Opinion

ချပ်၀တ်တန်ဆာ ကွန်ပြူတာများရဲ့ အနာဂတ်

Wearables လို့ခေါ်တဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာဟာ နည်းပညာလောကမှာ လူပြောအများဆုံး အကြောင်းအရာဖြစ်နေပါတယ်။ ဒါပေမယ့် ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေရဲ့ အနာဂတ်ဟာ မှန်းဆရခက်ပါတယ်။ ချပ်၀တ်တန်ဆာကွန်ပြူတာလို့ဆိုရာမှာ ဗီဒီယို ရိုက်ကူးပေးနိုင်တဲ့ စမတ်မျက်မှန် ကနေ ဖုန်းပြောဆိုနိုင်တဲ့ စမတ်နာရီ တွေ အထိပါ၀င်နေပါတယ်။ ချပ်၀တ်တန်ဆာ ကွန်ပြူတာ များဟာ စမတ်ဖုန်းတွေကို ကျော်တက်ဖို့တော့ အဝေးကြီးလိုနေသေးပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အလျှင်အမြန် တိုးတက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာများကို တီထွင်ဖို့ နည်းပညာအကူအညီနဲ့ Wireless Chip တွေကို ထုတ်လုပ်ပေးမယ့် ARM Holdings, Broadcom, Freescale, Intel, Mediatek, Qualcomm တို့က ချပ်၀တ်တန်ဆာ ကွန်ပြူတာများရဲ့ အနာဂတ်ကို သုံးသပ်ကြတာတွေကို ရေးသားပေးလိုက်ပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်ဟာ ကျယ်ပြန့်ပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်မှာ အနိုင်ရမယ့်သူကို ခန့်မှန်းလို့ မရနိုင်ပါဘူး။ Accenture ရဲ့ စစ်တမ်းအရ Nike, Fitbit နဲ့ အခြား ကိုယ်လက်ကြံ့ခိုင်ရေး အထောက်အကူပြုလက်ကောက်များဟာ ချပ်၀တ်တန်ဆာဈေးကွက်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို သိမ်းပိုက်ထားပါတယ်။ Sony, Pebble နဲ့ အခြားထုတ်လုပ်သူများကလည်း အသိပေးစနစ်၊ ဓာတ်ပုံရိုက်ကူးနိုင်တာနဲ့ Apps တွေ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပိုမိုပါရှိတဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို ထုတ်လုပ်နေကြပါတယ်။ Samsung ကလည်း စမတ်နာရီနဲ့ ဈေးကွက်ထဲမှာ ဦးဆောင်နိုင်ဖို့ ကြိုးစားနေပြီး အင်အားကြီးမားတဲ့ ဈေးကွက်ဝေစုကို ရရှိနေပါတယ်။ Google က Google Glass နဲ့ ထိုးဖောက်ဖို့ပြင်ဆင်နေပါတယ်။

ဒါဟာဘာကိုဆိုလိုပါသလဲ? Samsung လို နာမည်ကြီး မဟုတ်ဘဲ ဈေးကွက်ထဲမှာ ပါ၀င်ယှဉ်ပြိုင်နေသူတိုင်းအောင်မြင်နိုင်တဲ့ အခွင့်အရေးရှိနေပါတယ်။ Apple ကလည်း ပြိုင်ဖက်အားလုံးကို အလဲထိုးနိုင်တဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာကို ထုတ်လုပ်ပြီး အနိုင်ယူနိုင်တဲ့ အခွင့်အရေး ရှိနေပါတယ်။ အခုလောလောဆယ်မှာတော့ လူတွေကို မှင်သက်သွားအောင် ထူးခြားပြီး စွဲဆောင်မှု ရှိတဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာကို ထုတ်လုပ်နိုင်ခြင်းမရှိသေးပါဘူး။

“ဘယ်သူအနိုင်ရမလဲဆိုတာ ကျွန်တော် မသိပါဘူး။ “ လို့ Qualcomm ရဲ့ CEO ဖြစ်သူ Steve Mollenkopf က ပြောပါတယ်။

ကိုယ်လက်ကြံ့ခိုင်ရေး နဲ့ ကျန်းမာရေး အထောက်အကူပြု ချပ်၀တ်တန်ဆာကွန်ပြူတာများဟာ အချိန်အတိုင်းအတာ တစ်ခုအထိတော့ အောင်မြင်နေမှာဖြစ်ပါတယ်။

ကျန်းမာရေး Device များဟာ အခုလောလောဆယ်မှာ ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်မှာ အောင်မြင်မှု ရနေပါတယ်။ ဆက်ပြီးလည်းအောင်မြင်နေမှာဖြစ်ပါတယ်။ အခြား ချပ်၀တ်တန်ဆာ ကွန်ပြူတာများက အသုံးပြုသူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ နည်းလမ်းတွေကို ရှာဖွေနိုင်မှသာ ကျန်းမာရေးပစ္စည်းများကို အနိုင်ရရှိမှာဖြစ်ပါတယ်။ အခုလောလောဆယ် မှာတော့ အဲဒီ ချပ်၀တ်တန်ဆာ ကွန်ပြူတာများဟာ လူတွေအတွက် အသုံး၀င်မှု သိပ်မရှိသေးတာ တွေ့ရပါတယ်။

ကျန်းမာရေး အထောက်အကူပြု ချပ်၀တ်တန်ဆာ ကွန်ပြူတာများကပဲ စွမ်းဆောင်ချက်အသစ်တွေကို ထပ်ပြီးထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။ Sensor အသစ်တွေက လူရဲ့ ခန္ဓာကိုယ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးနိုင်ဖို့ ဖြစ်လာမှာပါ။ ဥပမာအားဖြင့် သွေးထဲမှာရှိတဲ့ ဂလူးကို့စ်ကိုတိုင်းတာပေးနိုင်တဲ့ Sensor တွေကို Company တွေက တီထွင်နေကြပြီဖြစ်ပါတယ်။

ဒီလိုမျိုး Sensor တွေဟာ အမြန်ပေါ်ထွက်လာနိုင်ပါတယ်လို့ Broadcom ရဲ့ CEO ဖြစ်သူ Scott McGregor ကပြောပါတယ်။

ယှဉ်ပြိုင်သူတွေ များလာမည်။

ကျန်းမာရေး အထောက်အကူပြုလက်ကောက် နဲ့ စမတ်နာရီ တို့ကို ထုတ်လုပ်ရတာ စမတ်ဖုန်း၊ လက်တော့ ကွန်ပြူတာတွေကို ထုတ်လုပ်ရတာလောက် ရှုပ်ထွေးမှုမရှိသလို ဈေးနှုန်းလည်း ကုန်ကျခြင်းမရှိပါဘူး။ ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်ကို ဖွံ့ဖြိုးစေချင်တဲ့ Company တွေဟာ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို အလွယ်ကူဆုံးဖြစ်အောင်ပြုလုပ်နေကြပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို ပြုလုပ်ရတာ ဈေးနှုန်းသက်သာတဲ့အတွက် ပြိုင်ဖက်များစွာ ပေါ်ထွက်လာဖို့ ရှိနေပါတယ်လို့ ARM Holdings ရဲ့ CEO ဖြစ်သူ Simon Segars က ပြောပါတယ်။

Pebble စမတ်နာရီဟာ လူအများက ရန်ပုံငွေစိုက်ထုတ်ပေးရတဲ့ Kickstarter စီမံကိန်းက ပေါ်ထွက်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးလည်း အခုလို ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေထွက်ပေါ်လာအုံးမှာဖြစ်ပါတယ်။ Chip ထုတ်လုပ်သူတွေရဲ့ ခန့်မှန်းချက်အရ အခြားနယ်ပယ်က ပြိုင်ဆိုင်သူတွေပေါ်ထွက်လာပါမယ်။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ဆေးဝါးနယ်ပယ်က ဂလူးကို့စ်တိုင်းတာတဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို ထုတ်လုပ်လာနိုင်ပါတယ်။ သာမာန်နာရီ ထုတ်လုပ်သူတွေကလည်း စမတ်ကျတဲ့ စွမ်းဆောင်ချက်တွေကို သူတို့နာရီတွေမှာ ထည့်သွင်းပြီး ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်ကို ၀င်ရောက်လာမှာ ဖြစ်ပါတယ်။

ဒီဇိုင်းလှပမှုကို အရေးပေးလာမည်။

ဈေးကွက်မှာ ရောင်းချနေတဲ့ စမတ်နာရီအများစုနဲ့ Google Glass တို့ရဲ့ ဒီဇိုင်းဟာ ဖက်ရှင်ကျလှပမှုမရှိဘဲ နည်းပညာကိရိယာ တစ်ခုပုံစံ ပေါက်နေပါတယ်။ အဲဒီအတွက် Company တွေဟာ ဒီဇိုင်းလှပမှုကို ဦးစားပေးပြုလုပ်လာကြမှာဖြစ်ပါတယ်။ အခြား ပြိုင်ဖက်တွေနဲ့ မတူဘဲ ကွဲပြားအောင် ပြုလုပ်တော့မှာဖြစ်ပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေဟာ လူတွေ၀တ်ချင်စရာ ကောင်းလောက်အောင် လှပဖို့ လိုအပ်ပါတယ်လို့ Intel က Mike Bell က ပြောပါတယ်။ စမတ်နာရီအများစုမှာ လေးထောင့်ကျတဲ့ မျက်နှာပြင်တွေကို အသုံးပြုထာပါတယ်။ အဲဒီ စမတ်နာရီတွေကို လူတွေက အမြဲ၀တ်ဆင်ချင်မှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်လို့ Mike Bell က ဆက်လက်ပြောဆိုပါတယ်။

Company တွေဟာ သူတို့ရဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို ဖက်ရှင်ကျလှပအောင် စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။ Pebble နဲ့ Martian တို့ဟာ Consumer Electronics Show မှာ စမတ်ကိရိယာတွေနဲ့မတူဘဲ သာမာန်နာရီတွေနဲ့ ဆင်တူတဲ့ စမတ်နာရီ တွေကို ပြသခဲ့ကြပါတယ်။ Google ကလည်း အမြင်အာရုံမကောင်းသူတွေ အသုံးပြုနိုင်ပြီး သာမာန်မျက်မှန်ကိုင်းတွေ နဲ့ ဆင်တူတဲ့ မျက်မှန်ကိုင်းတွေကို Google Glass အတွက် ပြုလုပ်ပေးနေပြီဖြစ်ပါတယ်။

မျက်မှန်နဲ့ နာရီတို့ဟာ အစပထမ ဖြစ်မည်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာလောကမှာ မျက်မှန်နဲ့ နာရီတို့ဟာ အစပထမဖြစ်ပေမယ့် အနာဂတ်မှာ အခြားချပ်၀တ်တန်ဆာ ကွန်ပြူတာတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။ အိမ်မွေးတိရစ္ဆာန်တွေအတွက် ချပ်၀တ်တန်ဆာ ကွန်ပြူတာထွက်ပေါ်လာမှာဖြစ်ပြီး တိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု၊ ခန္တာကိုယ် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ခြေရာခံတာအပြင် ကစားစရာအရုပ်တွေ အဖြစ်ပေါ်ထွက်လာနိုင်ပါတယ်။

စမတ်ဖုန်းရဲ့ စွမ်းဆောင်ချက်တွေကို တိုးမြှင့်ပေးနိုင်တဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေလည်းပေါ်ထွက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ချစ်သူတွေ ၀တ်ဆင်တဲ့ စမတ်လက်စွပ်တစ်စုံမှာ လက်စွပ်တစ်ခုကို ထိတွေ့အချက်ပေးလိုက်တာနဲ့ အခြားလက်စွပ်မှာ အသိပေးမယ့် လူမှုဆက်ဆံရေးနဲ့ ပတ်သက်တဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်။

အ၀တ်အထည်နဲ့ ပတ်သက်တဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေလည်း ပေါ်ထွက်လာနိုင်ပါတယ်။ ထုတ်လုပ်သူတွေဟာခလုတ် တစ်ချက်နှိပ်လိုက်တာနဲ့ အ၀တ်အထည်ရဲ့ အရောင်ကိုပြောင်းလဲနိုင်တဲ့ နည်းပညာတွေကို တီထွင်နေကြပါတယ်။

ဒီနှစ်မှာတော့ ကွဲပြားခြားနားတဲ့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်လို့ Freescales မှ Robert Thompson က ပြောပါတယ်။

Internet of Things (IOT) က ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေကို မောင်းနှင်မည်။

Internet of Things, Device တစ်ခုနဲ့တစ်ခု ကွန်ယက်ချိတ်ဆက်ပြီး အလုပ်တွေ အလိုအလျှောက်လုပ်ပေးနိုင်တဲ့ နည်းပညာက ရေပန်းစားနေတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရေခဲသေတ္တာနဲ့ အ၀တ်လျှော်စက်တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ပြီး အလုပ်တွေ အလိုလိုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေက အဲဒီ Device တွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နိုင်လာမှာဖြစ်ပါတယ်။

CES ပွဲမှာ ပြသခဲ့တဲ့ Samsung ရဲ့ Smart Home က အိမ်တွင်း အသုံးအဆောင်ပစ္စည်းများအားလုံး ကို အိမ်ပိုင်ရှင်က App တစ်ခုထဲကနေ ထိန်းချုပ်နိုင်တာဖြစ်ပါတယ်။ Samsung ရဲ Smart Home က Galaxy Gear နဲ့လည်း တွဲဖက်အလုပ်လုပ်နိုင် ပါတယ်။ လာမယ့်နှစ်များမှာ Samsung ရဲ့ Smart Home လို နည်းပညာတွေပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေ မလိုအပ်တော့ပါ။

အခုလက်ရှိ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေဟာ သူ့ထက်စွမ်းဆောင်ရည် ပိုကောင်းတဲ့ စမတ်ဖုန်းတွေရဲ့ အကူအညီကိုရယူနေရ တုန်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် Galaxy Gear က ဖုန်းမှာ အီးမေး၀င်လာရင် အချက်ပြပေးနိုင်ပြီး စာကြောင်းအနည်းငယ်ကိုသာ ပြပေးနိုင်တာဖြစ်ပါတယ်။ အီးမေးတစ်ခုလုံးကို ဖတ်ချင်ရင်တော့ ဖုန်းကနေဖတ်ရမှာဖြစ်ပါတယ်။ အခြားလုပ်ဆောင်ချက်တွေ ကိုလည်း ချပ်၀တ်တန်ဆာကွန်ပြူတာကနေ ပြုလုပ်နိုင်ခြင်းမရှိဘဲ စမတ်ဖုန်းကို အားကိုးနေရပါတယ်။

နောင်တစ်ချိန်မှာတော့ စမတ်နာရီနဲ့ အခြား ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေဟာ စမတ်ဖုန်းကို အားထားနေရတဲ့ အချက်ကို ချိုးဖောက်နိုင်တော့မှာ ဖြစ်ပါတယ်။

ဈေးနှုန်းတွေ ကျဆင်းလာမည်။

ထုတ်ကုန်အသစ်တွေပေါ်တိုင်း အစောဆုံး ၀ယ်ယူသူတွေဟာ တန်ဖိုးကြီးကြီး ပေး၀ယ်ကြရပါတယ်။ ချပ်၀တ်တန်ဆာ ကွန်ပြူတာလို အသစ်အဆန်းတွေကို ပေါ်တာနဲ့ ၀ယ်မယ်ဆိုရင်တော့ နှစ်ဆလောက် ဈေးပိုပေးကြရပါတယ်။ အဲဒီလို တန်ဖိုးကြီးမြင့်မှုတွေက မကြာမီမှာ ပျောက်ကွယ်တော့မှာဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်မှာ ပြိုင်ဖက်တွေ များပြားလာမှာဖြစ်တဲ့အတွက် ဈေးနှုန်းတွေ ကျဆင်းလာမှာဖြစ်ပါတယ်။

ချပ်၀တ်တန်ဆာ ကွန်ပြူတာဈေးကွက်ဟာ ဘယ်လိုပြောင်းလဲလာသည်ဖြစ်စေ Chip ထုတ်လုပ်သူတွေက လက်ခံသဘောတူ ထားတဲ့အချက်ကတော့ ချပ်၀တ်တန်ဆာ ကွန်ပြူတာတွေဟာ လာမယ့်နှစ်တွေမှာ လူတွေကို ညှို့ယူဖမ်းစားမှု အရှိဆုံးနည်းပညာ ပစ္စည်းများ ဖြစ်လာတော့မှာဖြစ်တယ်ဆိုတာကို တင်ပြလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “ချပ်၀တ်တန်ဆာ ကွန်ပြူတာများရဲ့ အနာဂတ်

Leave a Reply

Your email address will not be published. Required fields are marked *