Health, Opinion

နေ့စဉ်ကြုံတွေ့ရသော ပြဿနာတစ်ခု

“ဆရာ အားဆေးကောင်းကောင်းလေး သမီးအတွက်ပေးပါ။ ထမင်းမစားလွန်းလို့ပါ ဆရာ”

“အားဆေး အမျိုးပေါင်းစုံနေပြီ ကလေးက မစားတာက မစားဘူးပဲ”

“ကလေးက ပေါင်ချိန်လဲမတက်၊ ထွားလည်း ထွားမလာဘူး၊ အစာကတော့ တစပ်စပ် စားနေတာပဲ”

“ကလေးက စားချင်တာပဲ၊ ကျွန်မတို့က ဖွယ်ဖွယ်ရာရာ မလုပ်ပေးနိုင်လဲ ဖြစ်သလို စားတတ်တယ်”

“အောင်မလေးဆရာရယ်၊ စားလွန်းလို့ သားဗိုက်ကြီးပေါက်ထွက်တော့မယ်ဆိုပြီး မနည်းထားရတယ်”

စာဖတ်သူအနေဖြင့် စာရေးသူ တင်ပြခဲ့သည်များကို သဘောပေါက်ရန် ခဲယဉ်းနေပါလိမ့်မည်။ စာရေးသူတို့ ကျန်းမာရေး ၀န်ဆောင်မှုပေးချိန် နေ့စဉ်တိုင်း ဖြူနီပြာဝါ ရောင်စုံသော မိဘ၊ တရုတ်၊ ဗမာ၊ ရှမ်း၊ ကရင် အစရှိသော လူမျိုးစုံတို့ထံမှ ကြားရလေ့ရှိသော ပြဿနာ (တစ်နည်း) Chief Complaints များတည်း။ လူကြီးမိဘများ ပြောလေ့ရှိသော စကားများ ရှိပါသည်။ မမွေးဖွားခင် ကိုယ်၀န်ဆောင်စဉ်က ပင်ပန်းသည်ဟု ထင်ခဲ့သော်လည်း မီးဖွားပြီးချိန်တွင် ပိုပင်ပန်းမှန်းသိလာ၍ “ဗိုက်ထဲပဲ ပြန်ထည့်ထားချင်တယ် ဆိုတာမျိုး”မိခင်နို့်ချိုတစ်မျိုးသာ တိုက်​ကျွေးနေရသော အချိန်တွင် ပင်ပန်းသည်ဟု ထင်ခဲ့သော်လည်း ဖြည့်စွက်စွာ စတင်ကျွေးနိုင်သောအခါ တွေ့ရှိလာရသော အခက်အခဲများကြောင့် နို့စို့အရွယ်လေးပဲ ကောင်းတယ် ဟူ၍လည်းကောင်း ပြောတတ်ခြင်းပင်တည်း။

ထို့အတူပင် အစားအစုံ စစားတတ်သော အသက်တစ်နှစ် အရွယ်ရောက်ချိန်က မိသာစုထမင်း၀ိုင်း လူကြီးစားသမျှ စားချင်တတ်သော ကလေးအများစုသည် ထိုနောက်ပိုင်းမှ အသက်နှစ်နှစ် သုံးနှစ် အရွယ်ရောက်သည့် ကြားကာလအတွင်း အစာကျွေးရခက်လာတတ်ကြသဖြင့် လူကြီးများက “ဘာကျွေးကျွေး ဘာထည့်ထည့် မျိုချတတ်တဲ့ တစ်ခါမလည်ခင် အရွယ်လေးပဲ ကျွေးရတာကောင်းတယ်”ဟူ၍ ပြောတတ် ကြပါသည်။ စာရေးသူ အထက်၌ ဆိုခဲ့သော ဥပမာများကဲ့သို့ စားစေချင်သော မိသားစုများ၌ကား ကလေးများက မစား။ ကျေးလက်တောရွာများ၌ လောက်လောက်ငင မရှိသည့် မိသားစုများ၌ကား စားလွန်း၍ပင် တားရသေးသည်တဲ့။ ထို့ကြောင့်လည်း “လိုတာမရ ရတာမလို”ဟု ဆိုကြခြင်း ဖြစ်မည်။

စာရေးသူတို့ ဆေးပညာ မဟာသိပ္ပံသင်တန်း (M.Med.Sc) တက်စဉ်ကတည်းက Nutrition အာဟာရ ပညာပေးနှင့် ပတ်သက်၍ လေ့လာခဲ့ဖူးပါသည်။ ကလေးတစ်ဦး၏ ကျန်းမာရေးကို တာ၀န်ယူရသူ တစ်ဦးအနေဖြင့် ရောဂါတစ်ခုကို ကုသရုံနှင့်မပြီး။ ကလေး၏ နောက်ဆက်တွဲ ဖွံ့ဖြိုးမှုကြီးထွားမှု တို့အတွက်ပါ စဉ်းစားရသည်။ ထိုမျှမက Family Backgroundကိုပါ စဉ်းစား၍ ရေတိုရေရှည် စီမံကိန်းများပါ ချပေးရသည်။ စာရေးသူတို့၏ ကျေးဇူးရှင် ပါမောက္ခဆရာကြီး စာသင်လျှင် စာရေးသူတို့ သိသင့်သိထိုက်သော Social Problemsများနှင့် ပတ်သက်၍ ကိုင်တွယ် ဖြေရှင်းနည်းများကို ဦးစားပေး ပို့ချလေ့ရှိသည်။ ရောဂါတစ်ခုကို ကုသရန် နည်းလမ်းများက စာအုပ်ထဲတွင် ရှိသည်။ ထို Social Problems, Family Problemsများသည်ကား စာရေးသူတို့ကို ကျေးဇူးရှင် ဆရာများက သင်ပြပေးမှ သိရှိနိုင်သည် မဟုတ်ပါလော။ မိသားစု တစ်ခုနှင့် တစ်ခု ကွာခြားမှုအပေါ် မူတည်ပြီး ကလေး တစ်ဦးစီကို ကိုင်တွယ် ဖြေရှင်းရပုံ မတူညီပေ။ အာဟာရ ပညာပေးနှင့် ပတ်သက်ပြီးလည်း မိသားစု တစ်စုနှင့်တစ်စု သိရှိနားလည် သဘောပေါက် လက်ခံထားသည်များ ကွာခြားနိုင်သကဲ့သို့ လက်တွေ့ကျင့်သုံးပုံ ကျင့်သုံးနည်းလည်း ကွဲပြားနိုင်ပါသည်။

သို့သော် အဖြူ အမည်း မည်မျှပင် ကွာခြားစေကာမူ အဓိက အရေးကြီးသော တူညီသည့် လိုအပ်ချက်များ ရှိပါသည်။ အာဟာရ ပညာပေး စာစောင် မျိုးစုံရှိသည့်အနက် ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ မွေးကင်းစဆောင်မှ ပြုစုထားသော အာဟာရ ပညာပေး စာစောင်လေးသည်ကား ပြည့်စုံလုံလောက်ပြီး နားလည်ရ လွယ်ကူသဖြင့် ဆင့်ပွား ဖော်ပြလိုက်ရပါသည်။

– ကလေး၏ အသက် (၆)လခန့်အထိ မိခင်နို့တစ်မျိုးတည်းသာ တိုက်ပါ။

– အသက် (၆)လရောက်မှ အခြား ဖြည့်စွက်အစာ အရည်အဖတ်များ စတင်တိုက်ပါ။

– မိခင်နို့ကိုလည်း ဆက်တိုက်ပါ။ ကလေးဆာတိုင်း မကြာခဏတိုက်ပါ။

– မိခင်နို့ကို အသက် ၂နှစ် (ကျော်)ထိ ဆက်၍တိုက်ပါ။

– မိခင်နှင့်ကလေးတို့ ဆန္ဒရှိသည့် အရွယ်ထိ ဆက်၍ တိုက်နိုင်ပါသည်။

– ဖြည့်စွက်စာ ကျွေးစတွင် ကလေးသည် အနည်းငယ်သာ စားနိုင်ပါသည်။

– ကလေးစားနိုင်လျှင် တစ်ဖြည်းဖြည်းတိုး၍ ကျွေးပါ။ ပျှမ်းမျှ ၂နာရီကြား ၁ကြိမ်ခန့်ကျွေးပါ။

– ဖြည့်စွက်အစာကျွေးသည့်အခါ ကလေးစားချင်အောင် စိတ်ရှည်လက်ရှည် ချော့မြူ၍ စိတ်ပါလက်ပါကျွေးပါ။    အရသာ အမျိုးမျိုးကို စမ်းသပ်၍ ကျွေးပါ။

– မိသားစု နေ့စဉ်စားသုံးသော အစာများထဲမှ အာဟာရပြည့်စုံစွာ ရွေးချယ်ကျွေးပါ။

– ကလေးအတွက် ဖြည့်စွက်အစာကို သန့်ရှင်းပြီး ဥပါဒ်ကင်းအောင် ပြင်ဆင်၊ ချက်ပြုတ်၊သိမ်းဆည်းပါ။

– ကလေးအား အစာမကျွေးမီ အစာကျွေးသူ၏ လက်၊ ဇွန်း၊ ပန်းကန်များနှင့် ကလေး၏ လက်ကို စင်ကြယ်အောင် ဆေးကြောပါ။

– ကလေးအတွက် ချက်ပြုတ်ထားသော အစာကို ချက်ချင်း ကျွေးနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။

– ရေခဲသေတ္တာမသုံးလျှင် ကလေးအတွက် အစာကို (၂)နာရီထက် ပို၍ကြာအောင် သိမ်းမထားသင့်ပါ။

– ကျွေးခါနီးတွင် အစာကို လုံလောက်စွာ အပူပေး၍ ပြန်​​​​နွှေးပြီးမှ ကျွေးပါ။

– မည်သည့် အရည်ကိုမျှ နို့ဘူးထဲတွင် ထည့်၍ မတိုက်ပါနှင့်၊ နို့ဘူးကို စင်ကြယ်အောင် ဆေးကြောရန် မလွယ်ကူပါ။

အစာအုပ်စုကြီး(၃)မျိုး

(၁) အင်အား ဖြစ်ထွန်းစေသော အစာ
ဆန်၊ ကောက်ညှင်း၊ ဂျုံ၊ ပြောင်းဖူး၊ အာလူး၊ ကန်စွန်းဥ၊ ဆီ၊ ထောပတ်။

(၂) ခန္ဓာကိုယ် ကြီးထွား ဖွံ့ဖြိုးစေသော အစာ
အသား၊ အမျိုးမျိုး၊ ငါးအမျိုးမျိုး၊ အသည်း၊ ဥ အမျိုးမျိုး၊ ပဲအမျိုးမျိုး။

(၃) ရောဂါကာကွယ်စေသောအစာ
အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊အဝါရောင် အသီးများ။

– အကောင်းဆုံး စတင်သည့် အစာမှာ ကြေညက်၍ နူးညံ့ပျော့ပြောင်းသော ဆန်ပြုတ်ပျော့ပျော့ကို ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ဆားသင့်ရုံထည့်၍ ဇွန်းဖြင့်ကျွေးပါ။

– အစတွင် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမှ နှစ်ဇွန်းခန့်သာ စားသော်လည်း (၂)ပတ်ခန့်ကြာသော် လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးခန့် စားလာပါမည်။

တဖြည်းဖြည်းချင်း ပျစ်လာရမည်။ အရည်ကျဲပါက အာဟာရဓာတ် ပါဝင်မှုနည်းသည်။

-၂ပတ်ခန့်ကြာသော် အသား၊ငါး၊ပဲ အမျိုးမျိုးမှ တစ်မျိုးမျိုးကို အလျင်းသင့်သလို ရွေးချယ်ထည့်ပါ။ ဆန်ပြုတ်ပျော့ပျော့+အသား/ငါး/ပဲ+ဆီ လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းခန့်။

အစာ(၂)မျိုး ရောကျွေးခြင်း

ဥပမာ (၁) ငါးဆန်ပြုတ်        (ထမင်း ၄ ဆ၊ ငါး ၁ဆ)
(၂) ကြက်သားဆန်ပြုတ်  (ထမင်း ၄ ဆ၊ ကြက်သား ၁ဆ)
(၃) ပဲနီလေးဆန်ပြုတ်     (ထမင်း ၄ ဆ၊ ပဲနီလေး ၁ဆ)
(၄) ဥဝါနှင့် ဆန်ပြုတ်      (ထမင်း ၄ ဆ၊ ဥဝါ ၁ဆ)

အစာ(၃)မျိုးရောကျွေးခြင်း

ဥပမာ (၁) ငါး၊ ပဲနီလေးဆန်ပြုတ်
(၂) ကြက် ပဲဝါလေးဆန်ပြုတ် (ထမင်း ၄ ဆ၊ ကြက်သား ၁ဆ၊ ပဲဝါလေး ၁ဆ)
(၃) ငါး မုန်လာဥဝါဆန်ပြုတ်  (ထမင်း ၄ ဆ၊ ငါး ၁ဆ၊ မုန်လာဥဝါ ၁ဆ)
(၄) ကြက် ကန်ဇွန်းရွက်စင်းကောဆန်ပြုတ်
(ထမင်း ၄ ဆ၊ ကြက်သား ၁ဆ၊ ကန်ဇွန်းရွက်စင်းကော ၁ဆ)

အစာ(၄)မျိုးရောကျွေးခြင်း

ဥပမာ (၁) ငါး၊ ပဲနီလေး မုန်လာဥဝါ ဆန်ပြုတ်
(ထမင်း ၄ ဆ၊ ငါး ၁ဆ၊  ပဲနီလေး ၁ဆ၊    မုန်လာဥဝါ ၁ဆ)
ပြင်ဆင်ပြီးသော အစာများတွင် ဆီထည့်ရန် လိုအပ်ပါသည်။ ပျစ်ပျစ် ကျွေးပါရန်။ ဟင်းချိုရည် စွပ်ပြုတ်များ၌  မည်သည့် အာဟာရမျှ မပါပါ။ အသားဖတ်၊ ငါးဖတ်မှသာ အာဟာရရှိမည်။ ပျော့ပြောင်းစွာ ပြုတ်ထားသော ကြက်ဥ၊ ဘဲဥ၊ ကြက်အသည်း (သို့) ငါး(သို့) ပဲတို့ရော၍ ထမင်းကို ပါ။ ကျွေးဟင်းသီးဟင်းရွက်များကိုလည်း ချေ၍ ထမင်းနှင့် ရောပြီးကျွေးပါ။

– တစ်နေ့လျှင် ကျွေးရမည့်  အကြိမ်နှင့် စားရမည့် အချိန်အဆ

– စားကာစတွင် တစ်နေ့လျှင် (၂)ကြိမ်ခန့် ဖြည့်စွက်စာ ကျွေးပါ။

– စားကာစ၌ တစ်ကြိမ်တွင် လက်ဖက်ရည်ဇွန်း (၂)ဇွန်းမှ (၂)ပတ်အကြာတွင် လက်ဖက်ရည်ဇွန်း (၆)ဇွန်းခန့် (အကြမ်းပန်းကန်လုံးတစ်လုံးထိ) စားနိုင်ပါသည်။

– ၆လမှ ၉လအထိ တစ်နေ့လျှင် (၄)ကြိမ်ထိ ကျွေးပါ။

– မိခင်နို့ ဆက်လက်သောက်စို့လျှင် သောက်စို့စေပါ။

– ၆လမှ ၉လကြားတွင် ကလေးတောင်းဆိုပါက ငှက်ပျောသီး၊ ဘီစကွတ်မုန့်တို့ကို ကျွေးနိုင်ပါသည်။ -ကြက်ဥဘဲဥကိုလည်း ထည့်သွင်းကျွေးနိုင်ပါသည်။ ဖြည့်စွက်စာကြီး ကျွေးပြီး ကြားတွင် ငှက်ပျောသီးမှည့်၊ သင်္ဘောသီးမှည့် (သို့) သရက်သီးမှည့်များကို ချေ၍ ကျွေးနိုင်ပါသည်။

– အသက် (၈)လခန့်တွင် ကလေးလက်နှင့် ကိုင်စားနိုင်သည့် အစာမျိုး (ဥပမာ-ဘီစကွတ်)ကို စားပါစေ။

– ၉လသား အရွယ်တွင် သွား (၂)ချောင်းမှ (၄)ချောင်းခန့် ထွက်ပြီးဖြစ်၍ ပိုမိုမာသော အစာများကို စားသုံးနိုင်ပါသည်။ ဝါး၍ စားရသည့် အစာမျိုးကို ကျွေးပါ။

– ၁နှစ်မှ ၃နှစ်အရွယ်တွင် ကလေးသည် တစ်ကြိမ်လျှင် အစာလက်ဖက်ရည် အချိုပန်းကန်တစ်လုံးမှ တစ်လုံးခွဲအထိ စားသုံးနိုင်ပါသည်။

– အသက်(၁)နှစ်တွင် ကျန်မိသားစုဝင်များစားရန် ချက်ပြုတ်ထားသည့် အစာထဲမှ ကလေးအတွက် အစာကောင်းကောင်းကို ရွေးချယ်၍ အတုံးသေးသေး ပျော့ပျော့ ပြောင်းပြောင်းဖြစ်အောင် ပြင်ဆင်၍ ကျွေးနိုင်ပါသည်။

– အသက်၆လမှ ၈လအရွယ်တွင် တစ်နေ့လျှင်(၂)ကြိမ်မှ (၃)ကြိမ်၊ အသက် ၉လမှ ၂နှစ်အရွယ်ထိ တစ်နေ့လျှင် (၃)ကြိမ် (၄)ကြိမ်ကျွေးသည့်အပြင် အာဟာရပြည့်ဝသော သွားရည်စာကိုလည်း (၁)ကြိမ်၊(၂)ကြိမ် ကျွေးပါ၊ မိခင်နို့ကိုလည်း ဆက်တိုက်နေပါ။

– အာဟာရဓာတ်များ ကြွယ်ဝသည့် အစာများကို ရွေးချယ်၍ကျွေးပါ။

– အသား၊ ငါးနှင့် ဥ အမျိုးမျိုးကို တတ်နိုင်သမျှ ကျွေးပါ။

– တတ်နိုင်လျှင် နေ့စဉ်ကျွေးပါ။

– မတတ်နိုင်လျှင် ပဲအမျိုးမျိုးကို ကျွေးပါ။

– အဝါရောင်နှင့် အနီရောင် အသီးအရွက်များကို ကျွေးပါ။

– ထမင်းတစ်မျိုးထဲ မကျွေးပါနှင့်။

– အသား၊ ငါး၊ ဥ၊ ပဲ တို့နှင့် ရော၍ ကျွေးပါ။

– မိခင်နို့ဆက်လက်တိုက်ရန် အခြေအနေမပေးပါက ဖြည့်စွက်စာနှင့်အတူ အာဟာရ လုံလောက်စွာ ပါဝင်သော အခြားနို့များကို ခွက်ဖြင့် တိုက်ကျွေးရန်။

– လက်ဖက်ရည်၊ ကော်ဖီ၊ အိုဗာတင်းနှင့် အချိုရည်များမတိုက်ရန် အထူးအရေးကြီးပါသည်။

– ဗီတာမင်သတ္တုဓာတ်များ ပါဝင်သည့် အားဆေးများ တိုက်နိုင်ပါသည်။

– ကလေး နာမကျန်း ဖြစ်နေစဉ် မိခင်နို့ကို အကြိမ် ပို၍တိုက်ပါ။

– ကလေးကြိုက်တတ်သည့် အစာမျိုးကို ချော့၍ကျွေးပါ။

– နာလန်ထပြီး (၂)ပတ်ကြာသည်အထိ အစာပို၍ ကျွေးပါ။

ပညာပေးစာစောင် မျိုးစုံရှိသည့်အနက် ဗဟိုအမျိုးသမီး ဆေးရုံကြီး၊ မွေးကင်းစဆောင်မှ ပြုစုထားသော အာဟာရ ပညာပေး စာစောင်လေးသည်ကား ပြည့်စုံလုံလောက်ပြီး နားလည်ရ လွယ်ကူသဖြင့် ဆင့်ပွား ဖော်ပြလိုက်ရပါသည်။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *