News, Opinion

အလိုက်ကမ်းဆိုးမသိ

အလိုက် ကမ်းဆိုးမသိ

“လောကမှာ မရှိတာထက် မသိတာခက်တယ်ဆိုတဲ့စကား သိပ်မှန်တာပဲဗျာ”

ကွန်ပျူတာဆိုင်က ကိုဘအေးပြန်အလာ လမ်းထိပ်မှာ အသိမိတ်ဆွေဖြစ်သူ ကိုမြင့်အောင်နဲ့ တွေ့လို့ နီးစပ်ရာ လ္ဘက်ရည်ဆိုင်ကိုဝင်လိုက်ပြီး စားပွဲမှာထိုင်ထိုင်ချင်းပဲ သူက စကားစလာတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခံစားချက်ဖြစ်တဲ့ ဝမ်းသာစရာဖြစ်ဖြစ်၊ ဝမ်းနည်းစရာဖြစ်ဖြစ် ကျေနပ်စရာဖြစ်ဖြစ် မကျေနပ်စရာဖြစ်ဖြစ် စတာနဲ့ ပတ်သက်လို့ တစ်စုံတစ်ယောက်ကို ရင်ဖွင့်လိုက်ချင်တာ သဘာဝပါ။ အဲဒီအခါ ရင်ထဲမှာ ခံစားနေရတာတွေဟာ လျော့ပါးသက်သာသွားတတ်ပါတယ်။ ဝမ်းသာစရာကိစ္စဆိုရင် လူ့သဘာဝအရ မျှဝေချင်တယ်။ (တချို့က ကြွားတယ်လို့ထင်တယ်) ဥပမာပေါ့ဗျာ- ကျွန်တော်သမီးလေး ဒီနှစ်ဆယ်တန်းအောင်တယ်၊ ဂုဏ်ထူးလေးဘာသာတောင်ပါတယ်- ဆိုတာမျိုးပေါ့။ဘာဖြစ်လဲ၊ ဝမ်းသာပေးလိုက်ပါ။ ကိုယ့်အတွက် အပန်းမကြီးပါဘူး။ မုဒိတာ ပွါးပေးလိုက်ပါ။

အေးဗျာ- ဝမ်းသာပါတယ်၊ ဂုဏ်ထူးလေးဘာသာတောင်ဆိုတော့ တော်တာပေါ့ဗျာ။ အဲဒီလိုလေးပေါ့။ နောက်တစ်ခါ ဝမ်းနည်းစရာကိစ္စဖြစ်ဖြစ်၊ မကျေနပ်စရာ ကိစ္စဖြစ်ဖြစ် ပြောချင်တယ်ဆိုရင် မျှဝေခံစားပေးလိုက်ပါ။ စိတ်မကောင်းပါဘူးဗျာ၊ အဲဒီလိုတော့ ဘယ်ကောင်းမလဲ- စသဖြင့်ပေါ့။ နောက်တစ်ခုက သူသိလာတဲ့ကိစ္စလေး၊ အဖြစ်အပျက်လေး တစ်ခုခုပေါ့။ သူများတွေလဲ မသိသေးဘူးထင်တယ်။ အဲဒါကို သူပြောချင်တယ်၊ ကိုယ်သိပြီးသားဖြစ်ချင်လဲ ဖြစ်မယ် နားထောင် ပေးလိုက်ပါ။ သူများအကြောင်းဆိုတော့ အတင်းလဲဖြစ်ချင် ဖြစ်မယ်။ အမနာပပြောတာဆိုရင်တော့ ဒီဘက်နားကဝင်၊ ဟိုဘက်နားက ထွက်လိုက်ပေါ့။ ကိုဘအေး သိသလောက်တော့ ကိုမြင့်အောင်က အဲဒီလိုသူများ အတင်းပြောမယ့် လူစားမျိုးတော့မဟုတ်ဘူး။ သူတော်တော်လေး မကျေမနပ် ဖြစ်လာလို့နေမှာ၊  ဒါနဲ့ ကိုဘအေးက စကားထောက်ပေးလိုက်ပါတယ်။
“ပြောပါအုံးဗျာ၊ ဘယ်သူတွေက မရှိလို့၊ ဘယ်သူတွေက မသိတာလဲဆိုတာ”
“ဘယ်သူရှိရအုံးမလဲဗျာ၊ ကြီးကျယ်မြင့်မြတ်တော်မူသော ယောက်ဖတော်ပေါ့”
ကိုမြင့်အောင်ရဲ့ စကားမှာက အငေါ်တူးသံလေးပါနေတယ်။ “နေရာတကာမှာ သူသိတယ်၊ သူတတ်တယ်၊ သူကဆရာကြီး သိပ်လုပ်ချင်တယ်။ လမ်းထဲက ဓမ္မာရုံမှာ သူကအတွင်းရေးမှူး တာဝန်ယူထားတာ၊ ဝါတွင်းဆွမ်းပတ်အတွက် အလှူခံကတ်ပြားမှာ ဥက္ကဌရယ်၊ အတွင်းရေးမှူးရယ်၊ ဘဏ္ဍာရေးမှူးရယ်က လက်မှတ်ထိုးရတယ်။ သူက သူ့လက်မှတ်ကို ဆရာထွန်းဆိုပြီး၊ တံဆိပ်တုန်းလုပ်ထားတယ်။ ဓမ္မာရုံအတွင်းရေးမှူးတာဝန် ယူထားပေမယ့်၊ ခုနောက်ပိုင်းမှာ အလုပ်များတယ် အကြောင်းပြပြီး ဓမ္မာရုံကိစ္စမှာ သိပ်ပါနိုင်၊ သိပ်မလုပ်နိုင်ပါဘူး။ အလှူခံထွက်တာက အစပေါ့။ ပြီးခဲ့တဲ့ တနင်္ဂနွေ အာရုံဆွမ်းပတ်တောင် ထလောင်းတာမတွေ့ဘူး။ ကျွန်တော့် သဘောကတော့ ကိုယ်မလုပ်နိုင်ဘူးဆိုလဲ သူများလွှဲလိုက်ပေါ့နော်။ အဲဒီလိုလဲ သူက ဒီရာထူးကို မစွန့်နိုင်ဘူး။ ကျွန်တော်ပြောချင်တာက ဒီအကြောင်းတွေတော့ မဟုတ်ပါဘူး။ ကြုံတာနဲ့ ပြောပြတာ”

ကိုမြင့်အောင်ရဲ့ ကြုံလို့ပြောတာက တော်တော်ရှည်သွားတယ်။ ကဲ- ဒီလိုဆိုလဲ မကြုံပဲနဲ့ ပြောချင်တဲ့ သူ့အကြောင်းကို ဆက်ပါအုံးလို့ ကိုဘအေးက ဆိုလိုက်တော့ ……ဒီလိုဗျ ဆိုပြီး အကြောင်းစုံကို ဆက်ပါတယ်။

“ကွယ်ရာပြောတော့ အတင်းလို့ဆိုတယ်ဗျ။ အတင်းလို့ပဲ ထားချင်လဲ ထားလိုက်ပါ။ ကျွန်တော်လဲ ပြောစရာဆိုလို့ အကိုတစ်ယောက်ပဲ ရှိပါတယ်”
“ဟုတ်ပါပြီဗျာ၊ ကျွန်တော်လဲ နားထောင်ဖို့ အသင့်ပါပဲ။ လ္ဘက်ရည်လေး အရင်မော့လိုက်အုံး အေးတောင်အေးနေပြီ”

ကိုမြင့်အောင်လည်း လ္ဘက်ရည်ကို တစ်ကျိုက်ထဲ မော့ချလိုက်ပြီး ဖြစ်ကြောင်းရယ်ကုန်စင် ပြောပါတော့တယ်။ တစ်ညမှာ သူ့ယောက်ဖက မိုးချုပ်မှ ပြန်လာတဲ့အကြောင်း၊ ဘယ်အချိန်လောက် ရှိပြီလဲတော့မသိဘူး။ ကျွန်တော်တို့ကတော့ အိပ်နေပြီ။ သူက စောစောပြန်လာလဲ ထမင်းစားပြန် ထွက်သွားပြီးရင် မိုးချုပ်မှ ပြန်လာတတ်တယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက သူတို့အိမ်သားတွေက (လူကြီးတွေတော့ မဟုတ်ဘူးပေါ့ဗျာ၊ လူကြီးတွေက ညဉ့်နက်အောင်နေကြတာ မဟုတ်ဘူး၊ စောစောအိပ်ကြတာ၊ လူငယ်တွေကိုပြောတာ)၊ ဟိုတုန်းကတည်းက ညဉ့်နက်သန်းခေါင်ကျော် ဝင်ချင်တဲ့အချိန်ဝင် ထွက်ချင်တဲ့အချိန်ထွက်၊ စည်းကမ်းမထားဘူး။ အိမ်ရှေ့တံခါးကို ဂျက်တော့ ထိုးထားတယ်။ ဒါပေမယ့် သံဇကာပေါက်ကနေ လက်လျှိုပြီးတော့ ဖွင့်လို့ရတယ်။ ကျွန်တော် ဆရာမနဲ့ရပြီးတော့ သူတို့ အိမ်ကိုသွားလည်တုန်းက တွေ့ဖူးတာ။ အဲဒီစနစ်က အခုထိ ဒီအတိုင်း ကျင့်သုံးနေဆဲပဲ။ ဝင်ချင်တဲ့အချိန်ဝင်၊ ထွက်ချိန်တဲ့အချိန်ထွက်ဆိုတော့ ညဖက်မှာသော့ ခတ်ထားလို့လဲမရဘူး။ ဂျက်ထိုးထားတာလဲ အပေါ်ဂျက်ဆိုတော့ အပြင်ကတံခါးကို ဆွဲလိုက်ရင် ဂျက်ကပြုတ်ကျပြီး ပွင့်သွားတယ်။ တစ်ခါတစ်လေ အချိန်မတော်ကြီး အပြင်ထွက်သွားကြရင် အတွင်းကတံခါးက ပိတ်မယ့်သူမရှိတော့ တံခါးက ဒီအတိုင်းစေ့ထားလျက်ပဲ။ ဘယ်သူကရော ထပိတ်နိုင်မလဲ။ သူတို့ ဝင်ချင်တိုင်း၊ ထွက်ချင်တိုင်းကို၊ ကျွန်တော်တို့အိမ်က သူခိုးခိုးချင်ရင် အလွယ်လေးရယ်။ ခုရက်ပိုင်းက ကမ္ဘာ့ဖလားပွဲတွေရှိတော့ ပိုဆိုးတာပေါ့။ မနက်သုံးနာရီ လေးနာရီမှ ပြန်လာကြတာ။ အဲဒီလိုပေါ့ဗျာ။

အဲဒီနေ့က ဟိုကောင် (သူ့ယောက်ဖကို ပြောတာ) ဘယ်အချိန် ပြန်လာသလဲဆိုတာတော့ ကျွန်တော်တို့ မသိဘူး။ ဖုန်းသံကြားလို့ နိုးလာပြီး အိပ်ယာဘေးက စားပွဲတင်နာရီကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့(၂)နာရီ အဲမနက် ၂နာရီပဲ ပြောရမလားရှိနေပြီ။ နောက်တော့ ဖုန်းလာတာ မဟုတ်ဘူး။ ဒီကောင်က ဧည့်ခန်းမှာ ထိုင်ပြီး ဖုန်းကိုကလိနေတာ။ Ringtone တွေ လျှောက်နှိပ်နေတာ။ သူများတွေ အိပ်နေတယ်ဘာတယ်မသိဘူး၊ သူနားမလည်ဘူး၊ သူလုပ်ချင်တာကို လုပ်တယ်။ ပြီးရင် အဲဒီအချိန်ကြီးမှာ သူများတွေဆီ ဖုန်းလျှောက်ဆက်ပြီး ဖုန်းခေါ်နေပြီဆိုရင် မပြောပဲ ပြန်ချထားလိုက်တယ်။ တစ်ဖက်က အရေးကြီးတဲ့ ဖုန်းလားဟဲ့ ဘာလားဟဲ့ဆိုပြီး ပြန်ခေါ်တော့ ကျွန်တော်က အိပ်တောင် အိပ်နေပြီ၊ ဖုန်းလာလို့ လန့်နိုးသွားတယ် ဘာတယ်နဲ့ မဟုတ်တာက ပြောသေးတယ်။ ဒါဟာ တစ်နည်းအားဖြင့် သူများကို စိတ်အနှောက်အယှက် ပေးတာပဲ။ ကလိန်ကကျစ် များလွန်းလို့ သူပြောတဲ့စကားဆိုရင် သူ့အမတွေက အယုံအကြည်ကို မရှိဘူး။ တစ်ချိန်တုန်းက ကလိန်ကျစ်လုပ်ခဲ့ပြီး ထွက်တောင်ပြေးနေရတယ်လို့ သိရတယ်။အိမ်မှာလာပြီးပုန်းနေတာ၊ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲဘူး။ ဒါကလည်း ယောက္ခမ အဖိုးကြီးဆုံးသွားပြီးတော့မှ အိမ်ကိုလာရဲတာ။ အဖိုးကြီးရှိတုန်းကဆိုရင် အိမ်မှာ ကြာကြာ မနေရဘူး။ မင်းပြန်တော့ဆိုပြီး မောင်းထုတ်နေတာ။ ဒီကောင့် အကြောင်းကိုသိတယ်လေ။ အခုတော့ အဖိုးကြီးလည်းမရှိရော မိန်းမနဲ့ကွဲလာတယ်၊ သံယောဇဉ်ပြတ်ပါပြီဆိုပြီး အိမ်ပေါ်ကို တက်လာတာ။ ဒါပေမယ့် မိန်းမနဲ့ ပြန်ဆက်မဆက်တော့ မသိဘူး။ သားသမီးတွေနဲ့တော့ အဆက်အသွယ်ရှိတယ်။ သူ့အိမ်မှာ လာနေနေ မနေနေ ရသင့်တဲ့အမွေကတော့ ရမှာပါ မဟုတ်ဘူးလား။ လာနေပြီတော့ ကောင်းကောင်းမနေဘဲ အနှောက်အယှက်ပေးနေတာက ခက်တယ်။

ကိုမြင့်အောင်လည်း ယောက်ဖအပေါ် တော်တော် မကျေနပ်ချက်တွေ များတယ်ထင်ပါတယ်။ သူ့ရင်ဖွင့်တာက မဆုံးသေးဘူး။ နောက်တစ်ခု ခံပြင်းတာ ပြောဦးမယ်ဆိုပြီး စကားဆက် ပြန်ပါတယ်။

ဒီကောင် အခုကိုင်တဲ့ ဟန်းဆက်က ကျွန်တော်တို့ဟာ။ အမျိုးသမီးကျောင်းက CDMA 1500 တန်မဲပေါက်တော့ ဝယ်ခဲ့တာ။ ငွေထပ်မဖြည့်မိလို့ ပိတ်လိုက်တော့ ပြန်လျှောက်ရတာ အလုပ်ရှုပ်တယ်ဆိုပြီး ဆင်းမ်ကတ်ကို ရောင်းပစ်လိုက်တော့ ဟန်းဆက်က ကျန်ခဲ့တာ။ အိမ်ကတူ အကြီးကောင်က လမ်းထဲမှာ မဲပေါက်တာကို ရှစ်သောင်းခွဲနဲ့ ပြန်ရောင်းလို့ (အဲဒီတုန်းက ဈေးရတယ်။ ကျွန်တော်တို့ ဆင်းမ်ကတ်ကို နှစ်သောင်းထဲနဲ့ ပြန်ရောင်းလိုက်တာ) ဒီကောင် (ယောက်ဖ) ပြန်ယူတော့ ကျွန်တော်တို့ကလည်း ဟန်းဆက်ပိုနေတော့ ငါးသောင်း ရှစ်ထောင်နဲ့ဝယ်ထားတာကို ငါးသောင်းဘဲပေးဆိုပြီး ပြန်ရောင်းလိုက်တာ။ ခလုတ်နဲ့ ဟွာဝေးဟန်းဆက်ပါ။ အင်တာနက်လည်းရတယ်။ ဟန်းဆက်ဖိုးကို နှစ်သောင်းအရင်ပေးထားတယ်။ အဲဒါ တစ်လလောက်လဲ ကိုင်ပြီးရော  ကျွန်တော်တို့ ဟန်းဆက်က ၁နှိပ်ရင် ၂ပေါ်တယ်၊ ၃နှိပ်ရင် ၄ပေါ်တယ်၊ ပြီတော့ ဟွာဝေး အတုကြီး တရုတ်ကြီးပေါ့၊ ကကျီကဂျောင် လုပ်လာတယ်။ ကျွန်တော်တို့ကလည်း ကိုယ့်မှာလဲ သုံးစရာ မရှိတော့ ပြန်မယူချင်တော့ဘူး။ လမ်းထဲကလည်း မဲကမပေါက်ဘူ။ အဲဒီတော့ ကျွန်တော်တို့က ဒီဟန်းဆက်ကို ပြန်မယူတော့ဘူး။ ပထမပေးထားတဲ့ ဟန်းဆက်ဖိုး နှစ်သောင်းအပြင် ထပ်မပေးနဲ့တော့ဆိုပြီး ထားလိုက်တော့တယ်။ သူနဲ့စကားလဲ သိပ်များများ မပြောချင်ဘူးလေ။ အဲဒီ ဟန်းဆက်က အခုထက်ထိ သူကိုင်နေတဲ့ ကလိနေတဲ့ဟန်းဆက်ပဲ။ ခြောက်သောင်းနီးပါးလောက် တန်တဲ့ဟာကို နှစ်သောင်းထဲနဲ့ရအောင် ကလိန်ကကျစ် လုပ်သွားတာပြောပါတယ်။

ကိုမြင့်အောင်ရဲ့ ယောက်ဖဋီကာက မဆုံးသေးဘူး။ ဆက်လက်ပြီးနားဆင်……အဲ- ဖတ်ရှု ကြပါဦးခင်ဗျ။

အဲဒီ ဖုန်းပဲပေါ့။ ဟိုတလောက အရက်ဆိုင်မှာ သူများကယူပြီး လွှင့်ပစ်လိုက်တယ်လို့ အိမ်ကတူအငယ်ကောင်ကို ပြောနေသံကြားတယ်။ ဒီလိုပဲပေါ့၊ ဖုန်းက ringtone တွေကို လျှောက်ကလိနေတာ နားကြားပြင်းကတ်တဲ့သူက ယူပြီးလွှင့်ပစ်လိုက်မှာပေါ့။ အဲဒီမှာတော့ သူဘာမှပြန်မပြောရဲဘူး။ အိမ်ကျမှ ငါဘယ်သူသား ဘယ်ဝါသားဆိုပြီးတော့ လေပြန်ကျယ်နေတယ်။ တကယ်တမ်းကျတော့ ဒီကောင်က သတ္တိရှိတာမဟုတ်ဘူး။ မူးလာရင်သာ ဂျိုးပြော မိုးပြော ပြောတတ်တာ။ ဖုန်းက ဘာမှမဖြစ်ဘူးထင်ပါတယ်။ အခုပြန်ကိုင်နေတာ တွေ့ရတယ်။ ဒီကောင် ဖုန်းတစ်လုံးရတာက မျောက်အုံးသီးရသလိုပဲ။ ဒါပေမယ့် အချိန်နဲ့နေရာနဲ့ မကြည့်တတ်တာ၊ မသိတတ်တာခက်တယ်။

ကိုဘအေးလည်း ရေနွေးကြမ်းတစ်ခွက်ငှဲ့ထည့်ကာ အစကတည်းက တစ်ဝက်လောက်ပဲပါလို့ ကုန်သွားတဲ့ဓာတ်ဘူးကို မြှောက်ပြလိုက်ရင်း စားပွဲထိုးလေးကို ရေနွေးကြမ်း တစ်အိုးထပ်မှာ လိုက်ပြီး ဆက်ပြီးနားထောင်နေလိုက်တယ်။

အဲဒီလိုပေါ့ဗျာ၊ အဲဒီနေ့ညက ဖုန်းသံကြားလို့ ကျွန်တော်လဲ ကျွန်တော်တင်မကပါဘူး၊ မိန်းမနဲ့ သမီးပါနိုးလာကြပြီးတော့ ကျွန်တော်လည်း ဒေါသတော်တော် ထွက်သွားတယ်။ ညကြီး မင်းကြီးကို ဖုန်းကိုထိုင်ပြီး ကလိနေတာ။ နောက်ဖေးထပ်ခိုးက မရီးတို့ရောပေါ့ (ဘေးခန်းက ဆရာမတို့ကလည်း နိုးကြမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကိုဖိုးထွန်းတို့က ညဘက်တော်တော်နဲ့ မအိပ်ကြဘူးနော်လို့ ပြောဘူးတယ်၊ အားနာဖို့ကောင်းတာပေါ့) ဒါနဲ့ ကျွန်တော်လဲ အပေါ်ထပ်ကနေ   ကြမ်းပြင်ကို ဝုန်း၊ ဒိုင်းနဲ့ထုပြီးတော့ အောက်ကိုဆင်းလိုက်တယ်။ ဘယ်အချိန်ရှိနေပြီလဲ။ လူလိုလဲ သိတတ်ကြဦး။သူများတွေကိုလည်း အားနာဖို့ကောင်းတယ်။ လူတွေ အိပ်နေတဲ့အချိန် မအိပ်နိုင်သေးရင်လဲ လမ်းမထွက်နေကြဆိုပြီး ပြောလိုက်တယ်။ ဒီကောင်က အဲဒီလိုအမြဲလုပ်နေကျ။ အဲဒီနေ့ကတော့ တော်တော်လည်း ညဉ့်နက်နေပြီမို့လို့ပါ၊ ကျွန်တော်လည်း  အပေါ်ထပ်ပြန်တတ်ပြီး အိပ်တာတောင် ဒေါသက အရှိန်မပြေသေးလို့ တော်တော်နဲ့ ပြန်ပြီး အိပ်မပျော်ဘူး။ ဒီကောင်တွေက (တူအကြီးကောင်နဲ့ အငယ်ကောင်လဲ ပါတယ်) ညဉ့်နက်သန်းခေါင်မှ ပြန်လာကြတယ်။  အဲဒီအချိန်ကျမှ အိုးတွေခွက်တွေလှန်လှောပြီး ထမင်းစားကြတယ်။ စကားတွေပြောနေကြတယ်။ ကျွန်တော်က အအိပ်ဆတ်တော့ နိုးလာတာပဲ မရဘူး။ မိန်းမနဲ့ သမီးက မနက်ပိုင်းကျောင်းဆိုတော့ မိန်းမက မနက်သုံးနာရီထပြီး  ချက်ရပြုတ်ရတာ နာရီကို alarm ပေးထားပြီးတော့ ၃နာရီမှာ မိန်းမကို တစ်ခါနှိုး၊ ၅နာရီမှာ သမီးကို တစ်ခါနှိုး၊ မနက်စောစောထကြရတော့ ကျွန်တော်တို့က စောစောအိပ်ကြတယ်။ စောစောဆိုတာလဲ သိပ်အစောကြီးတော့ မဟုတ်ပါဘူး။ မိန်းမကတော့ ၁၀နာရီဆို အိပ်တယ်။ ကျွန်တော်ကတော့ သမီးစာကျက်နေတာကို စောင့်နေပေးပြီး (သူစာပြန်တာကို ကြည့်ပေးရတာ) ၁၀နာရီခွဲ လောက်ကို အိပ်ကြတယ်။ တစ်ခါတစ်လေလဲ အိပ်ရာဝင်ချိန်က ၁၁နာရီထိုးသွာတယ်။ အဲဒီတော့ အိပ်ရတဲ့ အချိန်လေးကို အေးအေးဆေးဆေး အနှောက်အယှက်ကင်းကင်းနဲ့ နှစ်နှစ်ခြိုက်ခြိုက်လေး အိပ်ချင်တယ်။ အဲဒီလိုမဟုတ်တဲ့အခါကျတော့ ကိုယ်က ဒေါသထွက်မိရော စိတ်တိုမိရော၊ မကောင်းဘူးပေါ့။

တစ်ခါတုန်းက ခင်ဗျားပြောဘူးတယ်။ TV remote တွေသိမ်းထားရတယ်ဆိုတာ။

ဟုတ်တယ်ဗျ။ ကျွန်တော်တို့ဒီမှာ အတူလာမနေခင်တုန်းက မရီးတို့ TV က ဧည့်ခန်းမှာ ရှိတာ။ ညဘက်ကျရင် ဒီကောင်က မအိပ်သေးပဲနဲ့ ဟိုလိုင်းပြောင်းလိုက် ဒီလိုင်းပြောင်းလိုက်နဲ့ TV နဲ့ အောက်စက်ကို ကလိနေတာလို့ပြောဖူးတော့ ကျွန်တော်တို့လည်း ကျွန်တော်တို့အိပ်ရင် တီဗွီ ရီမုတ်တွေကို သိမ်းသွားရတယ်၊ နို့မဟုတ်ရင် ကိုယ်တွေလည်း အနှောက်အယှက်ဖြစ်၊ အိမ်နီးပါးချင်းတွေလည်း အားနာဖို့ကောင်းတယ်။ ကျွန်တော်တို့ရောက်တော့ မရီးတို့က သူတို့ TVကို သူတို့နောက်ဖေးထပ်ခိုးမှာ ယူထားလိုက်တယ်။ ကျွန်တော်တို့ TV ကိုပဲ ဧည့်ခန်းမှာ ထားလိုက်တာလေ။ အဲဒီတော့ ညကျရင် သူများတွေ အိပ်နေမှန်း ဘာမှန်းမသိ၊ TV ကို လျှောက်ကလိနေမှာ စိုးလို့ remote တွေကို သိမ်းထားရတာ။ နောက်ပြီးတော့ ကျွန်တော်တို့က 5 Net work တပ်ထားတော့ တီဗွီလိုင်းက စုံတယ်လေ။ အဲဒါ သူက လိုင်းတွေ တစ်ခုပြီးတစ်ခု ပြောင်းပြီး ကြည့် နေမှာ၊သမီးကလဲ စက်ပျက်သွားမှာလဲစိုးတယ်။ ဒါ့ကြောင့် ရီမုတ်တွေကို သိမ်းထားရတာ။ ဒီကောင်က ညကျတော်တော်နဲ့ မအိပ်ဘူး။ ဟိုလျှောက်လုပ် ဒီလျှောက်လုပ်နဲ့။ တစ်ခါတစ်လေကျရင် သူကအစောကြီး ဝင်အိပ်နေတယ်။ ကျွန်တော်တို့ အပေါ်တက်အိပ်တာနဲ့ သူထလာပြီး အဲဒါ လုပ်ချင်ရာလျှောက်လုပ်တာ။ ကျွန်တော်ထပြီး သောင်းကျန်းလိုက်လို့ အခုနောက်ပိုင်းတော့ ငြိမ်နေတယ်၊ မအိပ်သေးလဲ သတင်းစာတို့ ဘာတို့ ထိုင်ဖတ်နေတယ်။ သိပ်ပြီး ဆူဆူညံညံ မလုပ်တော့ဘူး။ ကျွန်တော်တို့လည်း တတ်နိုင်သမျှတော့ သည်းခံပြီး နေလိုက်တယ်ဗျာ။ ကန်တရိုက်တိုက်စဖြစ်ရင်တော့ ကိုယ့်ဖာသာ သပ်သပ်အိမ်ငှားပြီးနေဖို့ စိတ်ကူးတယ်။ တစ်နှစ် လောက်တော့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနေရမယ်။ ဒီကြားထဲမှာ ထီလေးဘာလေးပေါက် ပြီးတော့ တိုက်ခန်းလေး ဘာလေးဝယ်နေနိုင်ရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ- ဟဲ ဟဲ။

ကိုမြင့်အောင်လဲ သူဟာသူပြောပြီး ရယ်နေတယ်။ ကိုဘအေးလည်း စဉ်းစားကြည့်ပါတယ်။ ကိုယ့်ကြောင့် သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်တာ၊ စိတ်မချမ်းမသာဖြစ်ရတာ မကောင်းပါဘူးလို့။ မသိတတ်တာပေါ့နော်။ ဒါ့ကြောင့် အစမှာ ကိုမြင့်အောင်က မရှိတာထက်၊ မသိတာခက်တယ်လို့ ပြောတာ။ အလိုက်ကမ်းဆိုး မသိတတ်တာပေါ့။ တချို့လူတွေရှိတယ်လေ၊ သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ နားထောင်ချင်မှန်း နားမထောင်ချင်မှန်းမသိ၊  သူလုပ်ချင်ရာ ပြောချင်ရာ လုပ်တတ်တဲ့ လူစားမျိုးတွေရှိတယ်။

ကိုဘအေးကြားဖူးတဲ့ ငါးရာငါးဆယ်နိပါတ်တော် ဇာတ်ဝတ္ထုလေးတစ်ပုဒ်ရှိတယ်။ အကာလ ရဝိဇာတ်တဲ့။ အချိန်အခါမဟုတ် ထ, ထတွန်တတ်တဲ့ ကြက်ကြောင့် စာသင်သားတို့ အလုပ်အကိုင် ပျက်ကြတဲ့အတွက် လည်လိမ်သတ်ဖြတ်လိုက်တဲ့ အကြောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကို အကျဉ်းချုပ်တင်ပြပါမယ်။
လူ၊ နတ်၊ ဗြဟ္မာတို့ရဲ့ ဆရာအရှင်ဖြစ်တော်မူတဲ့ မြတ်စွာဘုရားရှင်ဟာ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးနေစဉ်က ဖြစ်ပါတယ်။ သာဝတ္ထိသား ရဟန်းတစ်ပါးဟာ ဝတ်ကြီး ဝတ်ငယ်ပြုရမယ့်အချိန်၊ ကျမ်းဂန်စာပေ သင်ကြားရမယ့် အချိန်တွေကို လုံးဝမသိ၊ ဂရုမစိုက်ဘဲ တစ်ညလုံး အိပ်မောကျနေလေ့ရှိတယ်။ အိပ်ရာကနိုးတိုင်း နိုးတိုင်းလည်း ကျယ်ကျယ်လောင်လောင် အော်ဟစ်လေ့ရှိတယ်။ ဒီအခါ သီတင်းသုံးဖော် ရဟန်းတွေဟာ သူ့ကြောင့် အိပ်ရေးပျက်ကုန်ကြတယ်တဲ့။

ရဟန်းတွေဟာ ဒီအကျင့်ပျက်ရဟန်းအကြောင်းကို တရားသဘင်မှာ စုဝေးပြောဆိုကြတဲ့ အဖြစ်ကို ဘုရားရှင် သိတော်မူတဲ့အခါ “ရဟန်းတို့ …..အဆိုပါရဟန်းအား ယခုအခါ၌ သာလျှင် အခါမဲ့သည့်အချိန်၌ ကျယ်လောင်သော အသံကို ပြုတတ်သည်မဟုတ်။ ရှေးအခါကလည်း  အခါမဟုတ်သည့်အချိန်၌ အသံပြုဖူးပြီ။ သည့်အတွက်ကြောင့်ပင် လည်လိမ်ညှစ်သတ်ခြင်းခံရကာ အသက်ဆုံးခဲ့ဖူးလေပြီ” လို့ မိန့်ကြားကာ အတိတ်ဇာတ်ကို ဆောင်တော်မူပါတယ်။

ရှေးသရောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်းကြီး စိုးစံသည်ရှိသော်…ပေါ့ဗျာ။ ဥဒိစ္စမျိုးရိုးမှာ ပေါက်ဖွားတဲ့ ပုဏ္ဏားလုလင်ဟာ အရွယ်ရောက်လာတဲ့အခါ အဋ္ဌာရဿ ဆယ့်ရှစ်ရပ်တို့ကို သင်ယူတတ်မြောက်ပြီးတော့ တက္ကသိုလ်ပြည်မှာ ဒီသာပါမောက္ခ ဆရာကြီးအဖြစ်နဲ့ တပည့်လုလင်ငါးရာတို့ကို အတတ်ပညာရပ်များ သင်ကြားပို့ချပေးနေတယ်။ သူ့ရဲ့တပည့်  ငါးရာတို့မှာ အချိန်မှန်မှန်တွန်တတ်တဲ့ ကြက်တစ်ကောင်ရှိတယ်။ အဲ့ဒီကြက်တွန်သံကို ကြားရင် အိပ်ရာမှ လျင်စွာထကာ ကိုယ်လက်သန့်ရှင်းမှုများ ပြုလုပ်ပြီး နောက်အတတ်ပညာရပ်များကို လေ့လာသင်ယူကြကုန်တယ်။

တစ်နေ့မှာ အဲဒီကြက်က သေဆုံးသွားတဲ့အတွက် အခြားကြက်တစ်ကောင်ကို ရှာကြတဲ့အခါ လုလင်တစ်ယောက်က သုဿာန်တောအုပ်မှာ ထင်းခွေသွားရင်းတွေ့တဲ့ ကြက်တစ်ကောင်ကို ဖမ်းယူခဲ့ပြီး အုပ်ဆောင်းတစ်ခုမှာ မွေးမြူထားတယ်။ ဒီကြက်ကျတော့ မိဘဆရာသမားတို့ရဲ့    ဆုံးမသင်ကြားမှု၊ အုပ်ထိန်းမှုတို့နဲ့ ကြီးပြင်းလာရတာ မဟုတ်တဲ့အတွက် တွန်ရမယ့်အချိန်ကို မသိဘူး။ ဒါ့ကြောင့် တစ်ခါတစ်ရံမှာ အလွန်စောတဲ့အချိန်မှာလဲ တွန်ချင်တွန်တယ်။ တစ်ခါတစ်ရံ အရုဏ်တက်ပြီးလို့ မိုးစင်စင်လင်းတဲ့အခါမှ တွန်ချင်လဲ တွန်တတ်တယ်။

လုလင်တို့ဟာ ကြက်တွန်သံကို အမှီပြုပြီး အိပ်ရာကထကြရတဲ့အတွက် အချိန်စောပြီးတွန်လို့ထကြရတာ အိပ်ရေးမဝတော့ ငိုက်မျဉ်းကြပြီး အတတ်ပညာရပ်တွေကို ကောင်းစွာ မသင်ယူနိုင်ကြဘဲ အရုဏ်တက်ပြီး မိုးလင်းမှ တွန်တဲ့အခါ အိပ်ရာထနောက်ကျတဲ့အတွက် အတတ်ပညာရပ်တွေကို သရဇ္ဈယ်ခြင်း၊ လေ့ကျက်ခြင်းတို့ မပြုနိုင်အောင် ဖြစ်ကြရတယ်။ ထိုအခါ လုလင်တို့က- “ဤကြက်ကား အချိန်စောစွာ တွန်သည့်အချိန် တွန်၏။ မိုးလင်းမှလည်း တွန်တတ်ပြန်၏။ ဤကြက်ကိုသာ အမှီပြု အားကိုးနေပါက ငါတို့အနေဖြင့် အတတ်ပညာတို့ ကောင်းမွန်စွာရလိမ့်မည်မဟုတ်” လို့ ယူဆကြပြီး ယင်းကြက်ကို လည်လိမ်သတ်ဖြတ်ပစ်လိုက်ကြတော့တယ်။ အကြောင်းစုံကိုလဲ  ဒိသာပါမောက္ခကြီးကို ပြောပြကြတဲ့အခါ ဆရာကြီးက ကြက်သေရတာနဲ့ပတ်သက်ပြီး “အမောင် လုလင်တို့ မိဘဆရာသမားတို့၏ အုပ်ထိန်းမှု၊ ဆုံးမပဲ့ပြင်မှု၊ သြဝါဒပေးမှုတို့ဖြင့် ကြီးပြင်းလာရသည် မဟုတ်သော ဤကြက်ကား အခါမဟုတ်သည့်အချိန်၌ လည်းကောင်း၊ အခါလွန်သည့်အချိန်၌ လည်းကောင်း၊ အရမ်းကာရော တွန်လေသည့်အတွက် ဤသို့ဤပုံ အသက်ဆုံးရုံးရခြင်း ဖြစ်တော့၏”လို့ ဆုံးမသြဝါဒပေးပါတယ်။

ဇာတ်ပေါင်းတဲ့အခါကျတော့ ထိုစဉ်က အချိန်မဟုတ်သည်၌ အခါမရွေး တွန်တတ်တဲ့ ကြက်ဟာ ယခုအခါ အချိန်အခါမဟုတ် ကျယ်လောင်စွာ အသံပြုတတ်တဲ့ ရဟန်းဖြစ်လာတယ်။ တပည့်လုလင်တို့က ဘုရားရှင်ရဲ့ ပရိသတ်ဖြစ်လာပြီး ဒိသာပါမောက္ခဆရာကြီးက ဘုရားရှင် ဖြစ်လာပါတယ်။ ဒါ့ကြောင့်မို့လို့ အချိန်အခါမသိ၊ နေရာဌာနန္တရမရွေးတတ်တဲ့ အလိုက်ကမ်းဆိုးမသိတတ်တဲ့ သူတွေဟာ ဒုက္ခရောက်တတ်ကြောင်း ကိုမြင့်အောင်ပြောပြတဲ့ သူ့ယောက်ဖအကြောင်းနဲ့ ဆက်စပ်ပြီး  အချိန်အခါမရွေးတွန်တတ်တဲ့ ကြက်ကို ဥဒါဟရုဏ်ဆောင်လို့ လူ့သဘာဝလေးတွေကို တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

TZO

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *