News

နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် နယ်စပ်အခြေတည် စီးပွားရေးဇုန်များ တည်ဆောက်ရန် လိုအပ်

photos.eac.int

မြန်မာ့စီးပွားရေးနှင့် နယ်စပ်ကုန်သွယ်ရေး မြှင့်တင်ရေးအတွက် နယ်စပ်ဒေသများတွင် စက်ရုံအလုပ်ရုံများနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော်ပေးရန် လိုအပ်နေဟု (ERIA) Economic Research Institute for Asean and East Asia အာဆီယံနှင့် အရှေ့အာရှ စီးပွားရေး သုတေသနဌာန၏ စီးပွားရေးပညာရှင် Mr.Fukunari Kimuraက မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးလိုအပ်နေသော်လည်း ကုန်သွယ်မှု ဆက်ဆံဘက်နိုင်ငံများ၏ နယ်စပ်ဒေသများတွင်သာ စက်ရုံ၊ အလုပ်ရုံများ ပေါများနေပြီး မြန်မာဘက်အခြမ်းတွင် မရှိခြင်းကြောင့် ဒေသခံများ၏ လုပ်အားများ ပြည်ပနိုင်ငံများအတွင်း စီး၀င်နေရသည်ဟု ၄င်းက ဖြည့်စွက်ပြောဆိုသွားသည်။

Mr.Fukunari Kimuraက “အစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ စက်ရုံတွေ အကောင်အထည်ဖော်ပြီး ပစ္စည်းပြန်ရောင်းနိုင်အောင် မြှင့်တင်ဖို့လိုတယ်”ဟု ပြောသည်။ မြန်မာနိုင်ငံနှင့် နယ်စပ််ထိစပ်လျက်ရှိသော နိုင်ငံများ၏ တိုးတက်မှု ကွာခြားချက်များကို သိသာစွာ မြင်တွေ့နိုင်ကြောင်း၊ မြန်မာနိုင်ငံ၏ ယခုနှစ် GDP တိုးတက်မှုမှာ ၇ဒသမ ၇ရာခိုင်နှုန်းအထိ ရှိလာသော်လည်း ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဒုတိယအနည်းဆုံး ဖြစ်နေသည့်အပြင် ဒေသတွင်း ယှဉ်ပြိုင်နိုင်ငံဖြစ်သည့် ဗီယက်နမ်၏ ပို့ကုန်တင်ပို့မှုနှင့် ရာခိုင်နှုန်း ၅၀နီးပါး ကွာဟနေသည်ဟု ထပ်မံပြောသည်။

လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီဥက္ကဌဦးမြတ်သင်းအောင်က “နယ်စပ်ဒေသတွေမှာ စက်ရုံ၊ အလုပ်ရုံတွေပေါ်ဖို့က အမှန်ကို လိုအပ်နေတာပါ။ ဒေသဖွံ့ဖြိုးရေးပဲ ကြည့်ကြည့်၊ နိုင်ငံစီးပွားရေးပဲ ပြောပြော လုပ်သင့်တဲ့အလုပ်တွေပါ။ အစိုးရက လုပ်ငန်းရှင်တွေ အဲဒီနေရာတွေမှာ စက်ရုံလုပ်ဖို့ တွေ့ဆုံ ပြောဆိုမယ်ဆိုရင် မဖြစ်စရာမရှိပါဘူး။ တစ်ဖက်နိုင်ငံတွေဆိုလည်း သူတို့စက်ရုံတွေ ကိုယ့်နယ်စပ်မှာတည်ပြီး ဈေးပေါတဲ့ မြန်မာလုပ်သားကို ယူသုံးပြီး ထွက်ကုန်တွေကို တခြားပြန်ပို့နေတာပဲ။ တစ်ခုပဲလိုတာက နယ်စပ်မှာ စက်ရုံတည်ပြီး ကိုယ့်ပြည်တွင်း ပြန်သွင်းတာမဟုတ်ပဲ တစ်ဖက်နိုင်ငံကို တင်ပို့မယ့် ပစ္စည်းမျိုးထုတ်ဖို့တော့ လိုတာပေါ့”ဟု ဆိုသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကုန်သွယ်ဖက်အနေဖြင့် နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ခု ဖွင့်လှစ်ထားပြီး ယင်းတို့မှ တစ်နှစ်ကုန်သွယ်မှု ပမာဏအနေဖြင့် အမေရိကန် ဒေါ်လာ ၁၈ဒသမ ၄၂ဘီလီယံအထိ ရှိနေကြောင်း စာရင်းများအရ သိရပါသည်။

The Yangon Times Daily

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *