Opinion

ဆောင်းလပြာသို မြခွာညိုနှင့်

ဆောင်းရာသီပီပြင်လာပြီလား မပြောတတ်ပါ။ ခုရက်ပိုင်းမှာ အအေးဓါတ်ပြန်ပိုလာတယ်။ ဆောင်း အဝင်တုန်းကတော့ မအေးဘူးပြောနေကြတာ။ ဗြုန်းဆို နိုဝင်ဘာလနှောင်းပိုင်းလောက်မှာ အေးချလိုက်တော့ လူတွေလည်း သိမ်းထားတဲ့အနွေးထည်တွေထုတ်ရ၊ ဂွမ်းစောင်တွေထုတ်ရ၊ ခြေစွပ် တွေခေါင်းစွပ်တွေ ရှာရနဲ့ အလုပ်ရှုပ်သွားတယ်။ ဘုရားပွဲတွေမှာလည်း ဂွမ်းကတ်တွေ၊ အနွေးထည်တွေ၊ လက်မလည်အောင်ရောင်းနေရတာ တွေ့ရတယ်။ ခေါင်းစွပ်တွေ၊ လည်ပတ်တွေလည်းရောင်းကောင်းကြ တယ်။ ချမ်းတဲ့အခါကျတော့ နံနက်ဆိုရင် မိုးလင်းနေပေမယ့် အိပ်ရာက တော်တော်နဲ့မထချင်ဘူး။ စောင်ခြုံကွေးထဲက မထွက်ချင်ဘူး။ အနွေးဓါတ်လေး ပျောက်သွားမှာစိုးလို့။ အချုပ်တန်း ဆရာဖေ စပ်ဆိုထားသလိုပဲ ခန်းဆောင်ရွှေ ရဝေတွင်းမှာလ ၊ ချမ်းပေါင်လေ တဖေတင်းသော်လဲ၊ ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်။ မျက်တစ်ခတ် ပြက်လျှပ်ကယ်တစ်ဗီဇနာမျှ ၊ ထည်အလွှာအကုန်ထွေးသော်လဲ၊ ကြည်အသာ မလုံသေးပါဘု၊ မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့ သွေးလန့်လို့ခုန်။ အိပ်ခန်းဆောင်ထဲမှာ မချမ်းပါဘူးလို့ အားတင်းထားပေမယ့် အဲဒီလိုကိုယ့်ကိုယ်ကို ဖြေသိမ့်ရင်းနဲ့ပဲ ချမ်းခိုက်ခိုက်တုန်လို့ နေပါတော့တယ်။ မျက်တောင်တစ်ခတ် လျှပ်တပြက်အတွင်းအချိန်လေးမှာကိုပဲ တစ်ဗီဇနာလောက်ထူတဲ့ ခြုံထည်တွေအကုန်လုံး၊ ခြုံထားတာတောင် အချမ်းကမလုံသေးပါဘူး။ မျက်စေ့နှစ်လုံးစုံမှိတ်ပြီးအိပ်တာ တောင် ကိုယ့်ရဲ့လိပ်ပြာက အေးနေတာမို့ သွေးလန့်လို့တောင် ခုန်ရပါသတဲ့။ ကုန်းဘောင်ခေတ်စာဆိုရှင် အချုပ်တန်းဆရာဖေက ဗျာဆုံတဲ့သည်ဆောင်းဆိုပြီး ဆောင်းအေးအေးကို ကဗျာလင်္ကာဖွဲ့ဆိုထားခဲ့တာပါ။

ဆောင်းတွင်းအိပ်မက် ကယောက်ကယက်လို့ဆိုတဲ့အတိုင်း ယမ်းယောင်ကာတလျက် ညည်းမိတော့၊ သန်းခေါင်မှာ မြကြက်သီးတွေက (ကြက်သီးစိမ်းတွေ ထတာကိုပြောတာ) တဖီးဖီးပျံ့လို့ ငယ်အုံ၊ ဗျာဆုံတဲ့ရာသီဘဲ။ ငွေနှင်းရယ်မှုန်၊ လေညှင်းရယ်တသုန်သုန်နှင့် ချမ်းပုံမှာ ကမ်းကုန်ရစ်တာမို့ မန်းတုန်အောင် (ရတနာပုံမန္တလေးမြို့ကြီး တုန်သွားအောင်) လမ်းဆုံကဟစ်ချင်တော့၊ သည်ခေတ်မှာ သည်လိုဟာဖြင့် ၊ သည်ကိုယ်မှာ သေçသေ လုပါပေါ့၊ ကမ္ဘာကို ဗြဟ္မာတို့ပြုခဲ့တယ်၊ ဆောင်းရတုပွဲ (ဆောင်းဥတုကိုပြောတာ) ကမ္ဘာပေါ်မှာ ဒီလောက် သေလုအောင် ချမ်းအေးလှတဲ့ ဆောင်းဥတုကို ပြုလုပ် ဖန်တီးခဲ့တဲ့ ဗြဟ္မာကြီးတွေကို ဆရာဖေက အပြစ်တင်ထားတာပါ။

ကိုဘအေးတို့ရန်ကုန်ဆောင်းနဲ့ အညာဆောင်းက မတူဘူး။ အညာဆောင်းကပိုအေးတယ်။ အရင်တုန်းက အလုပ်ကိစ္စနဲ့ ဒီဇင်ဘာလကုန်ပိုင်းလောက်မှာ ချောက်မြို့ကိုရောက်သွားတယ်။ တည်းခိုခန်း မှာ ဂွမ်းစောင်တွေပေးထားတာ ချမ်းလို့ ညဘက်ကောင်းကောင်းမအိပ်နိုင်ဘူး။ နောက်တစ်ညကျတော့ ချောက်မြို့တစ်ဖက်ကမ်းက ဝါဇီဧည့်ရိပ်သာမှာ (သူတို့ကတိုက်စိမ်းလို့ခေါ်တယ်) အဲဒီမှာတည်းရတယ်။ တောရိပ်တောင်ရိပ်နဲ့ဆိုတော့ ပိုအေးတာပေါ့။ အဲဒီတစ်ခါ အညာဆောင်းရဲ့ဒဏ်ကို ကိုယ်တွေ့ခံစားဖူးတာ။ နောက်ကိုဘအေးတို့ နေပြည်တော်ပြောင်းရတဲ့အခါကျတော့ အညာဆောင်းနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့ရတော့ တာပေါ့။ သူက မြေလတ်ပိုင်းနဲ့ အထက်အညာတို့ရဲ့ နယ်စပ်မှာဆိုတော့ အဲဒီမှာလည်း အအေးပိုတာပဲ။ ဆောင်းတွင်းမှာ ကိုဘအေးတို့ ရေကိုဒီအတိုင်းမချိုးနိုင်ဘူး။ ရေနွေးနဲ့စပ်ချိုးရတယ်။ နေ့လယ်ပိုင်း ဆိုရင် လည်း ရုံးခန်းတွေထဲမှာ အေးနေတာ၊ ကျွဲချိုဖျားတောင် အေးတယ်ဆိုတော့ လူတွေတော့ မပြောနဲ့တော့။

ဆောင်းဥတုအကြောင်းပြောရင် သဇင်ပန်းကလည်း မပါလို့မဖြစ်ဘူး။ ရှေးမြန်မာမင်းများ လက်ထက်ကတော့ သဇင်ပန်းက တော်ဝင်ပန်းပါ။ တောထဲက သစ်ပင်အမြင့်ကြီးတွေမှာ တက်ပေါက်လို့ ပင်မြင့်စံပန်းလို့လည်းခေါ်ပါတယ်။ ခုခေတ်မှာတော့ သဇင်ဥတွေမွေးပြီး ခြံထဲမှာပဲ တိုင်ထောင်စိုက်လို့၊ ပင်မြင့်စံမဟုတ်တော့ပါဘူး။ သဇင်ပန်းက မရှားတော့ပေမယ့် ဈေးကတော့ကြီးတယ်။ ဒါပေမယ့် ခုနောက် ပိုင်းမှာ သိပ်မတွေ့တော့ဘူး။ စိုက်တဲ့လူပဲ နည်းသွားလို့လားမသိဘူး။ ခုခေတ် မိန်းကလေးတွေကလည်း ပန်းပန်တဲ့အလေ့အထ သိပ်မရှိတော့ဘူး။ မင်္ဂလာဆောင် အခမ်းအနားတွေလောက်ပဲ ပန်ကြတော့တာ တွေ့ရတယ်။ သဇင်ပန်းနဲ့ပတ်သက်လို့ တက္ကသိုလ်မောင်သန့်စင် လို့ခေါ်တဲ့ ပါမောက္ခဦးအေးမောင်က “သဇင်ဆော်လွင့်၊ ပင်တံမြင့်မှာ ၊ ပွင့်ပန်းရည်စုတ်၊ ခါသံသဲသဲ၊ ညံမစဲ၊ ပဲတောင့်ပြုတ်တို့၊ ရွှေစာလုတ်ချီ၊ ခွန်းသံငယ်စီသည်” လို့ ဖွဲ့ဆိုထားတာရှိပါတယ်။ ခါနွေလေပြန် သူရကန်မူ၊ ဆူထန်တက်ကြွေ့၊ ပူလျှံငွေကို၊ မတွေ့သဘော၊ နှမြော၏သို့၊ မပျို့သည်သွင်း၊ ညွန့်မရှင်လို၊ မိုးတွင်စိုလွန်း၊ နွေညွှန်းပူတောင်း၊ မသင့်ကောင်း ဟု၊ ခါဆောင်းနှင်းသွဲ့၊ မင်းလွင်ဖွဲ့မှ ပြဲ့ပြဲ့ညှာချီ၊ ဖူးပွင့်ညီသား၊ ပြီပြီချင့်ကို အကျင့်ချိုသည်၊ အိုဘယ့်တော်ဝင် ပန်းသဇင် လို့ စပ်ဆိုခဲ့ပါတယ်။ သဇင်ပန်းဟာ မြေကြီးနဲ့တစ်ရံတစ်ခါမျှ မဆက်ဆံမထိတွေ့ဘူးတဲ့ ပင်မြင့်စံပန်းဖြစ်တယ်ဆိုတာကိုလည်း ဒီလိုဖွဲ့ဆိုထားပြန်တယ်။ ခတ္တာ ခတ္တရီ၊ နှင်းဆီဂန္ဓမာ၊ ဇီဇဝါအင်ကြင်း၊ ယင်းမာသော်က၊ ပန်းမျာ့ထိုထို၊ မြေကိုမှီတွယ်၊ ဖူးပွင့်ခြယ်ကို၊ ဘယ်ဝယ်မတ၊ ရနိုင်သည်ပင်၊ ညွန့်ရှင် ခက်ဝေ၊ မြေနှင့်တရံ၊ မဆက်ဆံသား၊ ပန်းပျံထွတ်ချာ၊ သင်ဝတ်လွှာမှာ၊ ခက်စွာဝေးသီ၊ မြင့်ပင်ဆီဝယ်၊ ရော်ရီစရာ၊ တကာလှိုက်ဖို၊ ဆွေးဘွယ်ပိုသည် အိုဘယ့်တော်ဝင် ပန်းသဇင် ။

တော်ဝင်ပန်းသဇင်ဟာ သန့်ရှင်းဖြူစင် အမြင်တင့်တယ်ပြီး ပြိုင်စံကင်းကာ ပန်းမြတ်မဟာ ဖြစ်တဲ့အကြောင်း ဆရာက ဖွဲ့ဆိုထားပြန်သေးတယ်။ ယဉ်နွဲ့မြင့်ပြန်၊ သင့်အဟန်မူ၊ သဏ္ဍန်ငွေကျူ၊ သီတဂူလို၊ ဖြူသန့်ရှင်းစင်၊ ကြင်စချင့်ဘွယ်၊ မြင်တင့်တယ်သား၊ ခြယ်လှယ်ရနံ့၊ မွှေးပျံ့ပျံ့မှာ၊ လွတ်စံပြိုင် ကင်း၊ ကြိုင်သင်းဘဝင်၊ စိမ့်စိမ့်ပင်တည့်၊ ဇင်မင့်သီခေါင်၊ မြင်ယောင်ထိုထို၊ ယူခက်ပိုသည်၊ အိုဘယ့် တော်ဝင်ပန်းသဇင်။ ပန်းမြတ်မဟာ၊ ဇင်သာခွါမှာ၊ ဖြာဖြာကိန္ဒရီ၊ တူခဲ့ပြီကြောင့်၊ အညီတမျှ စိတ်လှဖြူဖြူ၊ ကျင့်မူမြင့်မြတ်၊ ကြင်တတ်သသူ၊ ပန်ယူဆင်သင့်၊ ကဲလွန်တင့်လိမ့်၊ မျှော်ချင့်တွေးပြန်၊ စိတ်ကျည်းတန် နှင့် ၊ သွင်ဟန်မူနည်၊ ဆိုးညစ်ရည်သား၊ မတည်နှလုံး၊ သူယူသုံးမူ၊ ရွှင်ပြုံးသနစ်၊ သင့်အဖြစ်မှ ၊ ညှိုးဆ ပျောင်းမြန်း၊ မလန်းနိုင်ပြီ၊ စိုးနှောင့်သီခဲ့၊ ရီဝေသွင်ချို၊ သင့်နဂိုသည်၊ အိုဘယ့်တော်ဝင်ပန်းသဇင်။ ပြောင်မြောက်လှတဲ့ သဇင်ပန်းဘွဲ့ဖြစ်ပါတယ်။ ဆောင်းရာသီကိုပြောရင်းနဲ့ သဇင်ပန်းအကြောင်းထည့် ပြောဖြစ်တာပါ။ တကယ်တော့ အခု ဇန်နဝါရီလဟာ မြန်မာလအနေနဲ့ ပြာသိုလဖြစ်ပြီး သူ့ရဲ့ရာသီပန်းက ခွာညိုပန်းဖြစ်ပါတယ်။

မြန်မာမှုဥတုသုံးလီထဲမှာ အခုပြာသိုလဟာ ဟေမန္တ ဆောင်းဥတုထဲမှာ ပါဝင်ပါတယ်။ ဟေမန္တ ဆောင်းဥတုဟာ တန်ဆောင်းမုန်းလပြည့်ကျော် (၁)ရက်နေ့ကနေ တပေါင်းလပြည့်နေ့အထိ ဖြစ်တယ်။ နေ၊ လနဲ့ နက္ခတ်တာရာတို့ရဲ့ လှည့်လည်သွားလာမှုအနေအထားအရ နှစ်လစီပိုင်းခြားပြီး ဥတုခြောက်ပါး (ရတုခြောက်ပါး) သတ်မှတ်ရာမှာ တန်ဆောင်းမုန်းလဆန်း(၁၅)ရက်မှ ပြာသိုလဆန်း(၁၅)ရက်အထိ ဟေမန္တရတုဖြစ်ပါတယ်။ မြန်မာ့ဆယ့်နှစ်လရာသီမှာ ပြာသိုလဟာ ဆယ်လမြောက်ဖြစ်တယ်။ ပြာသိုလမှာ ဖုသျှနက္ခတ်နဲ့ မိနလဂ်တို့စန်းယှဉ်တယ်။ ပညာရှင်များက ပြာသိုလကို (ပြာ=ပျားဖယောင်း၊ သို=အဆီ) ပျားဖယောင်းများ စုဆောင်းတဲ့လလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ မြန်မာ့တစ်ဆယ့်နှစ်လမှာ မိုးတစ်ဆယ့်နှစ် မျိုးရွာသွန်းတတ်တယ်လို့သိရပြီး ပြာသိုလမှာရွာတတ်တဲ့မိုးကို “ပြာသိုလတွင်း၊ မိုးညှင်းညှင်း၊ ဆီးနှင်း ရောယှက်၊ နှမ်းတောင်ပျက်”ဆိုပြီး နှမ်းစိုက်တောင်သူတွေသတိမူနိုင်ဖို့ လမ်းညွှန်ဖွဲ့ဆိုခဲ့တာကို တွေ့ရပါတယ်။

ပြီးတော့ ကုန်းဘောင်ခေတ်ဦး စာဆို ဦးယာရဲ့ ဆယ့်နှစ်ရာသီဘွဲ့လူးတား (ပြာသိုလဘွဲ့) မှာ ပြာသိုလကို မကာရရာသီ၊ စရရာသီဆိုပြီး ခေါ်ဆိုတယ်လို့သိရတယ်။ တစ်ရက်မှာ မြန်မာနာရီခြောက်ဆယ် ရှိတဲ့အနက် နေ့၂၄နာရီနဲ့ ည ၃၆ နာရီရှိတဲ့အတွက်ကြောင့် မြန်မာ့တစ်ဆယ့်နှစ်လမှာ ပြာသိုလဟာ ညတာအရှည်ဆုံးလဖြစ်ပါတယ်။ ဖုသျှနက္ခတ်၊ ပုဇွန်တာရာတို့ ထွန်းပတဲ့အကြောင်းကိုလည်း “မကာရ ဟု ၊ စရရာသီ၊ နာရီနှစ်ခန်း၊ ချင့်မှန်းတိုင်းထွာ၊ နေ့မှာနှစ်ဆယ်၊ စွန်းကယ်ဇယ၊ ညဉ့်သို့ကျသော်၊ ဆနှင့်တြိန်း၊ ကိန်းဆုံးသင်္ချာ” ဆိုပြီးတော့ရယ် ။ “ပြာသိုလတွင် ဖုသျှရောင်လျှံ၊ ငှက်ချေးခံနှင့် ဝန်းရံယှက်ဝန်း၊ စန်းဂြိုဟ်နန်းသို့၊ မြန်းကြတာသွန်၊ ပုဇွန်တာရာ၊ ယှဉ်ကာထွန်းဝင်း” ဆိုပြီးတော့ရယ် ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့ပါတယ်။

ရှေးမြန်မာမင်းများလက်ထက်က ပြာသိုလမှာ မြင်းခင်းသဘင်ပွဲကျင်းပတာနဲ့ပတ်သက်ပြီး ညောင်ရမ်းခေတ်စာဆို ဆီသည်ရွာစား ဦးအောင်ကြီးရဲ့ ၁၂ရာသီဘွဲ့လူးတား၊ ပြာသိုလဘွဲ့မှာ “လပြာသို ကား၊ မိန်ညိုချပ်ဝတ်၊ လျောက်ပတ်ယောင်ယောင်၊ မှူးခေါင်မတ်ဖျား၊ မင်းသားမင်းမြေး၊ ဆုန်ရေးမှတ် လျက်၊ စွယ်ယှက်ချိတ်ငင်၊ မွမ်းဖြင် တိုက်လွှတ်၊ ပတ်ပတ်ဝန်းကျင်၊ ခြေလျှင်ခြေချင်း၊ မြင်းလျှင်မြင်းလျောက်၊ ထိုးမြောက်လှံလေး၊ ခုန်ထွေးသံရှင်၊ စိုင်းနှင်ကြွားကြွား၊ ဓါးသွားနုတ်ငင်၊ သဘင်မြင်းခင်း၊ စစ်အင်ကျင်းသည် စီးနင်းကြော့လန်း၊ လန်းတည့်လေ” ဆိုပြီး သီကုံးဖွဲ့နွဲ့ခဲ့ပါတယ်။ ပင်းယခေတ်ငါးစီးရှင်ကျော်စွာမင်း လက်ထက် ယင်းကိုယ်တိုင် ရေးသားဖွဲ့ဆိုထားတဲ့ “မြင်စိုင်းရွှေပြည်”ဆိုတဲ့ ကာချင်းမှာ “နွယ်ပန်းခွါညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ယရည်သွန်းသွန်း၊ မြင်းသည်ဝန်း၊ လှံချွန်းတွန်းတက်ပယ်”လို့ ဖွဲ့ဆိုခဲ့ ပါတယ်။ ပြာသိုလရဲ့ မြင်းခင်းသဘင်ပွဲကျင်းပချိန်မှာ ပြာသိုလရဲ့ ရာသီပန်းဖြစ်တဲ့ “ခွါညိုပန်း”ဟာလည်း ဂုဏ်ယူဖွယ်ဖူးပွင့်နေတယ်လို့ ဆိုပါတယ်။

မြခွါညိုနှင့်၊ ဆောင်းလပြာသို ၊ အချမ်းပိုလို့၊ ကိုယ်ထည်ခြုံလွှာ၊ လုံစွာထွေးလည်း၊ မနွေးနိုင်သည့်၊ ကိုယ်၏အဖြစ်ကို ၊ ဖွင့်လှစ်ဟရင်း၊ မင်းများစာဆို၊ ထိုထိုကဝိ၊ မှတ်မိသမျှ၊ ကဗျာ့ရသာ၊ တင်ဆက်ပါသည်၊ စေတနာအမှား၊ ရှိသော်ငြားက၊ ရေးသားသူကိုယ်၊ ဘအေးကိုသာ၊ ပြစ်ရှာဖို့တင်၊ ပြောချင်ပါသည်။ ရင်မှာ ပွင့်လန်း၊ ဆောင်းဦးပန်းသို့၊ ချမ်းမြေ့ပါစေ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *