News

ပြည်တွင်းတွင် မိုဘိုင်းဖုန်း ကိုင်သူ ၅ ဒဿမ ၂သန်းကျော်ရှိ အိမ်ထောင် တစ်စုလျှင် တစ်လုံး မကိုင်နိုင်သေး

ပြည်တွင်းတွင် မိုဘိုင်းဖုန်း အသုံးပြုသူဦးရေ ၅ ဒဿမ ၂သန်းကျော်ရှိလာပြီဖြစ်ပြီး ပြည်တွင်း အိမ်ထောင်စု တစ်စုလျှင် မိုဘိုင်းဖုန်း တစ်လုံး သုံးစွဲနိုင်သည့် အခြေအနေ မရှိသေးကြောင်း၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်း အသုံးပြုမှုမှာ ပြီးခဲ့သည့် ဇူလိုင်လအထိ ချထားပေးခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းဖုန်းအရေအတွက် ၁ ဒဿမ ၄သန်းချထားပေးမှု ပြီးစီးသည့် အချိန်အထိ အလုံးရေ စုစုပေါင်း ၅ ဒဿမ ၂သန်းကျော်ရှိလာပြီ ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စုပေါင်း ၈ ဒဿမ ၇သန်းကျော် ရှိသည့်အတွက် အိမ်ထောင်စု ၁ ဒဿမ ၇စုလျှင် မိုဘိုင်းဖုန်း တစ်လုံးသာ ကိုင်ဆောင်နိုင်သေးခြင်း ဖြစ်သည်ဟု ဆက်သွယ်ရေး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တန်ဖိုးနည်းဖုန်းများကို ယခုနှစ် ဧပြီလမှ စတင်၍ ကျပ် ၁၅၀၀ဖြင့် ရောင်းချပေးခဲ့ပြီး ယခုသြဂုတ်လအတွက် ရောင်းချပေးမည်ဖြစ်သည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

သြဂုတ်လအတွက် မိုဘိုင်းဖုန်းဆင်းမ်ကတ်များ ချထားပေးမှုတွင် CDMA 800 MHz ၁၅၀,၀၀၀နှင့်  GSM ၂၁၀,၀၀၀ဖြစ်ပြီး စုစုပေါင်း အလုံးရေ ၃၆၀,၀၀၀ ချထားပေးမည်ဖြစ်သည်။ ယခုလအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းဆင်းမ်ကတ်ချထားပေးမည့် စာရင်းများ ထုတ်ပြန်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာရင်းများကို တိတိကျကျ ထုတ်ပြန်ပေးထားပြီး တစ်နိုင်ငံလုံးတွင် ချထားပေးမည့် စာရင်းကို အတိအကျ ဖော်ပြပေးထားသည်။

ကျပ် ၁၅၀၀ဖြင့် ဖုန်းဆင်းမ်ကတ်ချထားပေးရာတွင် GSMဖုန်းများကို ဇူလိုင်လက စတင်ချထားပေးခဲ့ခြင်းဖြစ်ပြီး ဈေးကွက်အတွင်း ကျပ်သိန်းဂဏန်းကျော် ပေါက်ဈေးရှိနေသည်။ ပြင်ပမိုဘိုင်းဆင်းမ်ကတ်ဈေးကွက်နှင့် ပတ်သက်၍ Mr.Fone ဟန်းဆက်အရောင်းဆိုင်မှ အထွေထွေမန်နေဂျာကိုထက်လင်းက “ပြီးခဲ့တဲ့လတုန်းက မိုဘိုင်းဆင်းမ်ကတ်တွေက ပြင်ပမှာ ဈေးနှုန်းကျပ်တစ်သိန်းခွဲလောက်အထိ ဖြစ်သွားတယ်။ ဒါပေမယ့် ပွဲစားတွေရဲ့ လက်ထဲမှာလည်း ဆင်းမ်ကတ်တွေ မရှိသလောက်တောင် နည်းပြီး ဈေးကမြင့်တက်နေတာပါ။ ဒီလဆင်းမ်ကတ်တွေ ဆက်ချပေးရင်လည်း ပြင်ပဈေးကွက်မှာ ဈေးဘယ်လောက် ပေါက်ဦးမလဲ မသိဘူး။ မိုဘိုင်းဆင်းမ်ကတ်ချပေးတဲ့အချိန်ဆို ဟန်းဆက်တွေ အရောင်းအဝယ် ကောင်းလာပြီး၊ အသုံးပြုသူတွေ အများစုကတော့ ကျပ်တစ်သိန်းဝန်းကျင် ဟန်းဆက်ကို ကိုင်ကြတာများပါတယ်”ဟု ပြောသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *