News

England နိုင်ငံမှနာမည်ကြီး a cappella အဖွဲ့ ဖြစ်သည့် Black Voices မှမြန်မာနိုင်ငံတွင် ဖျော်ဖြေမည်

UK မှနာမည်ကြီး a cappella အဖွဲ့ဖြစ်သည့် Black Voices မှမြန်မာနိုင်ငံတွင်ဖျော်ဖြေမည် ဟုသိရသည်။ ဗြိတိသျှကောင်စီသည် အောင်မြင်ကျော်ကြားသည့် a cappellaအဆိုရှင်အဖွဲ့ဖြစ်သည့် Black Voices အဖွဲ့အား မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ်ဖျော်ဖြေပေးရန်ဖိတ်ကြားထားခြင်းဖြစ်သည်။ ဆယ်စုနှစ်နှစ်ခုကြာ အောင်မြင်စွာရပ်တည်လာခဲ့သည့် Black Voices အဖွဲ့သည် Ray Charles ၊ Nina Simone ၊ Wynton Marsalis နှင့် Take 6 တို့ကဲ့သို့သော ဂီတထိပ်သီးတို့နှင့် တွဲဖက်ဖျော်ဖြေခဲ့ဖူးပြီး သမ္မတဟောင်းနယ်လ်ဆင်မင်ဒဲလား နှင့် ဗြိတိန်တော်၀င်မိသားစု အစရှိသည့် ထင်ရှားသူတို့အား ဖျော်ဖြေခဲ့ဖူးသည် ဟုသိရသည်။

၄င်းတို့၏ စွဲမက်ဖွယ်တင်ဆက်မှုနှင့် သူမတူသည့် တူရိယာမပါဘဲ ‘အသံအား’ သက်သက်သာသုံး၍ သီဆိုဖျော်ဖြေသည့် a cappella ပုံစံသီဆိုဟန်တို့သည် အာဖရိကန် ကာရစ်ဘီယန် ရိုးရာ၊ အင်္ဂလိပ်ကျေးလက်ဂီတ၊ jazz ၊ gospel ၊ pop ၊ reggae သီချင်းပုံစံများစွာအား အာဖရိက၊ ကာရစ်ဘီယန်၊ ဗြိတိသျှအမွေအနှစ်တို့ဖြင့် ကြွယ်၀စွာထုံမွှမ်းချယ်မှုန်းထားကာ ကျားမ၊ လူမျိုး၊ အသက်အရွယ်၊ ဘာသာအယူတို့၏နယ်နိမိတ်ကို ကျော်လွန်ပျံ့နှံ့သွားသည်။

၄င်းတို့၏ လူထုဖျော်ဖြေပွဲသည် နို၀င်ဘာလ ၂၀ ရက်၊ ညနေ ၆ နာရီခွဲတွင် Strand Hotel ၌ မြန်မာနိုင်ငံရှိ ဂီတမြတ်နိုးသူ ပရိတ်သတ်အတွက် အခမဲ့ တင်ဆက်မည်ဖြစ်သည်။ အဆိုပါပွဲတွင် ရန်ကုန်မြို့ရှိ “ဂီတမိတ်” ဂီတကျောင်း မှလည်း ပါ၀င်တွဲဖက် တင်ဆက်မည်ဖြစ်ကြောင်းသိရသည်။

ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံညွှန်ကြားရေးမှူး Kevin Mackenzie က “ဂီတမိတ်မှမိတ်ဆွေများနှင့်ပူးပေါင်းပြီး ကျွန်တော်တို့ Black Voices ကိုမြန်မာနိုင်ငံမှ ပထမဆုံးဖျော်ဖြေခွင့်ရခဲ့တာ အရမ်းကျေနပ်မိပါတယ်။ Black Voices ဆိုတာ အမျိုးသမီးချည်းပါတဲ့ ဥရောပထိပ်တန်း a cappella အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူတို့ဟာ လူမည်းတို့ရဲ့ ထူးခြားတဲ့ သီဆိုပုံ ရိုးရာဟန်ကို ကမ္ဘာ့စင်မြင့်ပေါ်ယူဆောင်လာတဲ့ ကမ္ဘာအနှံ့မှာပါ အောင်မြင်တဲ့သူတွေ ဖြစ်ပါတယ်။” ဟုပြောကြားခဲ့သည်။

ဖျော်ဖြေပွဲအပြင် မြန်မာနိုင်ငံဂီတအစည်းအရုံးမှပုဂ္ဂိုလ်များ၊ ယဉ်ကျေးမှုတက္ကသိုလ်မှကျောင်းသားများ၊ ဂီတမိတ်၊ Legacy Music Academy၊ Institute of Theology Music Department မှ ဂီတကျောင်းသားများ၊ ရန်ကုန်အခြေစိုက် ဓမ္မသံစုံအဖွဲ့များ၊ စိတ်၀င်စားသူလူငယ် များပါ၀င်တက်ရောက်မည်ဖြစ်သည့် ဂီတအလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နို၀င်ဘာ ၁၉ ရက်နေ့တွင် Legacy Music Academy ၌ ပြုလုပ်သွားမည်ဟုဆိုသည်။

Black Voices ဖျော်ဖြေပွဲနှင့်ပတ်သက်၍ သိလိုသည်များစုံစမ်းလိုပါက ဒေါ်ကြည်ကြည်ပြုံး၊ Programme Manager ၊ British Council ၊ [email protected] သို့ဆက်သွယ်နိုင်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *