စက်တင်ဘာ ၉ရက်တွင် ပါကစ္စတန်နိုင်ငံ၏ ၁၂ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမည့် မမ်နူးန်ဟူစိန်သည် လွန်စွာလေးစားခံရသည့် လူတစ်ဦးဖြစ်သော်လည်း လူသိပ်မသိသည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ ထို့အပြင် ၄င်းသည် အိန္ဒိယတွင် မွေးဖွားသူတစ်ဦးဖြစ်ပြီး အောင်မြင်သော အထည်အလိပ် လုပ်ငန်းရှင်တစ်ဦးလည်း ဖြစ်သည်ဟု သိရသည်။
၀န်ကြီးချူပ် နာ၀ပ်ရှရစ်ဖ် အပေါ် အခိုင်အမာသစ္စာရှိသူတစ်ဦး ဖြစ်သော်လည်း ၄င်းတွင် ကိုယ်ပိုင်ပါဝါ အခြေစိုက် နယ်မြေမရှိဟုဆိုသည်။ ဟူစိန်၏ သမ္မတသက်တမ်းကာလက ပါကစ္စတန်၏ ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် အခမ်းအနားထက် နိုင်ငံ့အကြီးအကဲ တစ်ဦးအဖြစ် ပြန်လည်ခိုင်မာစေမည် ဖြစ်သည်။ ဟူစိန်က ပါဝါအကြပ်အတည်းကို ဖြေရှင်းမည့် စီးပွားရေး နာလန်ထူအောင် လုပ်ရမည့်၊ တလီဘန်သောင်၊ ကျန်းမူကို ရင်ဆိုင်ရမည့်၊ အမေရိကန်နှင့် ပရိယာယ်များသည့် မဟာမိတ်ဖြစ်မှုကို မောင်းထုတ်ရမည့် အစိုးရတစ်ရပ်ကို တရား၀င် ကြီးကြပ်ရမည် ဖြစ်သည်။
ဟူစိန်သည် အထည်အလိပ် ကုမ္ပဏီကို ပိုင်ဆိုင်ပြီး ၁၉၉၇ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ ရှရစ်ဖ်၏ ၀န်ကြီးချူပ် ဒုတိယသက်တမ်း ကာလအတွင်း ကရာချိစက်မှုနှင့် ကုန်သည်ကြီးများ အသင်းဥက္ကဌ ဖြစ်ခဲ့သည်။ ၁၉၉၉ခုနှစ်တွင် တောင်ပိုင်းရှိ ဆင်းပြည်နယ် အုပ်ချူပ်ရေးမှူးအဖြစ် ရှရစ်ဖ်က ဟူစိန်အား ခန့်အပ်ခဲ့သည်။ ဟူစိန်သည် ရှရစ်ဖ်အတွက် ကရာချိတွင် အဓိကကျသော ပုဂ္ဂိုလ်ဖြစ်သည်။ ရှရစ်ဖ်၏ Pakistan Muslim League (PMLN) ပါတီသည် ပန်ဂျပ်မြောက်ပိုင်းတွင် နောက်ထပ် အမြစ်တွယ်လျက်ရှိသည်။
“သူဟာ တစ်ကိုယ်ကောင်း မဆန်ဘူး။ ဖြောင့်မတ်သူတစ်ဦးဖြစ်ပြီး မိတ်ဖွဲ့ရာမှာလည်း ရိုးရိုးသားသားရှိပြီး အသုံးချ အမြတ်ထုတ်တာ မရှိပါဘူး”ဟု နှစ် ၅၀ကျော်ကြာ ဟူစိန်၏ သူငယ်ချင်းတစ်ဦးဖြစ်သူ တာရစ်ခါလစ်က ပြောသည်။
၁၉၄၀ပြည့်နှစ်က အိန္ဒိယနိုင်ငံ တာ့ချ်မဟာရှိရာ အက်ဂရာတွင် မွေးဖွားခဲ့သော ဟူစိန်သည် ၁၉၄၇ခုနှစ်၊ ဗြိတိသျှ ကိုလိုနီ အုပ်ချူပ်ရေး အဆုံးသတ်ချိန် အိန္ဒိယနှင့် ပါကစ္စတန်အား သီးခြားနိုင်ငံများအဖြစ် ပိုင်းခြားပြီးနောက် မိသားစုနှင့်အတူ ကရာချိသို့ ထွက်ပြေးစဉ်က ကလေးအရွယ်သာ ရှိသေးသည်။ ဟူစိန်သည် ကရာချိရှိ Institute of business administrationတွင် ပညာသင်ယူခဲ့ပြီး မိသားစု၏ အ၀တ်အထည် လုပ်ငန်းကို အမွေခံခဲ့သည်။ ဟူစိန်သည် ကရာချိတွင် PML-N ပါတီ၏ အတွင်းရေးမှူးတစ်ဦးအဖြစ်လည်း တာ၀န်ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ဟူစိန်အား ဆင်းပြည်နယ်၏ အုပ်ချူပ်ရေးမှူးအဖြစ် ခန့်အပ်စဉ်က နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် အံ့အားသင့်စရာ တစ်ခုဖြစ်ခဲ့သည်ဟု ဆိုသည်။
ဇူလိုင် ၃၀ရက်တွင် ပြည်နယ်လေးခုမှ လွှတ်တော်များနှင့် ဖက်ဒရယ်ပါလီမန်မှ အဖွဲ့၀င်များက မမ်နူးန်ဟူစိန်အား သမ္မတအဖြစ် ရွေးကောက်ခဲ့ခြင်း ဖြစ်သည်။