Review

3D Printing နည်းပညာက ငါးနှစ်သားကလေးငယ်ရဲ့ အသက်ကို ကယ်တင်

3D Printing နည်းပညာက ငါးနှစ်သားကလေးငယ်ရဲ့ အသက်ကို ကယ်တင်

3D Printing နည်းပညာက စပိန်မှ ငါးနှစ်သားကလေးငယ်ရဲ့ အသက်ကို ကယ်တင်လိုက်ပါတယ်။

ကလေးငယ်ဟာ ၀မ်းဗိုက်အနားမှာ ဖြစ်လေ့ရှိတဲ့ Neuroblastomaလို့ ခေါ်တဲ့ ကလေးကင်ဆာ တစ်မျိုးကို ခံစားနေရပါတယ်။ ကင်ဆာကြောင့် ၀မ်းဗိုက်နားမှာ အကျိတ်ကြီးတစ်ခု ဖြစ်နေပါတယ်။ အဲဒီ အကျိတ်ကို ခွဲစိတ်ဖယ်ရှားဖို့ ဆိုတာ အလွန်ရှုပ်ထွေးပါတယ်။ သွေးကြောတွေကို ဖြတ်ထုတ်မိပြီး ကလေးရဲ့ အသက် သေဆုံးသွားနိုင်လို့ပါ။ ကလေးရဲ့ အကျိတ်ကို ဖယ်ရှားဖို့ နှစ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူးလို့ ခွဲစိတ်မှုကို ဦးဆောင်တဲ့ ဆရာ၀န် Jaume Moraက ပြောပါတယ်။

ဘာစီလိုနာရှိ Sant Joan de Deu ဆေးရုံမှ Moraနဲ့ သူ့အဖွဲ့ဟာ Polytechnic University of Catalonia ရှိ CIM Foundationကို သွားပြီး ကလေးရဲ့ အကျိတ်နဲ့ တစ်ထေရာတည်းတူတဲ့ အကျိတ်အတု တစ်ခုကို 3D Printingနည်းပညာနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ အကျိတ်အတုရဲ့ ဘေးပတ်လည်မှာ ကလေးရဲ့ သွေးကြောနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို တုပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဆရာ၀န်တွေက အကျိတ်အတုကို အသုံးပြုပြီး တစ်ပတ်ခွဲကြာ စမ်းသပ်လေ့ကျင့်ကြပါတော့တယ်။

အဲဒီနောက်မှာတော့ ကလေးငယ်ရဲ့ ၀မ်းဗိုက်ထဲမှ အကျိတ်ကို အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပါတယ်။ နောက်ထပ်ခွဲစိတ်မှုတွေ မလိုအပ်ဘဲ ကလေးငယ်ဟာ ကျန်းမာလာတော့မယ်လို့ မျှော်လင့်ကြောင်း ၀မ်းသာအားရ သတင်းပေးပို့ခဲ့ပါတယ်။ သူတို့ရဲ့ အောင်မြင်မှုဟာ ဂုဏ်ယူစရာဖြစ်ပြီး နောက်ထပ် လူနာနှစ်ယောက်ကို ခွဲစိတ်ဖို့ 3D Printing နည်းပညာကို အသုံးပြုမယ်လို့ သိရပါတယ်။

အဲဒီ ခွဲစိတ်မှုဟာ ဝေဒနာရှင်ရဲ့ ခန္တာကိုယ် အစိတ်အပိုင်းကို 3D Printing နည်းပညာနဲ့ တုပ ထုတ်လုပ်၊ စမ်းသပ်လေ့ကျင့်အပြီးမှာ ဝေဒနာရှင်ကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့တဲ့ ပထမဆုံး ခွဲစိတ်မှုတွေထဲက တစ်ခုဖြစ်ပါတယ်။ 3D Printing နည်းပညာဟာ အစားအသောက်တွေ၊ လူ့အသုံးအဆောင်ပစ္စည်းတွေ၊ နေအိမ်တွေသာမက ဝေဒနာရှင်တွေရဲ့ Cellတွေကနေ သူတို့အတွက် အင်္ဂါ အစိတ်အပိုင်းတွေကိုတောင် ထုတ်လုပ်ပေးနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *