News

HIV ဝေဒနာရှင်တစ်ဦး စက်ဘီးဖြင့် မြန်မာပြည်ပတ်၍ ဟောပြောမည်

HIV ရောဂါနှင့် ပတ်သက်၍ အသိပညာပေးမှုကို စက်ဘီးဖြင့် မြန်မာနိုင်ငံအနှံ့ လိုက်လံဟောပြောမည့် HIV ဝေဒနာရှင်တစ်ဦးအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။ စက်ဘီးဖြင့် မြန်မာနိုင်ငံအနှံ့ လိုက်လံဟောပြောမည့် ဝေဒနာရှင် အမျိုးသား ကိုဝင်းမောင် (အမည်လွှဲ)အား မြို့နယ်အသီးသီးရှိ နာရေးကူညီမှုအသင်းများမှ ကူညီသွားမည်ဟုဆိုသည်။

“ကျွန်တော်တို့ နာရေးကူညီမှုအသင်းက HIV ဝေဒနာရှင်တစ်ဦးကို မြန်မာပြည်အနှံ့ စက်ဘီးနဲ့ လှည့်လည်ဟောပြောနိုင်အောင် ကူညီပေးသွားပါမယ်။ မြန်မာပြည်အနှံ့ကိုသွားပြီး တိုင်းရင်းသားပေါင်းစုံနဲ့ တွေ့ဆုံကာ ဟောပြောနိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ သူအသုံးပြုမယ့် တောင်တက်စက်ဘီး တန်ဖိုးငွေကိုလည်း လှူဒါန်းသွားမယ်။ သူလိုအပ်မယ့် စားသောက်ဖွယ်ရာနဲ့ ငွေကြေးတွေကို မြို့နယ်အသီးသီးက နာရေးကူညီမှုအသင်းတွေက ကူညီပေးသွားမှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ စီစဉ်နေတုန်းပဲ ရှိပါတယ်”ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူက ပြောကြားသည်။
HIVရောဂါ ကူးစက်ခံနေရသူများသည် AIDS အဆင့်သို့ မရောက်ရှိသေးချိန်တွင် သာမန်လူများကဲ့သို့ သွားလာပြီး အလုပ်လုပ်ကိုင်နိုင်ကြောင်းနှင့် AIDS ဝေဒနာ စတင်ခံစားရသောအခါ အလုပ်အကိုင်များ မလုပ်နိုင်တော့သဖြင့် ထောက်ပံ့ကြေးငွေဖြင့်သာ ရပ်တည်နေရကြောင်း သိရသည်။

“အရင်တုန်းကတော့ ကျွန်မလည်း အလုပ်လုပ်နိုင်ပါတယ်။ အခုရောဂါပိုးတွေ့ပြီးနောက်ပိုင်းမှာ AIDSဖြစ်လို့ ART ဆေးသောက်နေရပါတယ်။ ဘာအလုပ်မှ မလုပ်နိုင်ဘူး။ လှူမယ့်သူကိုပဲ စောင့်နေရတယ်။ ကျွန်မမှာ သားလေးရှိတယ်။ သူ့ကို ကိုယ်ဝန်ဆောင်ရင်း သွေးစစ်တော့မှ ရောဂါရှိမှန်းတွေ့တာ။ သားလေးမှာတော့ ရောဂါပိုး မရှိဘူး။ ကျွန်မနေခဲ့တဲ့ မေတ္တာရှင်ဂေဟာမှာတော့ ရောဂါဖြစ်နေသူ ၁၀၀လောက်ရှိတယ်”ဟု ယုဇနဥယျာဉ်မြို့တော်နေ AIDS ဝေဒနာရှင် မပန်းဆီ(အမည်လွှဲ)က ပြောသည်ဟု ဆိုသည်။

လက်ရှိ အခြေအနေတွင် AIDS ဝေဒနာရှင်များအတွက် နိုင်ငံတော်မှ ART ဆေးများကို အခမဲ့ပေးထားပြီး ရောဂါဝေဒနာ ခံစားနေရကာ အလုပ်မလုပ်နိုင်သော ဝေဒနာရှင်များသည် အလှူရှင်များ၏ ထောက်ပံ့ငွေများကို မျှော်လင့်နေရကြောင်းလည်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *