Featured, News

တရုတ်တွင် 3D Printerဖြင့် ကမ္ဘာ့ပထမဆုံး အဆောက်အဦးကို တည်ဆောက်

တရုတ်တွင် 3D Printerဖြင့် ကမ္ဘာ့ပထမဆုံး အဆောက်အဦးကို တည်ဆောက်

ဗိသုကာ အဖွဲ့အစည်းများက 3D Printing နည်းပညာနဲ့ ထုတ်လုပ်တဲ့ နေအိမ်များအတွက် သူတို့ရဲ့ ဒီဇိုင်းများကို ပြိုင်ဆိုင် နေစဉ်မှာပဲ တရုတ်ရှိ ကုမ္ပဏီတစ်ခုက 3D Printerနဲ့ နေအိမ်တစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်လိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် မတ်လမှာ WinSunကုမ္ပဏီက ဖန်လို စက်ရုံစွန့်ပစ်ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှ ပစ္စည်းများကို ပေါင်းစပ် ထုတ်လုပ် ထားတဲ့ အရာ၀တ္ထုတွေနဲ့ ၂၄ နာရီအတွင်းမှာ နေအိမ်ဆယ်လုံးကို 3D Printerနဲ့ ဆောက်လုပ်ခဲ့တယ်လို့ ကြေညာခဲ့ ပါတယ်။ 3D Printerထဲကို အထူးပြုလုပ်ထားတဲ့ ပိုမိုမာကျောစေတဲ့ ဓာတုဗေဒပစ္စည်းနဲ့အတူ ခြောက်သွေ့လွယ်တဲ့ ဘိလပ်မြေ တို့ကို ပေါင်းစပ် ထည့်သွင်း တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း WinSunကုမ္ပဏီကပဲ သူ့ရဲ့ နည်းပညာဟာ ပိုမိုတိုးတက်လာပြီဆိုတာ ပြသလိုက်ပါတယ်။ အရင်တည်ဆောက်ပြခဲ့တဲ့ မြေညီထပ်တစ်ခုသာပါရှိတဲ့ နေအိမ်ငယ်လေးတွေထက် ပိုမိုကြီးမားတဲ့ နေအိမ်ကြီးကို တည်ဆောက်ပြလိုက်ပါတယ်။ နေအိမ် ကြီးဟာ ၁၁၈၄၀ စတုရန်းပေ (၁၁၀၀ စတုရန်း မီတာ) ကျယ်၀န်းပြီး ငါးထပ်ပါရှိပါတယ်။ နေအိမ်အလှဆင်မှုကိုလည်း အတွင်းနဲ့ အပြင်မှာပါ ပြုလုပ်ထားပြီး Suzhou Industrial Parkမှာ ပြသထားပါတယ်။

ဆယ်စုနှစ်တစ်ခုကျော်ကြာ 3D Printerများကို တီထွင်လာခဲ့တဲ့ Ma Yiheက တီထွင်ထားတဲ့ 3D Printerကြီးဟာ အမြင့် ၆.၆ မီတာ၊ အကျယ် ၁၀ မီတာနဲ့ အရှည် ၄၀ မီတာ အရွယ်အစားရှိပါတယ်။ ပေအားဖြင့် ဆိုရင်တော့ အမြင့် ၂၀ ပေ၊ အကျယ် ၃၃ ပေနဲ့ အရှည် ၁၃၂ ပေရှိပါတယ်။ 3D Printerက ထုတ်လုပ်တဲ့ နေအိမ် အစိတ်အပိုင်းတွေကို WinSunရဲ့ စက်ရုံမှာ ကြီးမားတဲ့ အစိတ်အပိုင်းအဖြစ် ပေါင်းစပ်တာ ဖြစ်ပါတယ်။ အစိတ်အပိုင်းကြီးတွေ ရလာတဲ့နောက်မှာ အဆောက်အဦး စံချိန်မီစေဖို့ လျှပ်စစ်မကူးအောင် ကာကွယ်ခြင်းများနဲ့ စတီးချောင်းများဖြင့် ခိုင်မာအောင် ပြုလုပ်ခြင်းများကို နေအိမ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ တည်ဆောက်ကြပါတယ်။

ကုမ္ပဏီက 3D Printerဟာ ဘယ်လောက်အရွယ်ကြီးတဲ့ အစိတ်အပိုင်းတွေကို ထုတ်လုပ်နိုင်လဲဆိုတာ ကြေညာခြင်း မရှိပေမယ့် သူ့ရဲ့ ၀က်ဆိုက်မှာ ပြသထားတဲ့ ဓါတ်ပုံတွေအရ အရွယ်အစားမျိုးစုံကို ထုတ်လုပ်နိုင်တာ တွေ့ရပါတယ်။ CAD Designကို Templateအဖြစ် အသုံးပြုထားပြီး ကွန်ပြူတာက အစိတ်အပိုင်းတွေကို တပ်ဆင်ဖို့အတွက် 3D Printerရဲ့ စက်ရုပ်လက်ကို ထိန်းချုပ်ဖို့ အဲဒီ Templateကို အသုံးပြုပါတယ်။ 3D Printerက နံရံတွေကို အတွင်းပိုင်းမှာ ဟောင်းလောင်းပေါက်အနေနဲ့ ထုတ်လုပ်လိုက်ပြီးနောက်မှာ နံရံတွေကို ခိုင်ခံ့စေဖို့အတွက် အတွင်းပိုင်းမှာ Zig-Zag ပုံစံနဲ့ ချိတ်ဆက်ထားပါတယ်။

ဒီလို 3D Printerနဲ့ နေအိမ်တည်ဆောက်ခြင်းဟာ အလေအလွင့်ဖြစ်မှုကို ၃၀ ကနေ ၆၀ ရာခိုင်နှုန်း သက်သာစေပါတယ်။ ဒါ့အပြင် တည်ဆောက်ရတဲ့ ကြာချိန်ကိုလည်း ၅၀ ကနေ ၇၀ ရာခိုင်နှုန်းအထိတောင် လျှော့ချပေးနိုင်ပါတယ်။ အလုပ်သမား ကုန်ကျစရိတ်တွေကိုလည်း ၅၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။ နေအိမ်ကြီးဟာ ဒေါ်လာ ၁၆၁ ၀၀၀ သာကုန်ကျပါတယ်။

ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုခြင်းဖြင့် အုတ်၊ ကျောက်နဲ့ အခြား အရာ၀တ္ထုတွေ လိုအပ်မှုကို လျှော့ချပေးနိုင် ပါတယ်။ အဲဒီအတွက် ပတ်၀န်းကျင်နဲ့ သဟဇာတဖြစ်ပြီး ကုန်ကျစရိတ်သက်သာတဲ့ တည်ဆောက်ရေးနည်းပညာ ဖြစ်လာပါတယ်။

ကုမ္ပဏီက မိုးမျှော်အဆောက်အဦးတွေ၊ တံတားတွေလို အရွယ်ကြီးတဲ့ အဆောက်အဦးများ တည်ဆောက်ဖို့ သူ့ရဲ့ နည်းပညာကို အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *