ဗြိတိသျှကောင်စီမှ ကြီးမှူးပြီး စက်တင်ဘာလ ၁၃ နှင့် ၁၄ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Sedona Hotel တွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် ဆရာ/ဆရာမများ၏ နှစ်ပတ်လည်နှီးနှောဖလှယ်ပွဲသို့ အာရှတိုက်အပြင် အခြားသော ဒေသအနှံ့အပြားရှိ ဗြိတိသျှကောင်စီစင်တာများ၊ ဒေသတွင်း တက္ကသိုလ်ကောလိပ်၊ ကျောင်းများ၊ ကမ္ဘာကျော် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများမှ ဆရာ/ဆရာမများ၊ ထရိန်နာများ၊ ပညာရှင်များ၊ သင်ရိုးပြုစုသူ ကျွမ်းကျင်သူများ အတူတကွ တက်ရောက်ကြမည်ဖြစ်ပါသည်။
ကျောင်းသားများ၏ သင်ယူလေ့လာစိတ်ကို နိုးကြားစေပြီး သင်ခန်းစာများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားစေရန် ရေးဆွဲထားသော အင်္ဂလိပ်စာသင်ကြားပို့ချမှုနည်းစနစ် မျိုးစုံလင်စွာ ပါဝင်ပြီး ဆွေးနွေးပွဲ ခေါင်းစဉ်များလည်း မြောက်များစွာပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲပေါင်း ၅၀ ကျော်ကို အဆိုပါ အင်္ဂလိပ်စာသင်ကြားမှု ကျွမ်းကျင်ပညာရှင်များနှင့် ဆရာ/ဆရာမများက ဦးဆောင် ဆွေးနွေးမည်ဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲပေါင်း ၅၀ အပြင် ပြည်တွင်းစာအုပ်အရောင်းဆိုင်များ၊ ပညာရေးကျွမ်းကျင်သူများနှင့် နိုင်ငံတကာပုံနှိပ်ထုတ်ဝေသူများ၏ ပြပွဲနှင့် အရောင်းဆိုင်များလည်း ပါဝင်မည်ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် နှီးနှောဖလှယ်ပွဲ၏ အဓိကခေါင်းစဉ်မှာ “Engage: Making Teaching and Learning More Engaging for All” ဖြစ်ပြီး တက်ရောက် ဆွေးနွေးသူပေါင်း ၄၅၀ ခန့် ပါဝင်ဆင်နွဲမည်ဖြစ်ပါသည်။
ယခုနှစ်၏ အထူးဖိတ်ကြားခံ ဦးဆောင်ဆွေးနွေးသူမှာ အင်္ဂလိပ်စာဆရာ၊ ထရိန်နာ၊ အယ်ဒီတာနှင့် သင်ရိုးပြုသူ စာရေးဆရာဖြစ်သည့်အပြင် Cambridge University Press ၏ Four Corner series ၏ တွဲဖက် ရေးသားပြုစုခဲ့သူ လုပ်သက်၂၅ နှစ်ကျော်ရှိ David Bohlke ဖြစ်ပါသည်။ David သည် ဂျပန်၊ ကိုရီးယား နှင့် မော်ရိုကို နိုင်ငံများရှိ တက္ကသိုလ်၊ ကောလိပ်များ၊ အထက်တန်းကျောင်းများ၊ ဘာသာစကား သင်တန်းကျောင်းများတွင် စာသင်ကြားခဲ့ပြီး အာရှတိုက်၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကတိုက်နှင့် အာဖရိကတိုက်တစ်ခွင်တွင် ဆရာဖြစ်သင်တန်း အလုပ်ရုံ ဆွေးနွေးပွဲမြောက်များစွာ ဦးဆောင်ပို့ချခဲ့သူဖြစ်ပါသည်။
ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie က ၁၅ ကြိမ်မြောက် အင်္ဂလိပ်စာဆရာ/ဆရာမများ၏ နှီးနှောဖလှယ်ပွဲသည် အင်္ဂလိပ်ဘာသာ သင်ကြားရေးနယ်ပယ်မှ ဆရာ/ဆရာမများအတွက် ပြောင်းလဲတိုးတက်နေသော သင်ကြားရေးနည်းစနစ်များကို နှစ်စဉ်လာရောက်လေ့လာရင်း မိမိအရည်အချင်းကို မြှင့်တင်ရန် အရေးပါသည့် ပွဲတစ်ပွဲဖြစ်ကြောင်း ပြောပါသည်။
ဗြိတိသျှကောင်စီ (မြန်မာနိုင်ငံ) ၏ ပညာရေးဌာန ညွှန်ကြားရေးမှူး Susana Galvan ကလည်း မိမိနှင့်အသက်မွေးဝမ်းကြောင်းတူညီသည့် အင်္ဂလိပ်စာလောကသားများအချင်းချင်း အသိဉာဏ်၊ ဗဟုသုတများ၊ အတွေ့အကြုံများ ဖလှယ်ရင်း သင်ကြားမှုနည်းဗျူဟာများကိုလည်း ပိုမိုကျယ်ပြန့်စွာ လေ့လာခွင့်ရစေမည့်နှီးနှောဖလှယ်ပွဲကြီးဖြစ်သည်ဟု ဆိုပါသည်။
ဗြိတိသျှကောင်စီမှ ဆရာဖြစ်လေ့ကျင့်ရေးအစီအစဉ် တာဝန်ခံ Andrea Marsh က လူတိုင်းတွင် ငယ်စဉ်က ကျောင်းသားအဖြစ်နှင့် စာသင်ခန်းထဲတွင် ပြည့်စုံကျနပြီး ကောင်းမွန်စွာ ပြင်ဆင်ထားသော်လည်း အလွန်ပျင်းရိဖွယ်ကောင်းလှသည့် သင်ခန်းစာများကို စိတ်မပါပဲ သင်ခဲ့ရသည့် အချိန်များ ရှိခဲ့ကြောင်း၊ အဲဒီလိုအချိန်တွေမှာ ကျောင်းသားများသည် နိုးနိုးကြားကြားနဲ့ စိတ်ပါလက်ပါ စာလုပ်လိုစိတ် မရှိနိုင်ကြောင်း၊ ဒါကြောင့် ထူးချွန်သည့် စာသင်သားတွေ ဖြစ်မလာနိုင်တော့ကြောင်း၊ ဆရာများသည် ကျောင်းသားတွေ သင်ခန်းစာထဲတွင် စိတ်ဝင်တစားပါဝင်လာစေရန် ပြုလုပ်ပေးရန် တာဝန်ရှိပါကြောင်း၊ သို့မှသာ ၎င်းတို့ရဲ့ လေ့လာရေးစွမ်းရည် မြင့်တက်လာမှာဖြစ်ကြောင်း၊ ဆရာတွေသည် ကျောင်းသားများကို စဉ်းစားတွေးတောရုံ သက်သက်မဟုတ်ပဲ ခံစားနားလည်တတ်ဖို့လည်း အားပေးရမှာဖြစ်ကြောင်း၊ ကျောင်းသားများ စာသင်ခန်းထဲတွင် ပျော်သည်၊ စိတ်လှုပ်ရှားသည်၊ စိန်ခေါ်မှုတွေ ရင်ဆိုင်သည်၊ ရယ်မောသည်၊ စပ်စုတတ်သည် ဆိုတာတွေဖြစ်လာရင် သင်ကြားလေ့လာမှုသည် ပိုမိုကောင်းမွန်လာမှာဖြစ်ကြောင်း ပြောကြားပါသည်။
ဤနှီးနှောဖလှယ်ပွဲကို အဓိကပံ့ပိုးသူမှာ ဗြိတိသျှကောင်စီဖြစ်ပြီး YOMA Strategic Holdings Ltd နှင့် Dulwich Group တို့မှ ပါဝင်ကူညီပံ့ပိုးထားပါသည်။ Dulwich Group မှ ပရောဂျက် ဒါရိုက်တာ Richard Barnard က “British College Yangon သည် ဗြိတိသျှကောင်စီနှင့်အတူ ယခု ၁၅ ကြိမ်မြာက် အင်္ဂလိပ်စာ ဆရာ/ဆရာမများ၏ နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲအား ပံ့ပိုးကူညီခွင့်ရသည်ကို ဂုဏ်ယူမိကြောင်း၊ British College သည် သံလျင်မြို့နယ် Star City အိမ်ယာစီမံကိန်း အတွင်းမှာ တည်ရှိပြီး အထက်တန်း မှ ၁၂ တန်း အထိ သင်ကြားပို့ချမည့် ခေတ်သစ် ဗြိတိသျှ နိုင်ငံတကာပညာရေး အထက်တန်းကျောင်း ဖြစ်ကြောင်း၊ British College ကို Dulwich College International က စီမံအုပ်ချုပ်ပြီး အာရှတိုက်တခွင်မှာလည်း One college, many campuses ဆိုသည့် ဆောင်ပိုဒ်နှင့် အညီ ကျောင်းခွဲများစွာ ဖွင့်လှစ်ထားကြောင်း၊ ယခုကဲ့သို့ အရည်အသွေးပြည့်သည့် အပြည်ပြည်ဆိုင်ရာ ပညာရေးအား လိုအပ်ချက်တိုးမြင့်လာသည့် အချိန်မှာ မြန်မာပြည်ကို ဝင်ခွင့်ရသည့်အတွက် စိတ်လှုပ်ရှားမိကြောင်း၊ ၎င်းတို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံ ပညာရေးအသိုင်းအဝိုင်းနှင့် အတူတကွ ပူးပေါင်းလုပ်ကိုင်ပြီး ဆရာ/ဆရာမများ၊ ကျောင်းသားများ ထူးချွန်လာစေရန် အခွင့်အရေးများ ဖန်တီးပေးဖို့ ဖြစ်ကြောင်း၊ ဤဖလှယ်ပွဲမှာ မြန်မာနိုင်ငံတစ်လွှားမှ ဆရာ/ဆရာမများနှင့် အတွေ့အကြုံဖလှယ်ရင်း သင်ပေးသင်ယူ ပြုလုပ်ရန် ဆန္ဒရှိပါကြောင်း ပြောကြားပါသည်။
ဤပွဲသို့ တက်ရောက်လိုသော အင်္ဂလိပ်စာ ဆရာ/ဆရာမများသည် သြဂုတ်လ ၁၈ ရက်နေ့ မှ ၂၂ ရက်နေ့ အတွင်း အမှတ် ၇၈ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီတွင် လာရောက် စာရင်းပေးသွင်း နိုင်ပါသည်။ နှီးနှောဖလှယ်ပွဲသို့ နှစ်ရက်တာ တက်ရောက်ရန် ငွေ ခြောက်သောင်း ကျသင့်မည်ဖြစ်ပြီး တက်ရောက် သူများအား ၂ ရက်လုံးတွင် နေ့လည်စာနှင့် ကော်ဖီ မုန့်များနှင့် တည်ခင်း ကျွေးမွေးမည်ဖြစ်ကာ ၂ ရက်လုံး မပျက်မကွက် တက်ရောက်သူများအား တက်ရောက်ကြောင်းလက်မှတ် Certificate of Attendance ပေးသွားမည် ဖြစ်ပါသည်။
Registration Form ကို ဗြိတိသျှကောင်စီ ဝက်ဘ်ဆိုဒ်တွင် download ရယူနိုင်ပြီး ဖြည့်ပြီးသား Form များကို သြဂုတ်လ ၁၈ ရက်မှ ၂၂ ရက်အတွင်း ဗြိတိသျှကောင်စီသို့ နံနက် ၉ : ၃၀ မှ ညနေ ၄ : ၃၀ အတွင်း အရောက်ပို့ပေးရမည် ဖြစ်ပါသည်။ တက်ရောက်သူ အယောက် ၃၅၀ သာ လက်ခံမည်ဖြစ်ကာ သြဂုတ်လ ၂၂ ရက်နေ့ မတိုင်မီ လူပြည့်သွားပါက Form လက်ခံခြင်းကို ရပ်နားမည် ဖြစ်ပါသည်။
ဤပွဲနှင့်ပတ်သက်၍ အပြည့်အစုံသိလိုပါက အမှတ် ၇၈ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီသို့ လူကိုယ်တိုင်သော်၎င်း၊ တယ်လီဖုန်းနံပါတ် ၂၅၄၆၅၈၊ ၂၅၆၂၉၀ သို့မဟုတ် ၂၅၆၂၉၁ တို့ကို ဆက်သွယ်၍သော်၎င်း၊ [email protected] သို့ email ပို့၍သော်၎င်း www.facebook.com/BritishCouncilMyanmar မှ တဆင့် message ပို့၍သော်၎င်း မေးမြန်း စုံစမ်းနိုင်ပါသည်။