News

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းMCPA ပညာချွန်ဆု (Academic Excellence Award) ချီးမြှင့်ခြင်း

မြန်မာနိုင်ငံကွန်ပျူတာကွန်ပျူတာပညာရှင်အသင်းမှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော
အချက်ဖြစ်သည့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာကဏ္ဍတွင် ထူးချွန်ထက်မြက်သော ကွန်ပျူတာ
ပညာရှင်များ ပေါ်ထွက် လာစေရန်ရည်ရွယ်၍ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်မှ စတင်ပြီး ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ
ထူးချွန် ကျောင်းသားကျောင်းသူ များကို MCPA ပညာချွန်ဆု နှစ်စဉ် ချီးမြှင့်ပေးခဲ့သည်။ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင်
ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကျောင်းသူများအနက် အထူးချွန်ဆုံး (၈) ဦးကို ရွေးချယ်ခဲ့ပြီး ပထမအကြိမ်
လည်ကောင်း၊ ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှာ ဒုတိယနှစ်နဲ့ တတိယနှစ်မှ အထူးချွန်ဆုံး (၈)ဦးစီကို ရွေးချယ်ပြီး
စုစုပေါင်းထူးချွန်ကျောင်းသား (၁၆) ဦးကို ဒုတိယအကြိမ်အဖြစ် လည်းကောင်း ပညာချွန်ဆု ချီးမြှင့်ခဲ့ပါသည်။ ၂၀၁၂-
၂၀၁၃ ပညာသင်နှစ်မှစတင်၍ ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းက ဦးဆောင်ပြီး စတုတ္ထနှစ်
ကျောင်းသားကျောင်းသူ (၈) ဦး၊ တတိယနှစ် ကျောင်းသား ကျောင်းသူ (၈) ဦးနှင့် ဒုတိယနှစ်မှာ အမှတ်တူ (၂)
ဦးပါဝင်နေတဲ့အတွက် (၉) ဦး၊ စုစုပေါင်း (၂၅) ဦးကို တတိယအကြိမ်အဖြစ် MCPA ပညာချွန်ဆုများ ချီးမြှင့်ခဲ့ပါသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ပညာချွန်ဆုအခမ်းအနားအား ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ (၉) ရက်၊ နံနက်
(၁၁) နာရီ၌ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် (လှော်ကား) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပညာချွန်ဆု
အခမ်းအနားတွင် မဟာတန်း ကျောင်းသား ကျောင်းသူတွေအထိပါ တိုးချဲ့ချီးမြှင့်ခဲ့ပါသည်။ လျှောက်ထား
လာသူတွေအနက် အထူးချွန်ဆုံးဖြစ်တဲ့ မဟာတန်း ကျောင်းသား ကျောင်းသူ (၇)ဦး၊ စတုတ္ထနှစ် ကျောင်းသားကျောင်းသူ
(၉) ဦး၊ တတိယနှစ် ကျောင်းသားကျောင်းသူ (၉) ဦးနှင့် ဒုတိယနှစ် ကျောင်းသားကျောင်းသူ (၈) ဦး၊ စုစုပေါင်း (၃၃) ဦးကို
MCPA ပညာချွန်ဆု ချီးမြှင့်ပေးခဲ့ပါသည်။ ယခုလို ပညာချွန်ဆု ချီးမြှင့်ရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု
အတွက် ကဏ္ဍစုံမှာ မရှိမဖြစ်လိုအပ်တဲ့ အခြေခံအဆောက်အအုံ တစ်ရပ်ဖြစ်တဲ့ သတင်း အချက်အလက်နဲ့
ဆက်သွယ်ရေးနည်းပညာကဏ္ဍမှာ ထူးချွန်ထက်မြက်တဲ့ ကွန်ပျူတာ ပညာရှင်များ ပေါ်ထွန်း လာစေရန်၊ တက္ကသိုလ်နှင့်
လုပ်ငန်းခွင် ပေါင်းကူးဆက်ဆံရေး ပိုမို တိုးတက်လာစေရန်နှင့် ပညာသင်ယူနေတဲ့ ကျောင်းသား ကျောင်းသူများ
ကြိုးစားချင်စိတ် ပိုမို ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချီးမြှင့်ခြင်း ဖြစ်ပါသည်။

MCPA ပညာချွန် ဆုရသူဟာ ပညာသင်နှစ် တစ်နှစ်အတွက် ချီးမြှင့်ငွေ ကျပ်နှစ်သိန်းခွဲ အပြင်
ပညာချွန်ဆုခံစားနေရတဲ့ ကာလတစ်လျှောက်လုံး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသား နှစ်စဉ်ကြေးများ
ကင်းလွတ်ခွင့်၊ အသင်းမှ အခါအားလျော်စွာ ရွေးချယ် စေလွှတ်သော နိုင်ငံခြားပညာတော်သင်ဆုများအတွက် သတ်မှတ်
အရည်အချင်းနှင့် ကိုက်ညီလျှင် ဦးစားပေးခံရခြင်းစတဲ့ ခံစားခွင့်စသည်များ ရရှိမည်ဖြစ်ပါသည်။ အဆိုပါ ပညာချွန်ဆုကို
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်ဦးဆောင်တဲ့ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး
ကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌ ဦးဆောင်တဲ့ MCPA ပညာချွန်ဆုရွေးချယ်ရေးအဖွဲ့မှ ဆုံးဖြတ်ရွေးချယ်ခဲ့ခြင်း
ဖြစ်ပါသည်။

MCPA ပညာချွန်ဆုချီးမြှင့်ရာတွင် ကွန်ပျူတာပညာရပ်တွင်ထူးချွန်သည့် ကျောင်းသားများကို ရွေးချယ်၍ ဂုဏ်ပြု
ချီးမြှင့်ခြင်းဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မှတ်ဖြင့်မဆုံးဖြတ်ဘဲ တက္ကသိုလ်ပထမနှစ်တက်ရောက်ပြီး
ကွန်ပျူတာပညာကို သင်ယူပြီးခါမှ ကွန်ပျူတာနှင့် ပတ်သက်ပြီး အမှန်တကယ်ထူးချွန်မည့်သူများကို ချီးမြှင့်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *