ဈေးနှုန်းဆိုသည်မှာ ပစ္စည်းတစ်ခုနှင့် တစ်ခု ဖလှယ်ဖို့ ကြားခံ သုံးသော ငွေကြေးနှင့် တိုင်းတာ ဖော်ပြသော သတ်မှတ်ချက် ပမာဏပင် ဖြစ်ပါသည်။ တန်ဖိုးသည်လည်း အသုံးဝင် အသုံးကျပြီး အကျိုးဖြစ်ထွန်းမှုကို ဖော်ပြသည့် စွမ်းရည် သတ်မှတ်ချက်ကို ဆိုချင်သည်လို့ နားလည်မိပါသည်။ ဈေးကွက်အနေအထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေကာ ကုန်ပစ္စည်းဈေးနှုန်းများသည်လည်း တက်လိုက် ကျလိုက် အစဉ်ဖြစ်နေ တတ်ပါသည်။
မည်သည့် စီးပွားရေးလုပ်ငန်း၌မဆို ဈေးနှုန်းတန်ဖိုးသည် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး အကျိုးအမြတ်ရရေးမှာလည်း အခြေခံကျသည့် အချက်ပဲ ဖြစ်ပါသည်။ ဈေးနှုန်းတန်ဖိုး (Price) ဆိုသည်မှာ ကုန်ပစ္စည်းတစ်ခုကို ရောင်းချရာ၌ စားသုံးသူများက ပေးလိုသော အဖိုးနှုန်းထားနှင့် ရောင်းချလျှင် ရရှိနိုင်မည့် အကျိုးအမြတ်ပင် ဖြစ်ပါသည်။
ရှေးအရင် ဘိုးဘွားများ လက်ထက်က အိမ်တစ်အိမ်မှာ အပိုသုံးပစ္စည်း မဝယ်ကြဘဲ အသုံးဝင်သော ပစ္စည်းတစ်ခုသာ ဝယ်ယူသုံးစွဲကြပါသည်။ ဥပမာ ပြောရရင်ဖြင့် ကျွန်မတို့ ဦးကြီးအိမ်မှာ ငယ်ငယ်က တစ်အိမ်လုံးမှာ ကတ်ကြေးတစ်လက်ပဲ ရှိတယ်လို့ ပြောပါသည်။ မကွေးမြသလွန်ဘုရားပွဲမှ အကောင်းစား ကတ်ကြေးတစ်လက် ဘယ်လောက်ဆိုတဲ့ သူ့ခေတ်အလျောက် ဈေးနှုန်းတစ်ခု သတ်သတ်မှတ်မှတ် ရှိပါသည်။ ဒီတော့ ကတ်ကြေးဆိုသည်မှာလည်း တစ်ခုထဲနှင့် အစုံသုံးလို့ရသည့်အတိုင်းပေါ့။ အဘွားကလည်း သူ သောက်ဖို့ ဆေးလိပ် လိပ်တော့ ဖင်စီခံ ကိုက်ဖို့ ညှပ်ဖို့ အဓိကသုံးတော့ ဒီကတ်ကြေးနဲ့ပဲပေါ့။ ကျွန်မ ဦးကြီးကလည်း ကလေးအရွယ်ဆိုတော့ ဓာတ်ခဲတွေ၊ သံပြားတွေ ဘာတွေ ညှပ်ပြီး ကစားပါသည်။ နောက် စာရွက်တွေလည်း ညှပ်တဲ့အခါလည်း ယူညှပ်သေးတယ်။ ဒါ့အပြင် ဦးကြီးရဲ့အစ်မတွေက အစားအသောက် အတွက် အသုပ်တို့ ဘာတို့လုပ်လျှင်လည်း ယူသုံးသေးတဲ့အပြင် အင်္ကျီပိတ်စတွေ ညှပ်တော့လည်း ဒီကတ်ကြေးကို အသုံးပြုကြတော့ ကတ်ကြေးက နားရတယ်ကို မရှိသလောက်ပါပဲ။ ဒီတော့ လူတိုင်းက ယူသုံးနေတော့ ဘယ်နေရာ ဘယ်လိုရှာရ မရှိရလေအောင် တစ်နေရာထဲမှာ သတ်သတ်မှတ်မှတ် ထားရှိရလေသည်။ ပြောချင်သည်က ဈေးနှုန်းတစ်ခုနဲ့ ဝယ်လိုက်ပေမယ့် သူရဲ့ တန်ဖိုးက အသုံးများတဲ့အခါ အလိုလို တန်ဖိုးမြှင့်တက်သွားသည်လို့ ဆိုလိုချင်ပါသည်။ ပစ္စည်းတစ်ခုက အခုရေ များတာ နည်းတာထက် တစ်ခုစီမှာ အသုံးဝင် အသုံးကျမှုတွေ ရှိကြပါသည်။
သင် ဖိနပ် အသစ်တစ်ရံဝယ်မည်ဆိုပါက ထိုဖိနပ်ကို တစ်လအတွင်း ပြတ်သွားသည့်အဖြစ်ကို သင်လိုချင်မည် မဟုတ်ပါ။ ထိုနည်းအတိုင်းပင် အာလူးတစ်အိတ် ဝယ်ယူမည်ဆိုလျှင်လည်း အိတ် တစ်ဝက်လောက်က ပုတ်နေသည့်အဖြစ်မျိုးကို သင် လက်ခံနိုင်မည် မဟုတ်ပါ။ နောက်တစ်ချက်က ဝယ်ယူသော ကုန်ပစ္စည်းသည် ဈေးနှုန်းနှင့် အရည်အသွေး ကိုက်ညီမှုရှိ မရှိကိုလည်း စစ်ဆေးဝယ်ယူလေ့ ရှိပါသည်။ လမ်းခရီးအတွက် ဘယ်လို ဘယ်လောက်ဆိုသည့် ဈေးနှုန်းအပေါ် ဒီလမ်း၏ အကွာအဝေးကိုလည်း ဈေးနှုန်းနှင့် နှိုင်းယှဉ်တတ်ပါသေးသည်။
လုပ်ငန်း လိုအပ်ချက် အခြေအနေပေါ် မူတည်ပြီး အသုံးဝင် အသုံးတည့်ကာ မိမိအတွက် အကျိုး ဖြစ်မြောက်ပြီးစီးသွားစေတာတွေ တစ်ပုံတစ်ပင်ကြီးရှိပါသည်။ ဒီလိုပါပဲ ဈေးနှုန်းမှာလည်း ခေတ်ကာလ အလျောက် ကွာတာ၊ ပစ္စည်း၊ အနှုတ် အသိမ်းများတာ၊ ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် မူတည်ပြီး ဈေးနှုန်း အတက်အကျ အနည်းအကျဉ်း ပြောင်းလဲတတ်သည့် သဘောလေးတွေလည်း ရှိပါသည်။
စားသုံးသူများသည် ကုန်ပစ္စည်းတစ်ခုကို သင့်တော်သော ဈေးနှုန်းဖြင့် ဝယ်ယူလျှင် ထိုကုန်ပစ္စည်း၏ လုပ်ဆောင်နိုင်သော တန်ဖိုးအရည်အသွေးကို တစ်ပါတည်း ကြည့်ပါကြောင်း ရေးသားလိုက်ရပါတော့သည်။
Good Idea!