News

ပင်လယ်ရေကြောင်းမှ မှောင်ခိုသွင်း ဟန်းဆက် သုံးလအတွင်း တစ်သိန်းကျော် ရှိ

၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ ဇွန်လကုန်အထိ သုံးလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ မှောင်ခို တင်သွင်းလာသည့် ဟန်းဆက် အလုံးရေမှာ တစ်သိန်းကျော်အထိ ရှိနေကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်ဟု ဆိုသည်။

ယင်းဝန်ကြီးဌာနအနေဖြင့် နယ်စပ်တစ်လျှောက်တွင် မှောင်ခို ကုန်သွယ်နေမှုများအား ဖမ်းဆီးအရေးယူနိုင်ရန်အတွက် ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလမှစ၍ Mobile Teamအဖွဲ့များဖြင့် စစ်ဆေးခဲ့ရာတွင်လည်း ရှမ်းပြည်နယ်၊ နောင်ချိုတွင် မြို့ရှောင်လမ်းများမှတစ်ဆင့် တရားမဝင် တင်သွင်းနေသည့် ဟန်းဆက်အလုံးရေ ၁၆၀၀ကျော်အား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

ယခုအခါတွင် ပင်လယ်ရေကြောင်းမှတစ်ဆင့် တရားမဝင် ကုန်သွယ်မှုများကို ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်းရှိ ကမ်းရိုးတန်း ကုန်သွယ်မှုဆိုင်ရာ ဆိပ်ကမ်းနယ်မြေ၊ ပင်လယ်ဝမှ ရန်ကုန်မြစ်တစ်လျှောက် နယ်မြေနှင့် အပြည်ပြည်ဆိုင်ရာ ရေကြောင်း ဆိပ်ကမ်းများတွင် နယ်မြေခွဲခြား စစ်ဆေးသွားမည်ဟု ဆိုသည်။ ကုမ္ပဏီများက နှစ်စဉ် ဟန်းဆက်တင်သွင်းရန် လိုင်စင်ယူထားသည့် ပမာဏမှာ အလုံးရေ သိန်းချီ၍ ရှိသော်လည်း အမှန်တကယ် အခွန်ဆောင်ပြီး တင်သွင်းသည့် အရေအတွက်မှာ သောင်းဂဏန်းသာ ရှိကြောင်း သိရသည်။

လက်ရှိတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တွက်ချက်မည်ဆိုပါက ဟန်းဆက် လိုအပ်ချက်များပြားနေပြီး ကုန်သွယ်မှု စာရင်းများအရ တရားဝင် ကုန်သွယ်မှု အရေအတွက်နှင့် တန်ဖိုးမှာ နည်းပါးနေပြီး လေဆိပ်၊ ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် တင်သွင်းမှုမှာ များပြားနေသည်ဟု ဆိုသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ပင်လယ်ရေကြောင်း၊ ကုန်သွယ်မှုမှတစ်ဆင့် မှောင်ခိုတင်သွင်းလာသော ဟန်းဆက် အလုံးရေမှာ ငါးသောင်းကျော်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ဒဿမ ၁သန်းကျော်ဖိုး ရှိကြောင်း သိရပါသည်။

နိုင်ငံတော်မှ ပြည်သူများ ဆက်သွယ်ရေး ပိုမို ကောင်းမွန်လာစေရန်အတွက် ယခုနောက်ပိုင်းတွင် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကို တစ်သုတ်ပြီး တစ်သုတ် ချထားပေးလျက် ရှိသကဲ့သို့ ဟန်းဆက်ဝယ်လိုအားလည်း များလာခဲ့ရာ ဟန်းဆက်အရောင်းဆိုင်များလည်း ရန်ကုန်တစ်မြို့လုံးတွင် မှိုပေါက်သလို တစ်ဆိုင်ပြီး တစ်ဆိုင် နေရာအနှံ ပေါ်ပေါက်လာကြသည်။

ဟန်းဆက်အမျိုးအစားများကလည်း သောင်းကျော်မှ သိန်းကျော်အထိ ဘယ်ခေတ်ကာလနှင့်မျှ မတူအောင် စုံလင်လှသည်။ မိမိ တတ်နိုင်သည့် အနေအထားနှင့်အညီ ဝယ်ယူသုံးစွဲနိုင်သည်။ ထိုဟန်းဆက်များထဲတွင် အထက်က သတင်းလို မှောင်ခိုအလုံးများ အဘယ်မျှ ပါဝင်နေမည်တော့ မသိနိုင်ပါလေ။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *