Opinion

အလုပ်ခွင်အသစ် နေရာပြောင်းရွှေ့လျှင် ကြိုတင် ပြင်ဆင်ထားနိုင်ရန် နည်းလမ်းများ

လုပ်ငန်းခွင် တစ်ခုတွင် သင် မပျော်တော့ လျှင် ဒါမှမဟုတ် ကိုယ့်အတွက် ဒီထက် ပိုပြီး တိုးတက် အောင်မြင်လိုလျှင် သော်လည်း ကောင်း၊ လုပ်ငန်းနယ်ပယ် ပိုမို ချဲ့ထွင်လို လျှင်သော်လည်းကောင်း လုပ်ငန်းခွင် တစ်ခု မှ တစ်ခုသို့ ပြောင်းရွှေ့သင့်ကြောင်း ဟော ပြောပွဲ တစ်ခုမှာ ဒေါက်တာအောင်ထွန်း သက် ဟောပြောတာကို ကြားခဲ့ဖူးပါသည်။
ယခု ပြောချင်သည် များကတော့ လုပ်ငန်း လုပ်သည် ဆိုသည်မှာ မည်သည့် နေရာပင် ရောက်ရှိနေပါစေ ကိုယ် ကျွမ်းကျင် သည့် အတတ်ပညာနှင့် ဝါသနာပါသည့် အလုပ်မျိုးကိုသာ ရွေးချယ် ပြောင်းရွေ့ သင့် ပေသည်။ အလုပ်တစ်ခု ရွှေ့ပြောင်းတော့ မည် ဆိုလျှင် ငွေတစ်ခုထဲ မကြည့်ပဲ ကိုယ် ပျော်ရွှင်ရာ နေရာဖြစ်မည်လား ဆိုတာပါ ထည့်သွင်း စဉ်းစားသင့်ပါသည်။ ရံဖန်ရံခါ အဆင်ပြေမလားဆိုပြီး ပြောင်းလိုက်သည့် အလုပ်က အဆင်မပြေမှုတွေ ဖြစ်လာသည့် အခါ ဘယ်လိုတွေ နေထိုင်သွားရမလဲ ဆိုတာပါ ကြိုတင် စဉ်းစားထားဖို့ လိုအပ် လှပါသည်။ အလုပ်ပြောင်းပြီ ဆိုရင်ဖြင့် ဘာကြောင့် ပြောင်းတာလဲ၊ ဘာအတွက် ပြောင်းတာလဲ ဆိုတာ ကိုယ့်ဘာသာ အရင်ဆုံး မေးခွန်းထုတ် သင့်ပါသည်။ အလုပ်ပြောင်းခြင်းသည် ၀န်းကျင်သစ် တစ်ခုကို ပြောင်းလဲခြင်းပင် ဖြစ်ပါသည်။ ဒီတော့ ၀န်းကျင်အသစ်မှ သူများဖြင့် ငါသဟဇာတ တည့်ပါ့မလား။ ဒီ၀န်းကျင် အသစ်က လူတွေက ဘယ်လိုလူမျိုးတွေလဲ၊ ဘယ်လို စိတ်ဓာတ်တွေ ရှိနေသလဲဆိုတာပါ တွေးတော ပြင်ဆင် ထားသင့်ပါသည်။ တချို့ကျတော့ လက်ရှိအလုပ်မှာ လစာ လည်းမကောင်းပဲ နောက် ၀န်းကျင်အသစ်မှ လူများနှင့် ပြောဆို ဆက်ဆံရမည်ကို ၀န်လေးကြောက်ရွံ့နေသဖြင့် ဘယ်အလုပ်မှ မပြောင်းပဲ ဘ၀ကို ဒီနေရာမှာပဲ ဒီအတိုင်း ပေးတဲ့စာနဲ့ အငြိမ်နေ သွားကြသူများလည်း သင် တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မည်။ ဒီလို ဆိုရင်တော့ ရတဲ့လစာနဲ့ တင်းတိမ် ရောင့်ရဲ စွာဖြင့် နေနိုင်မှသာ ဒီအလုပ်တစ်ခုထဲ သေတပန် သက်တစ်ဆုံး နေထိုင်သွား နိုင်ကြမည် ဖြစ်ပါသည်။

ဒီလိုမှ မဟုတ်ရင်တော့ အလုပ်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲခြင်းများ အနည်းနဲ့ အများ ပြုလုပ်ရမည်သာ ဖြစ်ပါသည်။ တစ်ခါတလေ အရင် အလုပ်မှ လူများနဲ့ မဆက်ဆံချင်တော့ သဖြင့် ပြောင်းလဲ လိုက် သောအခါ နောက်အလုပ် တစ်ခုတွင် အရင် အလုပ်မှ သူများထက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမို ဆိုးရွားနေလျှင်ရော သင်ဘယ်လို လုပ်မည်နည်း။ ဒါတွေ ပြောနေလို့ အလုပ် မပြောင်း တော့ဘူးလို့လည်း မပြောပါနဲ့။ ဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းကို ပြောပြထားခြင်း ဖြစ်ပါသည်။ ကိုယ့်ရဲ့ဘ၀ တိုးတက်မှု အတွက် ရွေးချယ်မှုတွေ များစွာ ပြုလုပ်ရမည် ဖြစ်ပါသည်။ ပြောင်းလဲ သင့်သည်များကို လည်း ပြောင်းလဲရမည် ဖြစ်ပါသည်။ လုပ်ငန်းခွင်အသစ် မရောက်ခင်ကတည်းက ကြိုတင် ရင်ခုန်စရာများ အရင်ဆုံး ဖြစ်လာ မည်။ နောက် စရောက်ပြီဆိုတာနဲ့ ငါ့ကို ဘယ်လိုပုံစံနဲ့ ဘယ်သူတွေက ဘယ်လို ကြိုဆိုကြမလဲ။ နွေးထွေးမှုရော ရှိရဲ့လား။ ငါကရော ဘယ်လို ပြန်တုံ့ပြန်ရမလဲ ဆိုတာ တွေလည်း ဖြစ်လာပါလိမ့်မည်။ ဘယ်နေရာ မဆို လူအမျိုးမျိုး စိတ်အထွေထွေ တွေ့ကြုံရ ပါမည်။ ဘယ်နေရာရောက်ရောက် သူက ဘယ်လို ငါက ဘယ်လိုဆိုတာထက် ဘယ် သူတွေ ဘယ်လိုပင် ပြောဆို ဆက်ဆံကြ ပါစေ ကိုယ့်ဘက်က နွေးထွေးလှိုက်လှဲစွာနဲ့ ရိုးသားစွာ စိတ်ရင်းအတိုင်း ပြန်လည်ပြုမူ ပြောဆို ဆက်ဆံဖို့ အရေးကြီးဆုံးပါပဲ။

ယခုအချိန်တွင် အကြောင်းအရာ အတော်များများမှာ အရှိန်အဟုန် ပြင်းပြင်း ဖြင့် အလျင်အမြန် ပြိုင်ဆိုင်မှုများ ပြင်းထန် လာသည့် ခေတ်ကြီးထဲတွင် လူတစ်ဦး တစ်ယောက်ချင်းစီ၏ အရည်အချင်း အပြု အမူ အပြောအဆိုတွေကို နှစ်ကာလ ကြာ ရှည်စွာ အောင့်အီးသည်းခံပြီး အချိန်ယူ စဉ်းစားဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာ ဖြစ်ပါ သည်။ ဒါကြောင့် ပြောင်းလဲလာသည့် ခေတ်ကြီးထဲတွင် လူအများနဲ့ ၀င်ဆန့်နိုင် အောင် ပြုလုပ်ဆောင်ရွက် ထားရမည် ဖြစ်ပါ သည်။ တစ်ခါတလေ ၀န်းကျင်အသစ်မှာ ကိုယ့်စိတ်နဲ့ အဆင်သင့်မဖြစ်တဲ့ အကြောင်း အရာလေးများ ရှိခဲ့ရင်လည်း ကိုယ့်စိတ်ကို ချိုးနှိမ်ပြီး ဖြေဖျောက်ထားနိုင်ဖို့သာ လိုအပ် ပါသည်။ ဒါမှသာ စိတ်ချမ်းသာမှုတစ်ခုကို ခံစားရပေမည်။ ဒီလိုသာ မဟုတ်ပဲ လိုက်ပြီး ခံစားနေရင်ဖြင့် ဘယ်နေရာ ၀န်းကျင်ရောက် ရောက် နေစရာ ရှိတော့မည် မထင်ပေ။

အလုပ်ခွင် ပြောင်းလဲမှုတွေ အံ၀င်ခွင်ကျ ဖြစ်ဖို့ဆိုတာ တစ်ပတ်နဲ့လည်း အဆင်မပြေ နိုင်ပေ။ တစ်လလောက်တော့ ဘာလုပ်လို့ ဘာကိုင်ရမည်မှန်းမသိ ယောင်ချာချာ ဖြစ် နေမည် ဆိုတာ အသေအချာ ပြောရဲပါ သည်။ ဒီလိုအချိန်အတွင်းမှာ အလုပ်ခွင်မှာ အရင် ရောက်ရှိနေသည့် ၀န်ထမ်းများ၏ နွေးထွေးစွာ လက်ကမ်းကြိုဆိုမှု၊ လိုအပ်တာ ပြောပြမှုနှင့် ဖေးမမှုများသည် အလွန် တစ်ရာမှ လိုအပ်လှပါသည်။ တစ်ခါတလေ ကိုယ်က နားမလည်လို့ ပြန်မမေးသည့်အခါ ဒါလေးတောင် မသိဘူးလားဆိုတဲ့ အကြည့်၊ အပြောတွေ ဖြစ်လာနိုင်ပါသည်။
အလုပ်ခွင်အသစ်မှာ စိတ်ကသိကအောင့် ဖြစ်စေရာလေးတွေ အနည်းအများတော့ ကြုံဆုံရမှာ ဖြစ်ပါသည်။ ဒီလို ဖြစ်လာခဲ့ရင် လည်း စိတ်ရှည်ရှည် ဇွဲရှိဖို့နှင့် အလုပ် တာ၀န်များ မှန်မှန်နှင့် မြန်မြန် ပြီးစီးအောင် လုပ်ပါ။ လောက သဘာ၀အရ အကျိုးနှင့် အကြောင်းဆိုတာ အမြဲဒွန်တွဲ ဖြစ်ပေါ် နေသဖြင့် မျှတတဲ့ အပြုအမူ ပြုသောသူ သည် ကောင်းကျိုးကို ခံစားရပြီး မမျှတစွာ ပြုမူဆက်ဆံသောသူများသည် သူ့အကျိုး ပေးနဲ့ သူသွားကြမည်မှာ ဓမ္မတာပင် ဖြစ်ပါ သည်။

အလုပ်သစ်ကို ပထမဆုံး ရောက်ရှိသည် ဆိုတာနှင့် အားလုံးနဲ့ အဆင်ပြေပြေ နေထိုင် နိုင်ဖို့ အရင်ဆုံး ကြိုးစားထားရပါမည်။ နောက် လိုက်လျော ညီထွေစွာ ဆက်ဆံပြော ဆိုပြီး ပြုံးချင်ချင် မပြုံးချင်ချင် မိမိရဲ့ မျက်နှာ ပေါ်မှာ အပြုံးတစ်ပွင့်ကို အမြဲဆောင်ထား ရမည်။ မိမိကို ပြန်လည် မပြုံးပြလည်း မိမိ ဘက်ကတော့ ပြုံးပြနိုင်ရမည်။ တစ်ဦးနှင့် တစ်ဦး ယုံကြည်ဖို့ဆိုလျှင် သူ့အကြောင်း ကိုယ့်အကြောင်း သိသင့်သလောက် သိ ထားရမည် ဖြစ်ရာ မိတ်ဆက်သဘောဖြင့် လိုသလောက် ပြောကြရပါမည်။ ပြောနေ သော စကားများထဲတွင် အဆိုးမြင်သည့် စကားများ ပါသွားခဲ့လျှင် တစ်ဖက်လူက အထင်သေးသွားတတ်ပါသည်။ အကျိုး မရှိ ဘူးလား ဆိုရင် တစ်ပါးသူ အကြောင်း မိမိ မရင်းနှီးသေးသော သူများကို အတင်း အဖျင်း ပြောခြင်းမျိုး ရှောင်ရပါမည်။ မိမိ အလုပ်သစ် စရောက်တာနဲ့ ၀န်းကျင်သစ်ရဲ့ စူးစမ်းမှု၊ စိတ်၀င်စားမှု စသည်များကို အရင်ဆုံး ရင်ဆိုင်ရမည် ဖြစ်ပါသည်။ နောက် တစ်ဦးနဲ့ တစ်ဦး မိမိအကြောင်း သူတို့ အကြောင်းလေးတွေ တစ်စွန်းတစ်စ ထုတ်ဖော်ပြောပြပြီး မေးမြန်းထားရမည်။

ဥပမာ အနေအထိုင်၊ အစားအသောက် ဘာ ကြိုက်တယ် ဆိုတာကအစ ဒါတွေအပြင် အပြောအဆိုပါ ပြောသင့် မပြောသင့် မေးမြန်းပြီး မနှစ်သက်သည်များကို ရှောင် ရှားရမည် ဖြစ်ပါသည်။ ဒါမှသာ ၀န်းကျင် သစ်ရဲ့ စည်းမျဉ်းစည်းကမ်း နေမှုထိုင်မှု အကြောင်းအရာများ သိမှတ်ထားမှသာ ၀န်းကျင်သစ်နဲ့ လိုက်လျောညီထွေ နေထိုင် နိုင်မည် ဖြစ်ပါသည်။ တချို့ကျ ပြန်တော့ ကိုယ်ကတော့ နှုတ်ဆက်မိပါရဲ့ ပြောချင်မှန်း မသိ ဘာမှန်းမသိ တစ်ယောက်ထဲ အရူး လိုလို ဘာလိုလို ဖြစ်သွားတတ်တာတွေ လည်း ကြုံဖူးပါသည်။ တချို့ကျတော့ မတူ သလို မတန်သလို ဆက်ဆံရေး ပြုမူပုံနှင့် တချို့ကျပြန်တော့ အသစ်၀င်လာတာပဲ အစထဲက ငါတို့ ပေါင်းပြီး ဖိနှိပ်ထားမှ ဆိုတဲ့ အတွင်း အတ္တစိတ်တွေလည်း ရှိနေနိုင် ကောင်းပါရဲ့။ ဒါတွေကတော့ အကြမ်းဖျင်း ပြောတာပါ အတော် များများတော့ အလိုက် အထိုက် သင့်တင့်စွာ ဆက်ဆံ ပြောဆိုကြ မည်လို့ ထင်မြင်မိပါသည်။ အရာ အားလုံး သည် ကိုယ်ဖြစ်ချင်သလို ဖြစ်နိုင်ဖို့ အလွန် ခဲယဉ်းပါလိမ့်မည်။ ဒီလို ၀န်းကျင်ကို ရောက်ရှိ သွားခဲ့ရင်လည်း ၀န်းကျင်အသစ် မှာ နားလည်စာနာ ခွင့်လွှတ်စွာဖြင့် စိတ် ချမ်းသာအောင် နေထိုင်နိုင်မှသာလျှင် အလုပ်ခွင်မှာ ပျော်ရွှင်မှုရှိပြီး အောင်မြင်စွာ လုပ်ငန်း လုပ်ဆောင်နိုင်မှာ ဖြစ်ပါသည်။

ဒီတော့ နောက်ဆုံး ပြောချင်တာက ဘယ်သူတွေက ဘယ်လိုဆိုတာထက် ကိုယ် ဘယ်လို ဆိုတာ စိတ်ကောင်း နှလုံးကောင်း ထားရှိစွာဖြင့် အလုပ်အကိုင် အပြောအဆို အပြုအမူနဲ့ စိတ်ရင်းအတိုင်း ဆက်ဆံနိုင်ဖို့ အမြဲကြိုးစားသင့်ပါကြောင်း ပြောရင်းဖြင့် အလုပ်ခွင်သစ် ရောက်သူတိုင်း ဆောင်ရန် ရှောင်ရန်လေးတွေ သိရှိစေရန်အတွက် ခံစား နားလည်ထားသမျှ ပြန်လည် မျှေ၀ လိုက်ရပါတော့သည်

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *