News

အော်တိုဖုန်းလိုင်းများ ပုဂ္ဂလိကသို့ လွှဲတော့မည်

မြို့နယ်အများစုတွင် အော်တိုတယ်လီဖုန်းလိုင်း ဝန်ဆောင်မှု လုပ်ငန်းကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီများသို့ မကြာမီလွှဲပြောင်း လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုတယ်လီဖုန်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ လုပ်ကိုင်နေသော အော်တိုတယ်လီဖုန်း လုပ်ငန်းကို မရမ်းကုန်း၊ သင်္ဃန်းကျွန်းနှင့် ဘုရင့်နောင် အိတ်ချိန်းနယ်မြေများအား ပုဂ္ဂလိကသို့ စတင်လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ပြီး၊ တခြားမြို့နယ်များတွင်လည်း ပုဂ္ဂလိကများအား လုပ်ကိုင်ခွင့်ပြုရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီနေရာသုံးခုကိုတော့ ကနဦးအနေနဲ့ ရွေးချယ်လိုက်တဲ့ သဘောပေါ့။ နောက်ပိုင်းမှာ တခြားမြို့နယ်တွေမှာလည်း ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပြုဖို့ စီစဉ်သွားမှာပါ။ အဲဒီအတွက်လည်း မြို့နယ်တွေ ရွေးချယ်ဖို့ အစီအစဉ် ရှိပါတယ်”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားသည်။

သုံးစွဲသူ ပြည်သူများသည် ပုဂ္ဂလိက ကုမ္ပဏီများမှ ပေးသည့် ဝန်ဆောင်မှုအတိုင်း ရရှိမည်ဖြစ်ပြီး လုပ်ငန်းအလုံးစုံကို သက်ဆိုင်ရာ ကုမ္ပဏီကသာ ကိုင်တွယ်သွားမည်ဟု ဆိုသည်။ လက်ရှိရွေးချယ်ထားသည့် မြို့နယ်သုံးမြို့နယ်မှ အော်တိုတယ်လီဖုန်းလိုင်း Outside Plant (OSP)ကေဘယ်ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခြင်းအား လိုင်းပေါင်း ၄၀,၀၀၀ကျော်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်၍ ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်သည်ဟု သိရသည်။

ကမာရွတ်မြို့နယ်မှ အော်တိုအိတ်ချိန်းဖုန်း တပ်ဆင်သုံးစွဲနေသည့် ဝန်ထမ်းတစ်ဦးက “ကြိုးဖုန်းတွေကို ပုဂ္ဂလိကတွေကတော့ ဆက်သွယ်ရေးနဲ့ မတူတဲ့ ဘယ်လိုဝန်ဆောင်မှုတွေ ပေးမလဲတော့ မသိဘူး။ အခု အိတ်ချိန်းဖုန်းတွေဆိုရင် တပ်ဆင်စတုန်းကလည်း ဈေးကြီးတယ်။ ဖုန်းဘေလ်တွေကလည်း ဘာကြောင့်မှန်း မသိဘူး။ တအားကျတယ်။ နောက်ပြီး အိတ်ချိန်းကနေတစ်ဆင့် ဆက်သွယ်ရတာလည်း မလွယ်ဘူး။ ဒါကြောင့် ကုမ္ပဏီတွေကို လုပ်ခိုင်းမယ်ဆိုရင်လည်း ကျွန်တော်တို့မြို့နယ်တွေပါ ထည့်စဉ်းစားသင့်တယ်”ဟု ပြောကြားခဲ့ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *