News

ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးအတွင်း ဆက်သွယ်ရေး ဥပဒေကြမ်းအား အတည်ပြုနိုင်ရန် တိုက်တွန်း

Pyithu Hluttaw

ဆက်သွယ်ရေး ဥပဒေကြမ်းအား သတ္တမ ပုံမှန်လွှတ်တော် အစည်းအဝေးအတွင်း အမြန်ဆုံး အပြီးသတ် အတည်ပြုနိုင်ရေး ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရဦးရွှေမန်းက တိုက်တွန်းပြောကြားခဲ့သည်ဟု သိရသည်။ သြဂုတ်လ ၂ရက်နေ့က ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ၁၇ရက်မြောက်နေ့တွင် အမျိုးသားလွှတ်တော်မှ အတည်ပြုချက်ဖြင့် ပေးပို့သော ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ အစီရင်ခံစာ ဖတ်ကြားအပြီးတွင် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များအား ပြောကြားခြင်း ဖြစ်သည်။

“ယင်း ဆက်သွယ်ရေး ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်မှ ဥပဒေကြမ်း တင်ပြနိုင်ဖို့အတွက် ပြည်သူ့လွှတ်တော်မှ ပို့ဆောင်ရေး ဆက်သွယ်ရေး ဆောက်လုပ်ရေး ကော်မတီ၊ ဥပဒေကြမ်း ကော်မတီနဲ့ ကျွန်တော်တို့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အများကြီးလည်း အကူအညီပေးခဲ့တဲ့အတွက်ကြောင့် အချိန်တိုအတွင်းမှာ ဆက်သွယ်ရေး ဥပဒေကြမ်းကို ပြည့်ပြည့်စုံစုံလေး၊ နိုင်ငံတကာကလည်း လက်ခံနိုင်တဲ့၊ ပြည်တွင်းလုပ်ငန်းရှင်များအတွက် လုပ်ငန်းကိုင်ငန်း အခွင့်အလမ်း ရနိုင်တဲ့ ပြည်သူများအတွက်လည်း အချိန်တိုအတွင်းမှာ ဆက်သွယ်ရေး ဝန်ဆောင်မှုများ မြန်မြန်ဆန်ဆန် ရနိုင်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာပြီဖြစ်တယ်”ဟု ပြောကြားခဲ့သည်။

သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း “ကျွန်တော်တို့ တိုင်းပြည်အတွက် Technologyအတတ်ပညာ အားနည်းနေတယ်။ အတတ်ပညာ အားကောင်းပြီး တအားမြန်ဆန်နေတဲ့ ကမ္ဘာကြီးမှာ ကျွန်တော်တို့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ အရေးအကြီးဆုံးက ပြည်သူလူထုကိုသာ အကာအကွယ်ပေးနိုင်သလဲ၊ ဒီလို အကာအကွယ် ပေးနိုင်ဖို့အတွက် နည်းပညာစနစ်တွေ ဘယ်လို အသုံးချမလဲ။ ဒါအရေးအကြီးဆုံးပဲ။ ဒီ ဥပဒေကြမ်းကို အကြမ်းဖျဉ်းဖတ်ခဲ့တဲ့အချက်မှာ ဆက်သွယ်ရေး ဒုဝန်ကြီးတို့ဘာတို့ဟာ ပညာရှင်တွေဖြစ်တော့ ဒီပညာရှင်တွေရဲ့ အမြင်တွေကို ဥပဒေကြမ်း ကော်မတီက နားလည်ပြီးတော့ ဆောင်ရွက်တဲ့အတွက် ကျွန်တော့်သက်တမ်း၊ လွှတ်တော်သက်တမ်း ၃၀မှာပေါ့။ ထောင်ဒဏ်တွေ တော်တော်များများ လျှော့တာ ဒီဥပဒေတစ်ခုပဲ ရှိတယ်။ ဥပဒေကြမ်းအဖွဲ့က တော်တော်များများ မူလ ဥပဒေတွေကို ပြင်ဆင်လိုက်တဲ့ဟာတွေ တွေ့ရတော့ ဒီဥပဒေကြမ်းအပေါ် တစ်စုံတစ်ရာ အားရတယ်။ ခံတွင်းတွေ့တယ်”ဟု သုံးသပ်ပြောကြားသည်။

အဆိုပါ ဆက်သွယ်ရေး ဥပဒေကို အမြန်ဆုံး အတည်ပြု ပြဋ္ဌာန်းနိုင်မှသာလျှင် ဆက်သွယ်ရေး လုပ်ငန်းများ၊ လုပ်ကိုင်ရန် တာစူနေကြသော နိုင်ငံခြား ကုမ္ပဏီများနှင့် ပြည်တွင်းလုပ်ငန်းများမှ လုပ်ငန်းများကို မြန်မြန်ဆန်ဆန် ဥပဒေနှင့်အညီ အကောင်အထည် ဖော်ဆောင်နိုင်မည်ဖြစ်ပြီး ပြည်သူများအနေနှင့်လည်း ဖွံ့ဖြိုးတိုးတက်လာမည့် ဆက်သွယ်ရေး လုပ်ငန်းဆိုင်ရာ အသီးအပွင့်များကို အလျင်အမြန် ခံစားနိုင်ကြမည် ဖြစ်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *