက်ကင်းမဲ့သော အပြုအမူကြောင့် အဖွဲ့မှ ထုတ်ပယ် ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာခဲ့သည်။

ESPN မဂ္ဂဇင်း၏ အထူးထုတ်ဖြစ်သော ၎င်းစာအုပ်တွင် နာမည်ကြီး အားကစားသမားများ ဖြစ်သည့် ဂရင်းစလင်းချန်ပီယံဆု ကိုးကြိမ် ရရှိဖူးသူ အသက် ၇၇နှစ်အရွယ် ဂေါက်သီးသမား ဂယ်ရီပလေယာနှင့် အခြား ကစားသမားများလည်း ပါဝင်ကြောင်း သိရသည်။ သို့ရာတွင် ပိုလန်နိုင်ငံ၏ လူဦးရေ ၉၀ရာခိုင်နှုန်းကျော်မှာ ဘာသာတရား ယုံကြည်ကိုးကွယ်မှု နက်ရှိုင်းသည့် ရှေးရိုးဆန်သော ရိုမန်ကက်သလစ် ဘာသာဝင်များ ဖြစ်သောကြောင့် ပိုလန်တင်းနစ်မယ် ရက်ဝန်စကာ၏ အထက်ပါ လုပ်ရပ်အား လက်မခံနိုင်ခြင်း ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *