News

၂၀၁၃ အကောင်းဆုံး ပုဂ္ဂလိကဘဏ်ဆု ဧရာ၀တီဘဏ်ရရှိ

မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် ဧရာ၀တီဘဏ်သည် အင်္ဂလန်အခြေစိုက် ဘဏ္႑ရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် World Finance၏ ၂၀၁၃-၂၀၁၄ခုနှစ်အတွက် ချီးမြှင့်သည့် ၂၀၁၃ခုနှစ် မြန်မာနိုင်ငံအတွက် အကောင်းဆုံး ပုဂ္ဂလကဘဏ်ဆုအား ရရှိခဲ့ကြောင်း သိရသည်။ World Finance အဖွဲ့အစည်းသည် ကမ္ဘာတစ်၀န်းလုံးရှိ ဘဏ်များအားလုံး၏ ၀န်ဆောင်မှုများအား စောင့်ကြည့်အကဲဖြတ်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး နှစ်စဉ်နိုင်ငံအလိုက် အကောင်းဆုံးဆုများ သတ်မှတ်ပေးနေကြောင်း သိရသည်။

“ဒီဆုကို မြန်မာနိုင်ငံအတွက် ဒီနှစ်မှ ပထမဆုံး စပေးတာပါ။ စပေးတဲ့ နှစ်မှာပဲ ကျွန်တော်တို့ ဧရာ၀တီဘဏ်ကရတဲ့အတွက် အရမ်းကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘဏ်၀န်ဆောင်မှု လုပ်ငန်းတွေမှာ ဒီထက်မကပိုပြီး တိုးတက်အောင် ကြိုစားသွားမှာပါ”ဟု ဧရာ၀တီဘဏ် မန်နေဂျင်း ဒါရိုက်တာ ဦးဖြိုးအောင်က စံတော်ချိန်သို့ ပြောသည်ဟု ဆိုသည်။

ဧရာ၀တီဘဏ်အား မြန်မာနိုင်ငံ၏ တစ်နှစ်တာ အကောင်းဆုံး ပုဂ္ဂလိကဘဏ်အဖြစ် ရွေးချယ်သတ်မှတ်ရခြင်းနှင့် ပတ်သက်၍ ဧရာ၀တီဘဏ်သည် ပုဂ္ဂလိကဘဏ်အသစ်များတွင် သက်တမ်းနုနယ်သော်လည်း ဘဏ်ခွဲ ၃၅ခုနှင့် ၀န်ထမ်းအင်အား ၁၅၀၀ကျော်ဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် နိုင်ငံတကာ ဘဏ်စံချိန်စံနှုန်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသဖြင့် ယင်းဆုကို ပေးအပ်ရခြင်းဖြစ်ကြောင်း World Financeက ထုတ်ပြန် ကြေညာထားသည်။

ဧရာ၀တီဘဏ်သည် ၂၀၁၀ပြည့်နှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး သက်တမ်းသုံးနှစ်ကာလ အတွင်း၌ နိုင်ငံတစ်၀န်း ဘဏ်ခွဲပေါင်း ၄၆ခုအထိ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ပြီး ၀န်ထမ်းပေါင်း ၂၀၀၀ကျော်အထိ ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။ “၀န်ထမ်းတွေအတွက် နိုင်ငံတကာက ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးတယ်။ ပြည်ပကိုလည်း ဘဏ်သင်တန်းတွေ တက်ဖို့နဲ့ လေ့လာရေးခရီးတွေလည်း လွှတ်ပေးတယ်။ လိုအပ်တဲ့ Capicity Buildingတွေ လုပ်ပေးပြီးတော့ ၀န်ထမ်းတွေရဲ့ အရည်အချင်းတွေ မြင့်တက်လာအောင် လုပ်ပေးနေတယ်”ဟု ဦးဖြိုးအောင်က ဆက်လက်ပြောကြားသည်။

ဧရာ၀တီဘဏ်သည် လက်ရှိတွင် ဘဏ်၀န်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ပြည်တွင်းဘဏ် ၀န်ဆောင်မှုပေးခြင်း၊ နိုင်ငံတကာရှိ ဘဏ်များနှင့် Correspondence Banking ချိတ်ဆက်၍ နိုင်ငံတကာဘဏ်၀န်ဆောင်မှုပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး Myanmar Payment Union Card နိုင်ငံတကာ အသိအမတ်ပြု Visa Card, Master Cardနှင့် CUP ကုမ္ပဏီများနှင့် ချိတ်ဆက်ကာ Universal Payment Network ချိတ်ဆက်၍ နိုင်ငံတကာတွင် အသုံးပြုနိုင်သော ကတ်များ ထုတ်လုပ်သွားရန် ကြိုးပမ်းနေကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “၂၀၁၃ အကောင်းဆုံး ပုဂ္ဂလိကဘဏ်ဆု ဧရာ၀တီဘဏ်ရရှိ

  1. Congratulation Ayeyarwadi Pravite Bank

Leave a Reply

Your email address will not be published. Required fields are marked *