Opinion

အမေ့အပြုံး အမေ့ပီတိ (အမေများနေ့ ဂုဏ်ပြုကြိုဆိုလျှက်)

ဒီကနေ့ ပြာသိုလပြည့်နေ့ ဆိုတော့ မမေ့သင့်တဲ့ နေ့လေးတစ်နေ့ဖြစ်တဲ့ အမေများနေ့ ကျရောက်နေပါလား။ အမေ…. မေမေ… ဘယ်လိုပဲ ခေါ်ခေါ် သားသမီးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ မြင့်မိုရ်တောင်ကြီးပါပဲ။ မနက်မိုးလင်းထဲက သမီးအလုပ်သွားဖို့ အတွက် ပြင်ဆင်ပေးတဲ့ မေမေ့ပုံရိပ်ကတော့ သမီးရဲ့ ရင်ထဲ အမြဲစွဲထင်လျှက်ပါပဲ မေမေ။ ဒီကဗျာလေးနဲ့ မေမေ့ကို ဂါရဝပြုလိုက်ပါရစေရှင်။
လွန်တာမိရင် မာတာအဟံဝန္ဒာမိပါ အမေ

အမေဆိုတာ
သားသမီးများအတွက်
မျှဝေခံစား
သက်ဖူးအကာ လက်ဦးဆရာပါအမေ

ကျွန်မအမေ
အားလုံးရဲ့အမေ
အမေမှန်ဘိ၊ ဆင်ခြင်ကြည့်လျှင်
မရှိမဖြစ် ခွန်အားဖြစ်ပွား
ကြီးကျယ်ခမ်းနား သမုဒ္ဒရာပင်လယ်
သားသမီးတို့ရဲ့ ရှေ့ဆောင်
ဂုဏ်ရှိန်သြဇာ စဉ်ထွန်းပြောင်
မျက်နှာသာကြည် လရောင်ပမာ
အမြဲရွှင်ပြုံး
ကောင်းဆိုးကိုပင် ကြံ့ကြံ့ခိုင်၍
မမှောင်အလင်း အရောင်ဆင်းနဲ့
မှားခြင်း မှန်ခြင်း အမြင်ရှင်းအောင်
ကောင်းခြင်းပေးဝေ အို… အမေ
သက်တော်ရာကျော် ရှည်ပါစေ….

အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင် သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည် ပျော်တစ်ပြုံးပြုံး။ “ဝါး… အူဝဲ“ ဟူသော အသံသည် သေမင်းနှင့် စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။

မပီကလာ ပီကလာနှင့် “အမေ“ ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း တအံ့တသြပြုံးလိုက်သူမှာ အမေဖြစ်သည်။ သားသမီးက အမေ့နို့ကို စို့ရုံတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့ နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။

သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊ မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့မမီနိုင်ပါ။

သူ့သားသမီး ဝလုံးလေး စရေးပြတတ်တာကို မပြည့်စုံတဲ့ နွမ်းပါးနေသည့် အမေဖြစ်စေ၊ ပြည့်စုံကြွယ်ဝမင်းစိုးရာဇာဖြစ်နေသည့် အမေဖြစ်စေ သူ့သားသမီးပညာတတ်ကြီးဖြစ်မယ့် နိမိတ်လို့ ယူဆပြီး ကျေကျေနပ်နပ်ကြီး ပြုံးနေတဲ့အမေ။

အမေ့သားမောင်ရင်လောင်း၊ အမေ့သမီး သီလရှင်လောင်းကိုကြည့်ပြီး ပြုံးနေတဲ့အမေ့အပြုံးကို ကမ္ဘာတည်သရွေ့ မေ့၍ ရမည်မဟုတ်။ သားသမီးတွေ ဘွဲ့တွေ ဂုဏ်ထူးအောင်မြင်မှု အထူးထူးကို ရယူတဲ့နေ့၊ အမေတစ်ယောက် သူ့အပြုံးကို အစသတ်၍ မရတတ်။

သားသမီးတွေအတွက် မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင် ဝတ်ငါးအင် ဆိုသည့် မိဘဝတ္တရားငါးပါးအား ဆောင်ရွက်နေရချိန်တိုင်း အမေက ပြုံးနေတတ်သည်။

ပင်ပန်းနွမ်းနယ်နေသည့် အမေ့ကို အမေ ပင်ပန်းနေလားဟင် ဟု မေးကြည့်ပါ။ အမေက မမောမပန်း မပင်ပန်းတဲ့ အပြုံးကို ပြုံးပြနေလိမ့်မယ်။ သားသမီး ဆိုးသည် မိုက်သည် ရက်စက်ပြုမူလိမ်ညာနေလည်း အပြုံးမပျက် မေတ္တာဖက်လျှက် အချစ်ပိုနေတာလည်း အမေ။

ကျွန်မလည်း ဆိုးပါသည်။ သမီးပြန်လာမှ ထမင်းစားတတ်တဲ့အမေ့အပေါ် ပြန်ချိန်မမှန်တဲ့ နှိပ်စက်မှုတွေနဲ့ ဆိုးနေလျှက်ပါပဲ။ မိုးလင်းရင် အလုပ်သွားဖို့ အဆင်သင့် ပြင်ဆင်ပေးတာလည်း အမေ။ သမီးခေါင်းမှာ ပန်ဆင်ဖို့ ခရေပန်းကောက်ပြီး သီပေးနေတာလည်း အမေ။ ခုဆောင်းရောက်တော့လည်း မနက် ရေချိုးဖို့ ရေနွေးကြိုပေးတာလည်း အမေ။ ဒီအမေ ဒီရင်ခွင်နွေးထွေးစွာနေထိုင်ရင်း မပျောက်မကွယ် အမြဲခိုလုံခွင့်ပေးလျှက်ပါ အမေ။

(အမေ့များနေ့မှာ ဒီစာစုနဲ့ မေမေနှင့် ဖေဖေကို ကန်တော့လိုက်ပါတယ်)

မနောဖြူလေး
၁၅.၁.၂၀၁၄

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *