News

အစိုးရဌာနများ eGovernment ဖော်ဆောင်ရန် ADBနှင့် နိုင်ငံအချို့က ထောက်ပံ့မည်

မြန်မာနိုင်ငံ အစိုးရဝန်ကြီးဌာနများအကြား eGovernment ဖော်ဆောင်ရန် အာရှဖွံ့ဖြိုးရေးဘဏ် ADBနှင့် အာရှနိုင်ငံအချို့က အမေရိကန်ဒေါ်လာ တစ်သန်းခွဲနှင့် နည်းပညာများ ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။ အာရှဖွံ့ဖြိုးမှုဘဏ်၏ နည်းပညာ အထောက်အပံ့ပေးရေးအဖွဲ့က ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကို eGovernment ပင်မ စီမံကိန်းရေးဆွဲရန် ကူညီပေးသွားမည်ဟု ဆိုသည်။

eGovernment စီမံကိန်း ဖော်ဆောင်ရန်အတွက် အမေရိကန် ဒေါ်လာတစ်သန်းခွဲကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အာရှဖွံ့ဖြိုးရေး ဘဏ်၏ နည်းပညာထောက်ပံ့ရေး အထူးရန်ပုံငွေမှ ဒေါ်လာငါးသိန်း၊ တောင်ကိုရီးယားနိုင်ငံ၏ e-Asia and knowledge Partnership Fundမှ ဒေါ်လာငါးသိန်းနှင့် တရုတ်နိုင်ငံ၏ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး ရန်ပုံငွေမှ ဒေါ်လာငါးသိန်း ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ ယင်းရန်ပုံငွေများကို အာရှဖွံ့ဖြိုးရေးဘဏ် ADBမှ ကြီးကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် eGovernment အပြောင်းအလဲများအပေါ် လိုက်ပါဆောင်ရွက်နိုင်မှုတွင် အစိုးရ၏ စွမ်းဆောင်ရည် အားနည်းမှုကြောင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ကြောင်း ADB၏ နည်းပညာ ထောက်ပံ့ရေး အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။ ADB၏ နည်းပညာ ထောက်ပံ့ရေးအဖွဲ့က ပင်မစီမံကိန်း ရေးဆွဲရေးကို ၂၀၁၃ စက်တင်ဘာမှ ၂၀၁၄ သြဂုတ်လအထိ ၁၂လကြာ အကောင်အထည်ဖော်သွားမည်ဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဒုတိယဝန်ကြီးများအား Asean Single Window စနစ်ကျင့်သုံးနိုင်အတွက် eGovernment လုပ်ငန်းစဉ်အား တစ်နှစ်အတွင်း အကောင်အထည်ဖော်ရန်နှင့် ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ဦးဆောင်၍ အားလုံး ပူးပေါင်း ပါဝင်ကြရန် ယခုလအတွင်းက တိုက်တွန်းထားသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *