လူမှုစီးပွား စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ပရော်ဖက်ဆာ မိုဟာမက် ယူနွတ်(စ်)သည် ဇူလိုင်လ (၁၉) ရက်နေ့ မှ (၂၂) ရက်နေ့အတွင်း ဗြိတိသျှကောင်စီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လျှက် ရှိပါသည်။ ပရော်ဖက်ဆာ ယူနွတ်(စ်) ၏ ခရီးစဉ်သည် မြန်မာနိုင်ငံ၏ ဆင်းရဲမှုပပျောက်ရေးကို အထောက်အပံ့ဖြစ်စေသော စီးပွားရေးလုပ်ငန်းများ၏ အခန်းကဏ္ဍအရေးပါမှုကို မီးမောင်းထိုးပြနိုင်သည့် အခွင့်အရေးတစ်ခုဖြစ်ပါသည်။
စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအစိုးရသည် ပြည်သူများအားလုံးအတွက် အကျိုးဖြစ်ထွန်းစေသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှလည်း သာတူညီမျှရှိပြီး အများအကျိုးဖြစ်ထွန်းစေသော စီးပွားရေးကို တည်ဆောက်ရန် ကြိုးပမ်းရမည်ဟု ပြောကြားခဲ့ပါသည်။
အသေးစား ငွေချေးခြင်း လုပ်ငန်းစိတ်ကူးကို ၁၉၇၀ ခုနစ် နောက်ပိုင်းတွင် စတင်အကောင်အထည်ဖော်ခဲ့သော ပရောဖက်ဆာ ယူနွတ်(စ်) သည် ၁၉၈၃ ခုနစ်တွင် Grameen Bank ကို ထူထောင်ခဲ့သည်။ ထိုအချိန်မှစ၍ ကမ္ဘာတစ်ဝန်းရှိ ဆင်းရဲမှု တိုက်ဖျက်ရေးနှင့် အမျိုးသမီးများ ကဏ္ဍမြှင့်တင်ရေးတို့တွင် အသေးစား ငွေချေးလုပ်ငန်းသည် အင်အားကောင်းသော လက်နက်ကောင်းတစ်ခုဖြစ်ခဲ့ပါသည်။ သူ၏ ကြိုးပမ်းမှုများအတွက် ၂၀ဝ၆ ခုနစ်တွင် ပရော်ဖက်ဆာ ယူနွတ်(စ်) သည် ငြိမ်းချမ်းရေး နိုဘယ်ဆုကို လက်ခံရရှိခဲ့ပါသည်။
ပရော်ဖက်ဆာ ယူနွတ်(စ်) သည် ဇူလိုင်လ ၂၀ ရက်နေ့ ညနေ ၃:ဝ၀ နာရီ မှ ၅:၃၀ နာရီ အထိ ဖိတ်ကြားထားသော စီးပွားရေးနှင့် လူမှုရေးအဖွဲအစည်းများကို ကိုယ်စားပြုသော တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ရန်ကုန်မြို့ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီရုံး၌ တွေ့ဆုံခဲ့ပါသည်။
ထိုသို့ တွေ့ဆုံရာတွင် ပရော်ဖက်ဆာ ယူနွတ်(စ်)မှ မြန်မာနိုင်ငံ၌ လူမှုစီးပွားလုပ်ငန်းများ၏ အနာဂတ်အလားအလာများအကြောင်း ပြောကြားရန် မိမိအား ယခုလို ဖိတ်ကြားခဲ့သည့်အတွက် အထူးဝမ်းမြောက်မိပါကြောင်း၊ အစိုးရ၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ သာမက လူတစ်ဦးတစ်ယောက်ချင်း အနေနှင့်လည်း လူမှုစီးပွားရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နိုင်ပြီး မိမိတို့ အလေးထားသော လူမှုအခက်အခဲ တစ်ခုခုကို ဖြေရှင်းရာတွင် ပါဝင်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။
ပရော်ဖက်ဆာ ယူနွတ်(စ်)ကို မြန်မာနိုင်ငံသို့ ကြိုဆိုနှုတ်ဆက်စကား ပြောကြားရာ၌ ဗြိတိသျှကောင်စီ၏ မြန်မာနိုင်ငံ ညွှန်ကြားရေးမှူး Kevin Mackenzie မှ ပရော်ဖက်ဆာ ယူနွတ်(စ်)အား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ပရော်ဖက်ဆာသည် ဆင်းရဲချို့တဲ့သူများ မိမိအားကို မိမိကိုး၍ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရန် ကူညီရာတွင် ကမ္ဘာတစ်လွှား ကျော်ကြားသူဖြစ်ကြောင်း၊ ၎င်း၏ သုံးသပ်ချက် အကြံဉာဏ်များ ယခုလို အချိန်တွင် ရရှိခြင်းသည် အချိန်ကောင်းပင်ဖြစ်ကြောင်း ပြောကြားပါသည်။
ပရော်ဖက်ဆာ ယူနွတ်(စ်) သည် လက်ရှိအရင်းရှင်စနစ်ကို အမြဲတန်း ဝေဖန်ခဲ့ပြီး ထိုစနစ်သည် လူသားတို့၏ စာနာစိတ်နှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပြည့်စုံစွာ ဖော်ဆောင်နိုင်ခြင်းမရှိဟု ဝေဖန်ခဲ့ပါသည်။ ၎င်း၏ ထင်ရှားသော အဆိုတစ်ခုမှာ “ဆင်းရဲခြင်း ကင်းစင်သော ကမ္ဘာတစ်ခုကို ကျွန်ုပ်တို့ တည်ဆောက်နိုင်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဆင်းရဲမှုကို ဆင်းရဲသားများက ဖန်တီးထားခြင်းမဟုတ်သောကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့ စိတ်ကြိုက်တည်ဆောက်ထားသော လက်ရှိ စီးပွားရေးနှင့် လူနေမှုစနစ်များကသာလျှင် ဆင်းရဲမွဲတေမှုကို ဖန်တီးကာ သက်ဆိုးရှည်စေခြင်း ဖြစ်ပါသည်။” ဟုဖြစ်သည်။
ပရော်ဖက်ဆာ ယူနွတ်(စ်)၏ မိန့်ခွန်းအပြီးတွင် နိုင်ငံတော်သမ္မတ၏ စီးပွားရေးအကြံပေးဖြစ်သူ ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက်မှ ပရော်ဖက်ဆာ ယူနွတ်(စ်) ရောက်ရှိလာသည့် အချိန်သည် လျှော်ကန်ပြီး အရေးပါသည့့်် အချိန်ကောင်းပင် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူမှုစီးပွား စွန့်ဦးတီထွင်သူတစ်ဦးဖြစ်သည့် ၎င်း၏ အကြံဉာဏ်များသည် ကမ္ဘာတစ်လွှားသို့ ပြန့်နှံ့နေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံသို့ ၎င်းလာရောက်မှုသည် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍအား မြှင့်တင် အားသစ်လောင်းရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသွားပါသည်။
အဆိုပါ ရန်ကုန်မြို့တွင် ကျင်းပသော တွေ့ဆုံပွဲတွင် ဖွံ့ဖြိုးဆဲ လူမှုစီးပွားရေး လုပ်ငန်းရှင်များထဲမှ လူသိများသော လူမှုစီးပွားလုပ်ငန်းတစ်ခုဖြစ်သည့် Proximity Designs အား ထူထောင်သူ တစ်ဦးဖြစ်သော Debbie Aung Din မှ မှတ်ချက်ပေးရာတွင် မြန်မာနိုင်ငံမှာ ချို့ငဲ့သူများကို အကူအညီပေးသော ဓလေ့စရိုက်သည် ဟိုးရှေးယခင်ကပင် ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ထိုဓလေ့သည် ကောင်းသော ဓလေ့ဖြစ်သော်လည်း ဆင်းရဲချို့ငဲ့သူများကို အထက်စီးမှ ကူညီသကဲ့သို့ပင် ဖြစ်ကြောင်း၊ လူမှုစီးပွားရေးလုပ်ငန်းများသည် လူအများကို ဂုဏ်သိက္ခာရှိရှိ Customer များကဲ့သို့ ဆက်ဆံပြီး ရွေးချယ်နိုင်သည့် နည်းလမ်းများကို ပေးပါကြောင်း၊ တစ်ဦးနှင့် တစ်ဦးကြားတွင် ရှိသော ဆက်ဆံရေးဟာ သနားကြင်နာမှုကို အခြေပြုသော ဆက်ဆံရေးဟု ပြောခြင်းထက် သာတူညီမျှ ရောင်းဝယ်ဖလှယ်ခြင်းအပေါ် အခြေပြုထားခြင်း ဖြစ်ပါကြောင်း မှတ်ချက်ပေးပြောကြားပါသည်။
ပရော်ဖက်ဆာ ယူနွတ်(စ်)သည် ဇူလိုင်လ ၂၁ ရက်တွင် နေပြည်တော်၌ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ ကမကထပြုသော တွေ့ဆုံပွဲတစ်ရပ်တွင် ထိပ်တန်းအစိုးရ အရာရှိကြီးများနှင့် တွေ့ဆုံမည် ဖြစ်သည်။ အဆိုပါ နေပြည်တော်တွေ့ဆုံပွဲသည် အစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအတွက် ပြည်သူလူထုအပေါ် အကျိုးသက်ရောက်သော စီးပွားရေးလုပ်ငန်းများကို မြန်မာနိုင်ငံတွင် ဖော်ဆောင်ရန် မည်ကဲ့သို့ အကောင်းဆုံးဆောင်ရွက်ရမည်ကို ဆွေးနွေးရန် အခွင့်အရေးတစ်ရပ်ပင် ဖြစ်ပါသည်။
ဗြိတိသျှကောင်စီသည် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနနှင့်အတူ လက်တွဲ၍ လူမှုစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးတွင် ပါဝင်လျက်ရှိပြီး မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများမှ လူမှုအကျိုးအမြတ်များ အမြင့်ဆုံးရရှိစေရန် ပတ်ဝန်းကျင်တစ်ခုဖော်ဆောင် အကောင်အထည်ဖော်နိုင်ရန် အစိုးရအရာရှိများ၏ အရည်အသွေးကို မြှင့်တင်ရေးတွင်လည်း ပူးပေါင်းပါဝင်လျက်ရှိပါသည်။
ယူကေနိုင်ငံမှ Social Enterprise World Forum ၏ နာယက နှင့် Social Enterprise UK ၏ ဥက္ကဋ္ဌဖြစ်သူ Peter Holbrook မှ ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောကြားရာ၌ မြန်မာနိုင်ငံတွင် တောက်ပသည့် အနာဂတ်ရှိကြောင်း၊ လူမှုစီပွားလုပ်ငန်းများသည် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများမှ လူတိုင်း အကျိုးအမြတ်များရရှိစေရန် အခွင့်အလမ်းများ ဖွင့်ပေးမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။