News

ရန်ုကုန်ရှိ ကျူးကျော်များအား မြေကွက်ပြန်ချပေးရန် အစီအစဉ်မရှိကြောင်း မြို့တော်၀န်ပြော

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)အပါအ၀င် ရန်ကုန်မြို့နယ်အသီးသီးရှိ အိမ်ပိုင်မရှိ ခြင်းကြောင့် မြေကွက်လွတ်နေရာများတွင် ကျူးကျော်နေထိုင်သူများကို မြေကွက်ပြန်လည်ချထားပေးရန် အစီအစဉ် မရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀န်ကြီး၊ မြို့တော်၀န် ဦးလှမြင့် က ပြောကြောင်း ရန်ကုန်တိုင်းမ် နေ့စဉ်တွင် ဖော်ပြထားသည်။

မြို့တော်၀န်က ရန်ကုန်မြို့က ပလပ်တွေ အကုန်လုံးက မြို့တော်တည်ဆောက်ရေးစီမံကိန်းတွေ ရေးဆွဲကတည်းက စီမံကိန်းလျာထားချက် မြေတွေဖြစ်လို့ မြေလွတ်ဆိုတာမရှိတဲ့အတွက် ဒဂုံမြောက်ပိုင်းက ကျူးကျော်သူတွေမှ မဟုတ်ပါဘူး။ ဘယ်မြို့နယ်ကမှ ကျူးကျော်သူတွေကို နေရာပြန်ချပေးဖို့က မရှိပါဘူး။ တစ်မြို့နယ်ကို နေရာပေးရင် ကျန်တဲ့မြို့နယ်တွေကိုလည်း နေရာပြန်ပေးရမှာဖြစ်တဲ့အတွက် ဘယ်သူ့ကိုမှ နေရာချပေးဖို့မရှိပါဘူးလို့ ပြောဆိုသည်ဟု သိရသည်။

လက်ရှိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရပ်ကွက်များတွင် နှစ်ရှည်ကျူးကျော်နေထိုင်သူများအား အစိုးရပိုင် ပလပ်မြေများပေါ်တွင် ယာယီနေထိုင်ခွင့် (သို့မဟုတ်) မြေပိုင်ဆိုင်ခွင့်များပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် ပတ်သက်ပြီး နို၀င်ဘာ(၄)ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်း အေ၀းတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဲဆန္ဒ နယ်အမှတ်(၂)မှ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်၀င်း၏ မေးမြန်းချက်အား ရန်ကုန်မြို့တော်၀န်မှ ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်သည် (၁၉၈၉-၁၉၉၀)ခုနှစ်များမှ စတင်ဖေါ်ဆောင်ခဲ့သည့် အတွက် မြို့နယ်၏သက်တမ်းမှာ နှစ်ပေါင်း(၂၀)ခန့်သာ ရှိသေးပြီး ကျူးကျော်များအား နေရာပြန်လည်ချထား ပေးမည်ဆိုပါက ယင်းမြို့နယ်ထက်စောစွာဖေါ်ဆောင်ခဲ့သည့် မြို့နယ်များလည်းရှိကြောင်း မြို့တော်၀န် ဦးလှမြင့်က ပြောသည်ဟုဆိုသည်။

ထိုကဲ့သို့ နိုင်ငံတော် အစိုးရမှ မြို့သစ်မြေကွက်များဖေါ်ဆောင်ပြီး ဌာနဆိုင်ရာ ၀န်ထမ်းများအား မြေကွက်ဖိုး တစ်သောင်းနှစ်ထောင်ကို လစဉ်အရစ်ကျငွေ ပေးသွင်းစနစ်ဖြင့် မြေကွက်များချထားပေးခဲ့ပါသည်။ ယင်းသို့ ချထားပေးခဲ့ရာတွင် ဌာနဆိုင်ရာ၀န်ထမ်းများအား ဒဂုံ(မြောက်)တွင် လည်းကောင်း၊ ရန်ကုန်မြို့ Down Town တွင် အိမ်ရာ စီမံကိန်းများအတွက် ဖယ်ရှားပေးရသော ရပ်ကွက်များ (ဥပမာ- ဗဟိုစည်ရပ်ကွက်ကဲ့သို့)မှ ပြည်သူများကို အစားပြန်ပေးသည့်အနေဖြင့် ဒဂုံ(တောင်)တွင် လည်းကောင်း မြေကွက်များ ချထားပေးခဲ့ကြောင်း သိရပါသည်။

နောက်ပိုင်းတွင် ဒဂုံ (အရှေ့)၊ ဒဂုံ (ဆိပ်ကမ်း) စသည်ဖြင့် မြေကွက်များ ထပ်မံဖေါ်ဆောင်ပြီး မြေကွက်မရသေးသော ဌာနဆိုင်ရာ၀န်ထမ်းများကို မဲစနစ်ဖြင့်လည်းကောင်း၊ လုပ်သက်အလိုက် လည်းကောင်း မြေကွက်များထပ်မံချထားပေးခဲ့ပါသည်။ ထိုမြေကွက်များတွင် အကြောင်းအမျိုးမျိုးကြောင့် အိမ်ရာမဆောက် လုပ်နိုင်ခဲ့သော ဌာနဆိုင်ရာ၀န်ထမ်းများ (အချို့လည်း အငြိမ်းစားများဖြစ်ကုန်ကြပြီ)အား ပြီးခဲ့သည့်နှစ်က မြေကွက်လွတ်များ ပြန်လည်အပ်နှံရန် အိုးအိမ်မှကြေညာခဲ့သဖြင့် အချို့လည်း တာ၀န်သိသိဖြင့်ပြန်လည် အပ်နှံခဲ့ကြကြောင်း၊ ထိုစဉ်က နှစ်ပေါင်းနှစ်ဆယ်လောက်ကသွင်းခဲ့ရသည့် မြေဖိုးငွေကျပ် တစ်သောင်းနှစ်ထောင် ကို ပြန်လည်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကျူးကျော်မဟုတ်ပဲ တရား၀င်ရရှိခဲ့သည့် မြေကွက်ကို ပြန်လည်အပ်နှံခဲ့သည့် ဌာနဆိုင်ရာ အငြိမ်းစားအရာရှိကြီးတစ်ဦးက “ကျွန်တော်တို့ ဒဂုံ/အရှေ့က မြေတိုင်းရပ်ကွက် အမှတ် (၁၂၉) ကနေ (၁၆၀) အထိဖြစ်မယ်ထင်တယ်။ ကျွန်တော်တို့ တာ၀န်သိသိ၊ သစ္စာရှိရှိနဲ့လို့ပဲပြောရမလား။ အိမ်သားတွေ တားတဲ့ကြား ကပဲ၊ ကျွန်တော့မြေကွက်ကို ပြန်အပ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က လစဉ်အရစ်ကျသွင်းခဲ့ရတဲ့ မြေဖိုးတစ်သောင်းနှစ်ထောင်ကို ပြန်ထုတ်ပေးလို့ယူခဲ့ပါတယ်” ဟု ပြောပြသည်။

သို့ရာတွင် ထိုကဲ့သို့ မြေကွက်များပြန်မအပ်ပဲ ဒဂုံမြို့သစ်တွင် မြေကွက်များလိုက်၀ယ်သူတို့ထံသို့ ပြန်ရောင်းစားသူတို့မှာမူ သိန်းချီပြီး ဈေးကောင်းရရှိခဲ့ကြကြောင်း၊ သူတို့သည် မြေကွက်ပြန်မအပ်လည်း ဘာမျှ မဖြစ်ကြောင်း၊ မိမိတို့ကဲ့သို့ ရိုးရိုးသားသား ပြန်အပ်သည့်သူများမှာသာ ဟပ်ကော့ကြီး ဖြစ်ကျန်ခဲ့ကြောင်း။ နောက်ပိုင်းတွင် ထိုသို့မြေကွက်ပြန်အပ်သည့်သူများကို မြေတိုင်းရပ်ကွက်(၁၅၅)တွင် ပြန်ပေးမည်။ လျှောက်လွှာ များတင်ပါဆို၍ တင်ထားသည်မှာလည်း ကြာပြီဖြစ်ပြီး ယနေ့အချိန်အထိ မထူးခြားသေးကြောင်း။ ယင်း Case ကို ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ်ထံတင်ထားသည်ဟု ပြောကြောင်း၊ လက်ရှိအသိအရာရှိတစ်ဦး ပြောသလို ရှင်တို့က ငြိမ်နေတာကိုးဟု ပြောသဖြင့် မြို့တော်ခန်းမရှေ့သွားပြီး ဆန္ဒပြရမည်လား မသိကြောင်း၊ မိမိတို့ကဲ့သို့ အသက်(၇၀)အရွယ်ရှိနေပြီဖြစ်တဲ့ သူတွေအတွက် သာရေးထက် နာရေးအတွက် အထောက်အပံ့လေးဖြစ်စေ ချင်လို့ မြေကွက်အစားပြန်ပေးမယ်ဆိုတာကို ပျားရည်နဲ့၀မ်းချတာမျိုးမဟုတ်ပဲ အမှန်တကယ် အမြန်ချထားပေး စေချင်ကြောင်း အဆိုပါ အငြိမ်းစား အရာရှိကြီးက ပြောကြားခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ရန်ုကုန်ရှိ ကျူးကျော်များအား မြေကွက်ပြန်ချပေးရန် အစီအစဉ်မရှိကြောင်း မြို့တော်၀န်ပြော

  1. Ko Cho says:

    ေပးစရာ မလိုပါ

Leave a Reply

Your email address will not be published. Required fields are marked *