Opinion

ကားတွေကလည်း ကားတွေ ၊ လူတွေကလည်း လူတွေ

ပြီးခဲ့တဲ့အပတ်က မြန်မာနိုင်ငံတစ်၀န်းလုံးမှာ ယာဉ်မတော်တဆဖြစ်ပွားမှုတွေနဲ့ပတ်သက်ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းဇယားတွေကို တွေ့လိုက်ရတော့ ကိုဘအေး တော်တော်တုန်လှုပ်သွားမိပါတယ်။ လမ်းထွက်ဖို့တောင် တော်တော်ကြောက်သွားတယ်။ အေးလေ ကံတရားကလည်း ပြောလို့မရပါဘူး။ ကိုယ့်အိမ်ထဲကိုယ်နေရင်းနဲ့တောင် ကားက ဘရိတ်ပေါက်ပြီး၊ အရှိန်လွန်ပြီး လာတိုက်တာတောင်ရှိသေးတာပဲ။ ကားတိုက်မှာကြောက်ပြီး အိမ်ထဲအောင်းနေလို့လဲ မရပါဘူး။ ကိစ္စများမြောင်လူတို့ဘောင်ဆိုသလိုပဲ၊ အကြောင်းကိစ္စရှိရင်တော့ အပြင်ထွက်ရအုံးမှာမဟုတ် လား။ ဘယ်သွားသွား၊ ဘယ်လာလာ သတိတရားလေးနဲ့ သွားကြရမှာပဲပေါ့။

ကြည့်လေ အခုသိရတဲ့ စာရင်းဇယားအရဆိုရင် ဘယ်သူမဆို တုန်လှုပ်မိမှာပဲ။ အမှတ်တမဲ့နေရင် တော့ မပြောတတ်ဘူးပေါ့။ ၂၀၁၃ ခုနှစ် ၊ ဇန်နဝါရီလမှနို၀င်ဘာလအထိ မြန်မာနိုင်ငံတစ်၀န်းလုံးမှာ နေပြည်တော်အပါအ၀င် ပြည်နယ်/တိုင်းဒေသကြီးတွေမှာပေါ့။ ယာဉ်မတော်တဆမှု ၁၀၃၃၄ ခု ဖြစ်ပွား ခဲ့ပြီး အဲဒီယာဉ်တိုက်မှုတွေကြောင့် ဒဏ်ရာရရှိသူ ၁၇၅၁၄ ဦး ရှိပြီး၊ သေဆုံးသူ ၂၆၉၅ ဦးရှိခဲ့တယ်လို့ ဆိုပါတယ်။ ယမန်နှစ်က အလားတူကာလမှာ ယာဉ်တိုက်မှု ၈၄၇၆ မှု၊ ယာဉ်တိုက်မှုများကြောင့် ဒဏ်ရာ ရရှိသူ ၁၄၄၁၁ ဦး ရှိခဲ့ပြီး၊ သေဆုံးသူဦးရေမှာ ၂၄၁၇ ဦး ရှိခဲ့တဲ့အတွက် ၂၀၁၃ ခုနှစ်အတွင်းမှာ ယာဉ် တိုက်ခိုက်မှု ၁၈၅၈မှု၊ ယာဉ်တိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု ၃၁၀၃ ဦး သေဆုံးသူ ၂၇၈ဦး  ပိုမိုများပြားခဲ့တာကိုတွေ့ရပါတယ်။

ဒါကိုကြည့်ရင် အဲဒီကာလမှာ မြန်မာနိုင်ငံတစ်၀န်းလုံးမှာ ယာဉ်တိုက်ခိုက်မှုအရေအတွက် ယာဉ်တိုက်မှုကြောင့် လူသေဆုံးမှု ၊ ဒဏ်ရာရရှိမှုအရေအတွက်ဟာ ယခင်နှစ် အလားတူကာလကထက် ပိုမိုများပြားနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း ယာဉ်တိုက်ခိုက်မှု အများဆုံးဖြစ်ပွားတဲ့ ဒေသတွေ ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး နှင့် ဧရာ၀တီတိုင်းဒေသကြီးတို့ဖြစ်ပြီး ၊ ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုအရေအတွက် အများဆုံး မှာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါကလည်း ယာဉ်စီးရေများရင်များသလို၊ ယာဉ်မတော်တဆမှုတွေကများမှာပဲ။ မန္တလေးတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအထိ မန္တလေး စည်ပင်သာယာနယ်နမိတ် (၆) မြို့နယ်အတွင်းက မှတ်ပုံတင်ထားတဲ့ မော်တော်ယာဉ်အစီးရေပေါင်း ၄၄၀၀၀ ကျော် ရှိပြီး ဆိုင်ကယ်အစီးရေပေါင်း ၄၇၀၀၀၀ကျော်ရှိတယ်လို့ သိရပါတယ်။ အရင်တုန်းက စက်ဘီး မြို့တော်ဖြစ်ခဲ့တဲ့ မန္တလေးမြို့တော်ဟာ အခုအချိန်မှာတော့ ဆိုင်ကယ်မြို့တော်ဖြစ်နေပါပြီ။ တကယ်တော့ ဆိုင်ကယ်တွေဟာ အန္တရာယ်ပိုများပါတယ်။ လူကိုပဲဖြစ်ဖြစ်၊ ယာဉ်နဲ့ပဲဖြစ်ဖြစ် မော်တော်ဆိုင်ကယ် အချင်းချင်းပဲဖြစ်ဖြစ်၊ တိုက်မိရင်ဖြစ်စေ၊ ကိုယ့်ဘာကိုယ်ပဲ အရှိန်မထိန်းနိုင်လို့ မှောက်မှောက် သက်သာ စရာ တကွက်မှ မမြင်ပါ။ ကျိုးတာပဲ့တာဖြစ်ရင်ဖြစ်၊ သေရင်သေ၊ ဒါပဲရှိပါတယ်။ ရန်ကုန်မှာတော့ ရန်ကုန် မြို့တော်စည်ပင်သာယာနယ်နမိတ်အတွင်းမှာ ဌာနဆိုင်ရာအချို့ကလွဲရင် မော်တော်ဆိုင်ကယ် မစီးနင်းရ လို့ တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါပေမယ့် မြို့ထဲကလွဲပြီး ဆင်ခြေဖုံးမြို့နယ်တွေမှာတော့ တဝေါဝေါ စီးနေကြတာပါပဲ။ ဆင်ခြေမဖုံးတဲ့ ကိုဘအေးတို့ သာကေတမှာတောင် ဆိုင်ကယ်စီးနေသူတချို့တွေ့ရ ပါတယ်။ လျှပ်စစ်ဆိုင်ကယ်ကြီးတွေ၊ ဆိုင်ကယ်လေးတွေလည်း စီးနေကြတာပဲ။

မော်တော်ယာဉ်အနေနဲ့ကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိ မှတ်ပုံတင်ထားတဲ့ အစီးရေ ၃၀၀၀၀၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။ မန္တလေးမြို့ထက် (၈) ဆလောက်များတာကို တွေ့ရပါတယ်။ ရန်ကုန်မှာကားတွေက ဒီထက်များလာဦးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေး နှင့် ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန တစ်ဦးချင်းကားပါမစ် ထုတ်ပေးရေးဌာနဆီမှာ တစ်ရက်ကို ပြည်ပကမှာယူတင်သွင်းတဲ့ မော်တော်ယာဉ်ပါမစ် တစ်ရက်ပျမ်းမျှထုတ်ယူမှုဟာ အရင်လကထက် နှစ်ဆ နီးပါးတိုးလာတယ်လို့ ဆိုပါတယ်။ အဲဒီဌာနက အကြီးတန်းအရာရှိကြီးတစ်ဦးပြောတာက အရင်က တစ်ရက်ကို ၄၀ လောက်ပဲလာထုတ်ကြတာ။ အခုတော့ တစ်ရက်ကို ၇၀/၈၀ လောက်လာထုတ်ကြတယ် လို့ပြောပါတယ်။ အဆိုပါမော်တော်ယာဉ်ပါမစ်ဌာနက လူကိုယ်တိုင်လာရောက်ထုတ်ယူသူများကိုသာ ပါမစ် ထုတ်ပေးတာဖြစ်ပြီး ကိုယ်တိုင်မထုတ်ယူနိုင်တဲ့သူတွေကတော့ နေပြည်တော်မှာ သွားရောက်ထုတ်ယူ ရမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၄ ခုနှစ်မှာ ဆိပ်ကမ်းအရောက် မော်တော်ယာဉ်တန်ဖိုး (Cost Insurance Freight – CIF) များကို ပြင်ဆင်ဖို့ ယာဉ်ကြီးကြပ်ရေးဌာနက စီစဉ်နေချိန်မှာ ပါမစ်ထုတ်တဲ့ဦးရေ တိုးတက်လာတာ ဖြစ်ပါတယ်။  ပြည်ပတင်သွင်းမော်တော်ယာဉ်ပါမစ်တွေကို ရန်ကုန်တိုင်းဒေသကြီး၊ စီးပွားရေး နှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ၊ တစ်ဦးချင်းကားပါမစ်ထုတ်ပေးရေးဌာနက ၂၀၁၂ခုနှစ်၊ သြဂုတ်လ၊ (၁)ရက်နေ့က စတင်ထုတ်ပေးခဲ့တာဖြစ်ပြီး ယခုအချိန်ထိ မော်တော်ယာဉ် ၂၉၉၄၂ စီး ထုတ်ပေးထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီလို ကားတွေများလာတာနဲ့အမျှ ယာဉ်ကြောကြပ်တည်းမှုတွေဖြစ်လာလို့ ရန်ကုန်မြို့တွင်းမှာ ယာဉ်မရပ်ရနေရာတွေသတ်မှတ်ပြီးတော့ အရေးယူမှုတွေလုပ်ခဲ့တယ်။ ယာဉ်မရပ်ရ နေရာများကို အသိပေးထုတ်ပြန်ပြီးနောက်ပိုင်း စတင်အရေးယူတဲ့ နို၀င်ဘာလ၊ (၁၁)ရက်ကနေ ဒီဇင်ဘာ လ (၁)ရက်နေ့အထိ စည်းကမ်းမဲ့ရပ်နားထားတဲ့ ယာဉ်ပေါင်း ၄၇၂ စီးကို ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဥပဒေနဲ့ အရေးယူခဲ့ရတယ်လို့ သိရပါတယ်။ ယာဉ်စည်းကမ်းဖေါက်ဖျက်ရင် ဒဏ်ငွေ တစ်သောင်း ကနေ ငါးသိန်းအထိရှိပြီး လောလောဆည်တော့ ယာဉ်တစ်စီးကို နှစ်သောင်းခွဲပဲ ဒဏ်ငွေချသေးတယ်လို့ ဆိုပါတယ်။

စည်းကမ်းမဲ့ရပ်နားထားလို့ အရေးယူခံရတဲ့ယာဉ်များဟာ စမ်းချောင်း၊ ဗဟန်း၊ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ ကမာရွတ်၊ တောင်ဥက္ကလာပ၊ လှိုင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ တာမွေ၊ ဗိုလ်တထောင်၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ အလုံ၊ ဒဂုံ၊ အင်းစိန်၊ မြောက်ဥက္ကလာပ ၊ ဒေါပုံနဲ့ သာကေတမြို့နယ်တို့မှ ဖြစ်တယ်လို့သိရပါတယ်။ ယာဉ်မရပ်ရနယ်မြေအဖြစ် ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ လမ်းမကြီး ၃၇ လမ်းတောင် သတ်မှတ်ထားပေမယ့် ယာဉ်ရပ်ရမယ့် နေရာ များကိုတော့ သတ်မှတ်ပေးထားတာ မရှိဘူးလို့လည်း ပြောဆိုသံတွေကြားနေရပါတယ်။

အမှန်တော့ ယာဉ်မတော်တဆမှုတွေဖြစ်ရတာဟာ ယာဉ်တွေများလာသလောက် ယာဉ်တွေက လည်း ယာဉ်စည်းကမ်းမလိုက်နာသလို၊ လူတွေကလည်း လမ်းစည်းကမ်းမလိုက်မှုတွေကြောင့်လည်း ပါပါတယ်။ ယာဉ်တွေကလည်း တစ်စီးနဲ့တစ်စီး သူ့ထက်ငါ အလုအယက်ကျော်ဖြတ်၊ ယာဉ်ကြောတွေ မှာ ဖြတ်ရမယ့်နေရာ၊ မဖြတ်ရမယ့်နေရာမသိတော့ ၊ တချို့ဆိုရင် နှစ်လမ်းမောင်းတွေမှာ ယာဉ်ကြော ပြောင်းပြန်မောင်းတာတွေတောင် ရှိသေးတယ်။ အဲဒီလို စည်းကမ်းမဲ့ကြလို့လည်း ယာဉ်တိုက်မှုတွေ ဖြစ်ကြတာပဲ။ ယာဉ်ကြောတွေ ကြပ်တဲ့အခါကျတော့ ဘတ်စ်ကားတွေကလည်း ခရီးသည်အတက်အဆင်း တွေမလုပ်ကြတော့ဘူး။ နီးစပ်ရာကြုံသလို အတင်အချ လုပ်ကြတော့တယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့က ကိုဘအေး ပင်စင်သွားထုတ်တယ်။ သမီးကလည်း ကျောင်းမှာ အားကစားပွဲတွေလုပ်နေတော့ ကျောင်းမသွားတော့ဘဲ အဖေနဲ့မြို့ထဲလိုက်လာတယ်။ သားအဖတွေ သာကေတ တစ်ဈေးကွေ့ကနေ အောက်လမ်းကားကိုစောင့်တယ်။ ဈေးကွေ့လမ်းဆုံမှာ ကားတွေကပိတ်နေတော့ ကိုယ်စီးရမယ့်ဘတ်စ် ကားက မှတ်တိုင်မရောက်ခင် ခပ်ဝေးဝေးမှာ သွားရပ်နေရတော့ ကိုယ်တွေလည်း အပြေးအလွှားသွား စီးရတယ်။ မှတ်တိုင်ကျတော့ ရပ်ချင်မှရပ်တာဆိုတော့လေ။ ဆင်းတဲ့လူတွေကလည်း အဲဒီမှာပဲ ဆင်းကြတယ်။ နောက်တစ်ခါ မြို့ထဲရောက်လို့ လမ်း ၃၀ (အောက်လမ်း) မှတ်တိုင်မှာ ဆင်းဖို့ရာ ယာဉ် ကြောက ကြပ်နေတော့ ဘတ်စ်ကားက မှတ်တိုင်ရှိတဲ့ လက်ယာဘက်ယာဉ်ကြောကို မကပ်နိုင်တော့ လက်ဝဲဘက်ယာဉ်ကြောမှာပဲရပ်ပြီး ခရီးသည်တွေကို ဆင်းခိုင်းတယ်။ ကိုဘအေးတို့ ခရီးသည်တွေ လည်း ကားတွေကြားထဲမှာပဲ ခပ်သွက်သွက်လေး ဆင်းလိုက်ရတယ်။ ဒါဟာ တကယ်တော့ ယာဉ် စည်းကမ်းဖောက်ဖျက်တာပဲ။ အန္တရာယ်လည်းများတယ်။ ခရီးသွားတွေကတော့ သူတို့ဆင်းခိုင်းတဲ့ နေရာမှာ ဆင်းရတာပဲလေ။

နောက်ပြီးတော့ တက္ကစီတွေစည်းကမ်းမဲ့တာတွေရှိသေးတယ်။ ဘတ်စ်ကားမှတ်တိုင်မှာ ၄၊ ၅ စီး စုပြုံရပ်ထားကြတာ။ ခရီးသည်တွေရပ်စရာ နေရာမရှိဘူး။ လမ်းမပေါ် တက်ရပ်နေရတယ်။ နို့မို့ဆို ရင်လည်း ဘတ်စ်ကားလာရင် သူတို့ကိုရှောင်ကွင်းပြီး ဘတ်စ်ကားပေါ်တက်ရတယ်။ ပြီးတော့ တက္ကစီ တွေဟာ လမ်းမှာခရီးသည်က တားလို့ရှိရင်လည်း လမ်းဘေးချမရပ်ဘူး။ လမ်းလယ်မှာ ကိုးလို့ကန့်လန့်ရပ်ပြီး ဈေးစကားပြောကြ၊ ဈေးဆစ်ကြနဲ့၊ နောက်ကားတွေက ပိတ်ကုန်ပြန်ရော။ ဒါဟာလည်း တက္ကစီ စတန်းတို့ဘာတို့ သီးသန့်သတ်သတ်မှတ်မှတ် မရှိတဲ့ အကြောင်းအရင်းလည်း ပါတာပေါ့။

နောက်တစ်ခုက ကားတွေဟာ (တက္ကစီရော၊ ကိုယ်ပိုင်ကားတွေရော၊ ဘတ်စ်ကားတွေရောပေါ့) လူကူးမျဉ်းကြားမှာ အရှိန်မလျှော့ချင်ကြဘူး။ ရှေ့မှာမီးပွိုင့်ရှိနေရင် ပိုဆိုးသေးတယ်။ မီးပွိုင့်လွတ်အောင် မောင်းချင်ကြတာ။ အားလုံးကိုတော့ ပြောတာမဟုတ်ပါဘူး။ တချို့သိတတ်တဲ့ အရှိန်လျှော့ပေးတဲ့ ကားတွေ လည်းရှိပါတယ်။ နောက်ပြီးမျဉ်းကြားက နေရာတိုင်းမှာလည်းမရှိဘူး။ လူတွေကလည်း မျဉ်းကြားရှိ တောင် မျဉ်းကြားကနေမကူးကြဘူး။ နီးစပ်ရာကနေ လမ်းဖြတ်ကူးနေကြတာ။ အဖမ်းအဆီးမရှိရင် ပေါ့လေ။ အဲဒီတော့လည်း ယာဉ်မတော်တဆမှုတွေဖြစ်ပြန်ရော၊ နောက်ပြီးတော့ လမ်းတွေတော်တော် များများက လူသွားလမ်း ပလက်ဖောင်းတွေမရှိကြဘူး။ ကိုဘအေးနေတာနဲ့ အနီးစပ်ဆုံးပြောရရင် ဧရာ၀ဏ် လမ်း၊ မင်းနန္ဒာလမ်း၊ မြင်တော်သာလမ်း၊ ဇင်္ဂမလမ်းတွေမှာ ပလက်ဖောင်းမရှိဘူး။ အဲဒီလမ်းတွေ ဟာလည်း ယာဉ်အသွားအလာများတဲ့ လမ်းတွေပါဘဲ၊ ပြောရရင်တော့ မိန်းလမ်းမကြီးတွေမှာတောင် ပလက်ဖောင်းက ရှိတဲ့နေရာရှိတယ်၊ မရှိတဲ့နေရာမရှိဘူး။ အဲဒီတော့ ပလက်ဖောင်းမရှိတော့ လူတွေက လမ်းမပေါ်ကနေ တက်လျှောက်ရရော။ တချို့လူတွေကလည်း ကားတွေကို သူ့အမျိုးအောင်းမေ့နေလား မသိဘူး။ ကားလာနေလို့ အရေးစိုက်တာမဟုတ်ဘူး။ လမ်းဘေးကပ်မလျှောက်ကြဘူး။ ကိုဘအေးတို့ ရပ်ကွက်ထဲက အနော်မာတို့၊ ထူပါရုံတို့ဆိုတာ လမ်းကရှည်ပြီးကျဉ်းတယ်။ ကားနှစ်စီးမနည်းရှောင်ရ တယ်။ စက်ဘီးတွေ၊ ဆိုက္ကားတွေကလည်း ရှုပ်တယ်။ ဆိုင်ကယ်တွေလည်းရှိတယ်။ ပလက်ဖောင်း မရှိတော့လည်း လူတွေက လမ်းပေါ်ပဲ တက်လျှောက်ရတာပေါ့။ ဆိုက္ကားဘဲလ်တီးနေပေမယ့်လည်း တချို့က ခပ်တည်တည်ပဲ ဆိုက္ကားက သူတို့ကို ကွေ့ရှောင်ပြီးနင်းရတယ်။ စက်ဘီးတွေ၊ ဆိုက္ကားတွေ လောက်တော့ သူတို့က အရေးမစိုက်ဘူး။ ပွတ်မိတိုက်မိသွားရင်လည်း ပြဿနာကတက်ဦးမယ်။ တခါ ကလည်း အနော်မာလမ်းဘက်မှာ ကားကတော့ လမ်းရှင်းလို့ဖြေးဖြေးမောင်းလာတာပါ။ လမ်းသွယ်ထဲ က ထွက်လာတဲ့ ကုလားမကြီးတစ်ယောက်ကို နည်းနည်းပွတ်တိုက်မိပြီလဲသွားတယ်။ ဘာမှတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်မှုတော့မရှိလောက်ပါဘူး။ အတူပါလာတဲ့မိန်းမတွေကလည်း ကားမောင်း လာတဲ့လူကို ဝိုင်းပြီး ရန်တွေ့ကြလို့ပေါ့။ ဘယ်သူမှားလည်းတော့မသိဘူး။ လူတွေလည်း ဝိုင်းနေကြတာ နဲ့၊ ကိုဘအေးလည်း ကိုယ့်လမ်းကိုယ် ဆက်သွားလိုက်တော့တယ်။ ဘာတွေပြဿနာဖြစ်ကျန်ခဲ့လဲတော့ မသိဘူး။

အရင်းစစ်တော့ အမြစ်မြေကဆိုသလိုပဲ လမ်းတွေမှာ ပလက်ဖောင်းမရှိတာရယ် လမ်းတွေ မကောင်းတာရယ်၊ လမ်းတွေမကောင်းတာဆိုလို့ ကိုဘအေးဖြတ်ပြောရဦးမယ် ကွန်ကရစ်လမ်းခင်းတဲ့ လမ်းတွေလည်း ခင်းနေကြတာပါ။ ဒါပေမယ့် ကိုဘအေးတို့ သာကေတက မြင်တော်သာလမ်းမကြီးဟာ ဟိုအရင်ဒိုင်နာတွေပြေးတုန်းကတည်းက ဝုန်းဒိုင်းဝုန်းဒိုင်းနဲ့ စီးရတာ။ အခုလည်း ဒီအတိုင်းပဲ ခရီးသည် တွေ ထိုင်ခုံနဲ့ ဖင်နဲ့မထိဘူး။ မတ်တပ်သမားတွေလည်း ခုန်နေရသလိုပဲ။ အမိုးနိမ့်တဲ့ကားဆိုရင် အမိုးနဲ့ ခေါင်းနဲ့တိုက်မိမှာတောင်စိုးရတယ်။ အရင်ဒိုင်နာတွေဆွဲတုန်းက ကားစပါယ်ယာလေးတစ်ယောက် ပြောခဲ့တာ အခုထိ မှတ်မိနေပါသေးတယ်။ တော်ပြီ ကျွန်တော် စပါယ်ယာမလိုက်တော့ဘူး။ ကားခုန်လွန်း လို့ ကြာရင် အစာအိမ်ရောဂါဖြစ်တော့မယ်ဆိုတဲ့ စကားလေးပါ။ လမ်းတွေကမကောင်း၊ ကားတွေကလည်း အရမ်းမောင်းဆိုတော့လေ။ ၃၅ ကားလိုင်းက ကားစီးရေများတယ်။ ဂိတ်က တစ်စီးပြီးတစ်စီးထွက်နေ တာ။ အဲဒီတော့ တစ်စီးနဲ့တစ်စီး အမှီလိုက်ကြတော့ ဝုန်းဒိုင်းကျဲနေတာပေါ့။

စောစောက စကားကိုပြန်ကောက်ရရင်တော့ ပလက်ဖောင်းတွေမရှိတာရယ်၊ လမ်းတွေမကောင်း တာရယ်၊ ကားတွေကများလာတာရယ်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာကြတာတွေရယ်က  ယာဉ်မတော်တဆမှု ယာဉ်ထိခိုက်မှုတွေနဲ့ပတ်သက်ပြီး အထက်က ကိန်းဂဏန်းတွေကို ဖြစ်ပေါ်စေ တာပါဘဲ။ ပြောရရင်တော့ ကားတွေကလည်းကားတွေ၊ လူတွေကလည်း လူတွေလို့ဆိုရမှာပါ။

 

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *