News

တိုက်ကြေကား သိမ်းဆည်းအရေအတွက် ၁၀၂စီး ရှိပြီ

Accident car

ပြည်ပမှ တင်သွင်းလာသော ပျက်စီးမှုများသည့် တိုက်ကြေကားများကို ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းမှု အခြေအနေမှာ မေလ ၁၄ရက်နေ့တွင် ပထမအကြိမ်အဖြစ် မော်တော်ယာဉ် ၂၇စီး၊ မေလ ၃၁ရက်နေ့တွင် ၄၂စီးနှင့် ဇွန်လ ၂၈ရက်နေ့တွင် ၃၃စီး သိမ်းဆည်းခဲ့သဖြင့် ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းထားသည့် အရေအတွက် စုစုပေါင်း ၁၀၂စီး အထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်၏ ယာဉ်အိုယာဉ်ဟောင်းများ အစားထိုး လဲလှယ်ရေး စီမံချက်ကို အကောက်ခွန် ဦးစီးဌာနမှ ၂၀၁၁ခုနှစ်အတွင်း စတင်ဆောင်ရွက်ပေးခဲ့ရာတွင် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ၁၅ရက်နေ့ နောက်ပိုင်း၊ တိုက်ကြေပျက်စီးကား တင်သွင်းလာမှုများ ရှိခဲ့ပြီး ယင်းကားများ၏ အနေအထားအရ သုံးစွဲသူများအတွက် လုံခြုံစိတ်ချရမှု မရှိနိုင်သော အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်များဖြစ်ကြောင်း တွေ့ရှိရသဖြင့် သုံးစွဲသူ ပြည်သူလူထုအတွက် ထိခိုက်နစ်နာစေနိုင်ခြင်း၊ အသက်အန္တရာယ် ဖြစ်စေနိုင်ခြင်းတို့ကြောင့်လည်းကောင်း၊ ကုန်သွယ်ရေး မူဝါဒအရလည်းကောင်း၊ အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရလည်းကောင်း တင်သွင်းခွင့် မပြုသည့် ယာဉ်များဖြစ်၍ ပြည်သူ့ဘဏ္႑ာအဖြစ် သိမ်းဆည်းသွားမည်ဟု အသိပေးခဲ့ကြောင်း သိရပါသည်။

မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်ရေးကော်မတီ၏ မေလအတွင်းက ပြုလုပ်ခဲ့သော အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးဝင်းမြင့်က ထိခိုက်ပျက်စီးမှုများရှိသည့် မော်တော်ယာဉ်များ တင်သွင်းလာသည်ကို တွေ့ရှိရကြောင်း၊ ခေါင်းကြေ၊ ကိုယ်ထည် ပျက်စီးထိခိုက်မှု ရှိသည့် မော်တော်ယာဉ်များကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *