Genre – Supernatural, Action
Studio – Studio Gokumi
No. of Episodes – 13
Score – 3 out of 5
Studio Gokumiက ရေးဆွဲထားပြီး နာမည်ကျော် Action ဇာတ်လမ်းတွဲ တစ်ခုဖြစ်တဲ့ Fate/ Stay Night Seriesရဲ့ Directorဖြစ်သူ Yuji Yamaguchi ရိုက်ကူးထားတဲ့ The Severing Crime Edge အမည်ရ Animation Seriesသစ်ဟာ Romantic Comedy ဇာတ်လမ်း အများစုမှာ မြင်တွေ့ရတတ်တဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကောင်ပုံစံနှင့် ကြမ်းတမ်းတဲ့ တိုက်ခိုက်ခန်းတွေ၊ ဇာတ်ဝင်ခန်းတွေကို ပေါင်းစပ်ထားပြီး Fate/stay Night ဇာတ်လမ်းကျောရိုးနှင့် အနည်းငယ် ဆင်တူတဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။ The Severing Crime Edgeဟာ Moe’ ဇာတ်ကောင် လေးတွေ ပါဝင်တယ်ဆိုပေမယ့် သူ့ရဲ့ မူရင်းဇာတ်လမ်းက လူကြီးကြိုက် Seinen ဇာတ်လမ်း အမျိုးအစားတွေကိုပဲ အဓိက ထည့်သွင်းဖော်ပြလေ့ရှိတဲ့ Monthly Comic Alive Magazineမှာ 2009ကတည်းက ယခုထိ ထွက်ရှိနေဆဲဖြစ်တဲ့ The Severing Crime Edge Manga ကို မှီငြမ်းထားတဲ့ အတွက်ကြောင့် ပုံမှန် High School Action ဇာတ်လမ်းတွေထက် ဇာတ်အိမ်ပိုခိုင်ပြီး ပိုကြည့်ကောင်းမယ် ဆိုတာ သတိထားနိုင်မှာပါ။ ဒါပေမယ့် ကြိုသိထားသင့်တဲ့ Crime Edgeရဲ့ အားနည်းချက်တစ်ခုက C3တို့ Highschool of the Dead တို့လိုမျိုးပဲ မပြီးဆုံးသေးတဲ့ မူရင်းဇာတ်လမ်းကို မှီငြမ်းထားတဲ့အတွက်ကြောင့် Animation ဇာတ်လမ်းပြီးသွားပေမယ့် သူ့ရဲ့ Storyline တစ်ခုလုံး ပြီးသွားမှာ မဟုတ်တဲ့ အချက်ပါပဲ။
Kiri Haimura ဟာ အပေါ်ယံကြည့်ရင် သာမန်အထက်တန်း ကျောင်းသားတစ်ယောက် အဖြစ်သာ မြင်တွေ့ရပေမယ့် သူဟာငယ်စဉ်ကတည်းက ပိုင်ဆိုင်ထားတဲ့ ကပ်ကြေးနှင့် ဆံပင်များကို လိုက်လံ ညှပ်ချင်သူ တစ်ယောက်ပါ။ တစ်ရက်မှာတော့ Kiriဟာ Iwai Mushanokoji အမည်ရ မွေးကတည်းက ကျိန်စာသင့်နေပြီး ညှပ်လို့မရတဲ့ ဆံပင်ပိုင်ဆိုင်ထားသူ ကောင်မလေးနှင့် တွေ့ဆုံခဲ့ရပုံနှင့် ဇာတ်လမ်း စတင်ထားပါတယ်။ ဇာတ်လမ်းစတင်ပြီး မကြာခင်မှာဘဲ Kiri အနေနှင့် မိမိဟာ Norma Grayland အမည်ရတဲ့ 1860 ကျော်ခုနှစ်အတွင်းက လူသတ်မှုများ ကျူးလွန်ခဲ့သူ Serial Killerရဲ့ မျိုးဆက် ဖြစ်ကြောင်း သိရှိခဲ့ရပြီး အဆိုပါ လူသတ်သမားများ၏ လက်နက်များမှာ Killing Goods အမည်ရ ဖျက်ဆီး၍ မရသော ကျိန်စာသင့်လက်နက်များအဖြစ် ယနေ့ခေတ်အထိ ဆက်လက် ကျန်ရှိနေကြ သေးကြောင်း သိရှိလိုက်ရပါတယ်။ အဆိုပါ Killing Goods များကို ပိုင်ဆိုင်ထားသော Authors အမည်ရ Serial Killer များ၏ မျိုးဆက်များမှာ ကျိန်စာသင့် လက်နက်များ၏ ထိန်းချုပ်မှု ခံရလေ့ရှိကြောင်း သိရှိခဲ့ရပြီး Kiriဟာ မိမိငယ်စဉ်ကတည်းက ကိုင်တွယ်လျှက်ရှိသော ကပ်ကြေးမှာ လူသတ်လက်နက် Killing Goods တစ်ခုဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။ ထို့နောက်မှာတော့ Kiri၏ Crime Edge အမည်ရ Killing Goodsဖြင့် Iwai ရဲ့ ကျိန်စာသင့် ဆံပင်တွေကို ဖြတ်နိုင်ကြောင်း သိရှိခဲ့ရသလို Iwai ကိုအခြား Killing Goods ပိုင်ရှင် လူသတ်သမားများရန်မှ ဆက်လက် ကာကွယ် ပေးရပုံဖြင့် ဇာတ်လမ်း ဆက်ထားတာကို တွေ့ရပါတယ်။
The Severing Crime Edge ဇာတ်လမ်းဟာ ပထမ episode တစ်ခုတည်းကို ကြည့်ရင် Supernaturalနှင့် Romance ရောစပ်ထားတဲ့ ကြည်နူး ဇာတ်လမ်းတစ်ခုလို မြင်တွေ့ရပြီး Episode 2ကို ရောက်လို့ Opening Songကို ကြည့်လိုက်တာနှင့် Action ခန်းတွေ အများကြီး ပါလာတော့မည် ဆိုတာ ကြိုမှန်းလို့ ရသွားပါလိမ့်မယ်။ ဒါတင်မကဘဲ Crime Edgeဟာ Anime Series တစ်လျှောက် Romanceနှင့် Action ပုံစံမျိုးစုံကို ပြောင်းလဲ နေတာ တွေ့ရပြီး တစ်ပိုင်းမှာ ပျော်စရာ ဇာတ်လမ်း ဖြစ်သွားလိုက်၊ နောက်တစ်ပိုင်းမှာ ကြောက်မက်ဖွယ် လူသတ်သမားတွေနှင့် တိုက်ခိုက်ရတဲ့ ဇာတ်လမ်း ဖြစ်သွားလိုက် အစရှိသဖြင့် ပြောင်းလဲနေပေမည့် ဇာတ်လမ်းအခြေအနေအရ လိုရင် လိုသလို တင်ဆက်မှုပိုင်းကိုတော့ ပြောင်းလဲနိုင်တာ တွေ့ရမှာပါ။ Zombieတွေ ထောင်ဖောက် ပြေးလာတဲ့ တင်းပုပ်လက်နက် Killing Goodsကိုင် လူသတ်သမားတွေ အစရှိတဲ့ ကြမ်းတမ်းတဲ့ Authors တွေနှင့် တိုက်ခိုက်တဲ့ အခန်းမှာတော့ Kill Bill ရုပ်ရှင်လို Color Filterတွေ ခံထားတာ တွေ့ရပါတယ်။ ဆိုးတဲ့တစ်ချက်က Color Filter ခံထားတဲ့ အခန်းတွေပါဝင် Action ခန်းတွေ လာတော့မယ် ဆိုတာကို ကြိုသိနေရလို့ ကြည့်ရတာ ပေါ့သွားပေမယ့် BluRay Version ထွက်လာရင်တော့ Filter ပိုင်းကို ဖြုတ်လိုက်နိုင်ရင် ပိုအဆင်ပြေသွားနိုင်မှာပါ။
လက်ရှိအချိန်မှာ Episode 13မှာ အဆုံးသတ်ထားတဲ့ The Severing Crime Edge ဟာ ပင်မ ဇာတ်လမ်းမပြီးဆုံးသေးပေမယ့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းနှင့် ပုံသေနည်း မဆန်ပဲ ထူးဆန်းတဲ့ လက်နက်မျိုးစုံ အသုံးပြုပြီး တိုက်ခိုက်တဲ့ တိုက်ပွဲတွေ ပါဝင်တဲ့အတွက် Supernatural Action ဇာတ်လမ်း နှစ်သက်သူများ အကြိုက်တွေ့မယ့် Series တစ်ခုဖြစ်ပါတယ်။