Health, Opinion

ဒါဘယ်သူ့အပြစ်လဲ

HIV / AIDS

“ဆရာ ခွဲစိတ်ဆောင်က ဖုန်းဆက်ပါတယ်။ ကလေးလူနာတစ်ယောက်ကို ဆရာလာကြည့်ပေးပါတဲ့”

တာဝန်ကျ သူနာပြု ဆရာမလေး ပင်ကီက ဒေါက်တာပီတိ ဂျူတီခန်းထဲ ဝင်လာသည်နှင့် လှမ်းပြောသည်။ စာရေးသူတို့ ဆေးရုံတွင် ခွဲစိတ် အထူးကု ဆရာဝန်ကြီးများကိုလည်း ခန့်အပ်တာဝန်ပေးထားသဖြင့် ခွဲစိတ်ခန်း အပါအဝင် ခွဲစိတ်နှင့် ပတ်သက်သူ၊ ကျွမ်းကျင်သူ သူနာပြု အပါအဝင် ဝန်ထမ်းများလည်း ရှိသည်။ သို့သော် ကလေးလူနာများနှင့် ပတ်သက်သည့် ခွဲစိတ်မှုမျိုးဆိုလျှင်တော့ ကလေးဆေးကုသဆောင်မှ ဆရာဝန်များကလည်း တွဲဖက်စောင့်ရှောက်မှု (Joint Care) ပေးရသည်။

မိုးရာသီ၏ အစမဟုတ်တော့သော်ငြား နွေအကုန်မိုးအကူးကာလများကဲ့သို့ပင် ရာသီဥတုက ပူလာလိုက် မိုးကောင်းကင်ကြီးက မည်းလာလိုက် ဖြစ်နေသည်။ ယခုပင် ပြိုတော့မလိုလာသော မိုးညိုသည်လည်း ခဏတာအတွင်း ပျောက်ကွယ်သွားတတ်သည်။ သာယာလှပါသည်ဟု ယူဆပြီး ဆေးရုံသို့ ထွက်အလာ လမ်းတစ်ဝက်မှပင် မိုးဖွဲစကာ မိုးသည်းချတော့သည်။ “သြော် မိုး၊ မိုး……..သူ့ တာဝန်ကျေအောင် သူထမ်းနေတာပါပဲလေ”

ရွှဲစိုခဲ့သော လုံချည်နှင့် အင်္ကီျတို့ကို အမြန်လဲ၍ ခွဲစိတ်ဆောင်ဘက်သို့ ခြေဦးလှည့်ခဲ့သည်။ ဆရာသွားမည်ဆိုသည်နှင့် ခေါ်စရာမလိုဘဲ နောက်က အမြဲလိုက်တတ်သော လက်ထောက် ဆရာဝန်မလေး သီရိကလည်း ထပ်ကြပ်မကွာ ပါခဲ့သည်။ နောက်တစ်ယောက်ကတော့ သူနာပြုဆရာမလေး ပင်ကီ။

“ဆရာ – ကလေးက အသက် (၁၀)နှစ်ပါ။ Plerianal Abacess (စအိုဘေးမှာ ပြည်တည်နာ) ဖြစ်တာ၊ ၃ရက်ပဲ ရှိသေးတယ်ပြောတယ်။ အခု ပိုးသတ်ဆေး Antibiotic ဆေးထိုးထားပါတယ်”

ကလေးကို ကြည့်လိုက်တော့ (၁၀)နှစ်သား ဝဝဖြိုးဖြိုး ကရင်ကလေး၊ အဖျားတက်၍လားတော့မသိ ကလေးကညည်းလှသည်။ကလေး၏ စအိုဝဘေးတစ်ဖက်တွင် ထိပ်ပွင့်နေသော သံငန်ရည်တရွှဲရွှဲနှင့် အနာကြီးကိုတွေ့ရသည်။ကလေး၏ သွေးခုန်နှုန်းစမ်းရန် လက်ကလေးကိုကိုင်ကြည့်မိမှ

“ ဟာ အေးစက်နေပါလား Puse (သွေးခုန်တာ)လည်း Faint (ပျော့) တယ်၊ Puse Rate (သွေးခုန်နှုန်း) လည်းမြန်တယ်၊ ဒါ Snock ပဲ Pain Snock လား Septic Snock လား၊ Pressure (သွေးပေါင်ချိန်) မနက်က ဘယ်လိုနေသလဲ”

ဒေါက်တာ ပီတိတစ်ယောက် ခေါင်းထဲကို မီးစနှင့် ထိုးသကဲ့သို့ ပူလောင်သွားသည်။ ကလေးလူနာများ ခွဲစိတ်ရလျှင်တော့ အရေးပေါ်အခြေအနေနှင့် အသည်းအသန်အခြေအနေသာများသည်။ ဂျိုးထိပ်အရေပြားဖြတ်တောက်ခြင်း (Circumscision) နှင့်လက်ပွား (Polydoctly) ဖြတ်တောက်ခြင်းလောက်သာ Elective Sungery (အရေးပေါ်မဟုတ်သော ခွဲစိတ်မှု) မျိုးရှိပေသည်။ ထို့ကြောင့်လည်း နံနက်ခင်း ဂျူတီစဝင်ကတည်းက ခွဲစိတ်ရန် လျာထားသော ကလေးလူနာ ရှိပြီဆိုလျှင် ဦးစားပေး ကြည့်ရပေသည်။ အရေးပေါ် အသည်းအသန် လူနာတစ်ယောက် အတွက်က စက္ကန့် မိနစ်ဟူသည် အရေးကြီးလှသည် မဟုတ်လော။

*…………………*………………*……………….*

ထိုနေ့က ထိုကလေးနှင့် ပတ်သက်သော ဖြစ်စဉ်နှင့် အကြောင်းအရာများကို အစမှအဆုံး မတင်ပြတော့ပါ။ ထိုကလေးကို အသည်းအသန် လူနာခန်းသို့ ပို့ပြီး သွေးလန့်ခြင်း Snockကို စာရေးသူတို့ ကုကြသည်။ ပိုးဆိပ်ပျံ့သော သွေးလန့်ခြင်း Septicemic Snock ဖြစ်နိုင်သဖြင့်လိုအပ်သော ပိုးသတ်ဆေး အကောင်းစားများကို အပြည့်အဝ ထိုးသည်။ တစ်ဖက်မှလည်း ဖြစ်တန်ချေ ရှိသော ရောဂါများအတွက် လိုအပ်သော သွေးများစစ်သည်။ အဖြေထွက်လာသောအခါ စာရေးသူတို့ မျက်လုံးပြူး သွားကြရသည်။ သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥများ အားလုံးနည်းနေသော Pancytopeniaကို တွေ့ရသည်။ ထို့ကြောင့် သာမန်လူထက် ရောဂါဒဏ်ပို၍ မခုခံနိုင်ခြင်းဖြစ်မည်။ ထိုမျှမက သွေးဥများနည်းနေပြီး တစ်နေရာရာ (ဥပမာ ဦးနှောက်တွင်း / အစာအိမ်အူလမ်းကြောင်းတွင်း / ဝမ်းဗိုက်အတွင်း) သွေးယိုနေခြင်းဖြစ်နိုင်၍ သွေးဥမွှားပမာဏ တက်ရန်လည်းကောင်း၊ သွေးနီဥ တက်ရန်လည်းကောင်း၊ သွေးရည်ကြည်သာမက သွေးပျစ်၊သွေးလတ် အစုံသွင်းရသည်။ သွေးကြောစနစ်၏ လုပ်ငန်းဆောင်တာများကို စွမ်းအားပေးသည့် ဆေးများလည်း သွင်းသည်။ ခန္ဓာကိုယ်ခြေလက်တိုင်း၌ သွေးကြောအတွင်း ဗိုက်ပျော့ Cannula ထည့်၍ စက်ပေါင်းအစုံတပ်၍ လိုသမျှ အချိန်နှင့် တပြေးညီ ကုကြသည်။ သူနာပြုနှစ်ဦး လက်ထောက်ဆရာဝန် တစ်ဦးနှင့် အလုပ်သင် ဆရာဝန်တစ်ဦး အနားမှ မခွာဘဲ သေမင်းခံတွင်းဝမှ ကလေးငယ်ကို ဆွဲထုတ်ရန် ကြိုးစားခဲ့ကြသည်။ နေ့လည် ၁၂:၀၀ ခန့်တွင်ကား “မရဏတရား”က အနိုင်ယူသွားချေပြီ။ စောင့်ရှောက်ကြည့်ရှု ကုသပေးနေသူအားလုံး အရုပ်ကြိုးပြတ် ဖြစ်သွားကြပြီ။ မိခင်ဖြစ်သူကား ပဋာမြေလူး ဖြစ်နေချေပြီ။ “သားလေးရယ် သားဆော့ချင်တဲ့ ဂိမ်းစက်လေးတောင် ဝယ်မပေးလိုက်ရဘူး” မိခင်ကား ယူကျုံးမရ။

“ဆရာ Labက ဖုန်းဆက်ပါတယ်။ အခုကလေးရဲ့ Resultရဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ပါတဲ့” သူနာပြုလေးပြော၍ ဖုန်းရှိရာ ထွက်လာခဲ့သည်။

“ခင်ဗျာ…သြော် ဟုတ်လား၊ ဆရာ့ကို ပြောလိုက်ပါ့မယ်” မိမိထက် ဦးနှင့်သော လက်ထောက် ဆရာဝန်လေး ဒေါက်တာဝေမိုး၏ ဖုန်းဖြေသံကြားလိုက်ရသည်။

“ဆရာ အခု Expired ဖြင့် (ဆုံးသွား)တဲ့ ကလေးက Retro Potive (HIV ပိုးရှိနေခြင်း)တဲ့။”

မိမိတို့အားလုံး မျက်လုံးပြူးသွားသည်။ ကနဦး အစမှပင် ဤသို့ ပြည်တည်နာကြီးကြီး ဖြစ်သည်ကို တွေ့ရကတည်းက သံသယရှိခဲ့၍ သွေးစစ်ခိုင်းခဲ့ခြင်း ဖြစ်သည်။ မိခင်ထံမှ ရောဂါရာဇဝင်ယူစဉ်က အငယ်ဆုံးကလေး (ယခုအသက်နှစ်နှစ်ခွဲ)မွေးစဉ်ကပင် သွေးအဖြေများကောင်းသည်ဟု သိခဲ့ရသဖြင့် မိခင်ထံမှသာ အကူးများသော ကလေး HIV ရောဂါကို ဒုတိယတန်းအဖြစ်သာ စဉ်းစားခဲ့မိသည်။ သွေးသွင်းရာမှ ဆေးထိုးရာမှ ကူးခြင်း၊ လိင်ကိစ္စမှကူးခြင်းနှင့် မိခင်ထံမှ ကူးခြင်းတို့တွင် ဤကလေး၌ ဖြစ်နိုင်ချေ တစ်မျိုး ရှိသေးသည်။ “သွေးသွင်းခံရဖူးလား” “ဒီကို မလာခင် တိုက်နယ်ဆေးရုံမှာတော့ သွင်းခဲ့ပါတယ်။ ဒါပေမယ့် သူတို့ကိုလည်း အခုလိုပဲ သွေးစစ်ပြီးမှ သွေးလှူခိုင်းတာပဲ” မိခင်က ငိုရင်း ပြောသည်။ “တခြားနည်းနဲ့ ကူးနိုင်စရာဆိုလို့ တစ်ခါသုံးမဟုတ်တဲ့ အပ်နဲ့ ဆေးထိုးခံရဖူးတာရော”

မိခင်ကား စကားအဖြေမရ၊ ရှိုက်ကြီးတငင်သာ ငိုနေသည်။ စာရေးသူတို့အဖို့ “ရေနစ်သူကို ဝါးကူထိုး”နေခြင်းတော့ မဟုတ်။ ခံစားနေရသူကို ကိုယ်ချင်းမစာမနာ မေးခွန်းထုတ်ရသည့်အကြောင်းကား ဆရာဝန်တစ်ဦးအနေဖြင့် လက်ထဲရှိ လူနာကို စွန့်လွှတ်လိုက်ရသော်ငြား သူ၏ မိသားစု၊ မောင်နှမများ၌ပါ ရောဂါကူးစက်နိုင်စွမ်း ရှိ၊ မရှိ၊ ရှိခဲ့လျှင် ကြိုတင်၍ ကုသတားဆီးနိုင်မှသာ ယခုကဲ့သို့ အဖြစ်ဆိုးမျိုးမှ ထပ်၍ ဝေးမည် မဟုတ်လော။

“ရွာထဲက ဆရာနဲ့တော့ မနှစ်က ဆေးခဏခဏ ထိုးဖူးတယ်”

“သူက ဆရာဝန်လား၊ သူနာပြုလား၊ သင်တန်းဆင်း ဆေးမှူးလား”

“ဘာဆင်းလဲတော့ မသိဘူး။ နဂိုကတော့ တပ်မှာ ဆေးထိုးပေးရတယ် ပြောတာပဲ”
သိလိုက်ပါပြီ။ ကံဆိုးလှသည့် ကလေး။ ဆေးမှူးယောင်ယောင် ဆရာဝန်ယောင်ယောင်ဖြင့် မသိနားမလည်သော ရွာသူရွာသားများကို ဆေးအိတ်တစ်အိတ်လုံး ဆွဲ၍ ဆေးမျိုးစုံ (အချို့ဆိုလျှင် ဖြူနီဝါ ကြိုက်ရာအရောင်)ဆေးထိုး ဆေးသွင်းနေသော လူလိမ်လူညာ ရမ်းကုများ၏ လက်ချက် မိသွားချေပြီ။ ကလေး၏ နောက်ဆုံး ကိစ္စအတွက် သက်ဆိုင်ရာနှင့် ချိတ်ဆက် စီစဉ်ပေးပြီး မိခင်၌ပါ ရောဂါရှိမရှိ သွေးစစ်ယူထားလိုက်သည်။ ထိုနေ့ နံနက်ခင်းကား လူတိုင်းကို စိတ်ဓာတ်ကျ အားယုတ်စေသည်။ အနိစ္စနှင့် သေခြင်းတရားကို အံတုနိုင်ရန် မဖြစ်နိုင်မှန်း သိရှိသော်လည်း မိမိလက်ထဲရှိ လူနာကို အသက်ရှင်အောင် ကယ်ချင်သည်မှာ ဆရာဝန်၊ ဆရာမ ၊သူနာပြု ဝန်ထမ်းတို့၏ လောဘတည်း။

ကလေးသူငယ်တို့သည်ကား အပြစ်ကင်းလှသည်။ အစော်ကား ခံရခြင်းမှ လွဲ၍ လိင်ကိစ္စ အရှုပ်အရှင်း စိတ်မပူရ။ ကူးနိုင်ခြေမှာ မိခင်ထံမှသော်လည်းကောင်း၊ သွေး/ဆေးထိုးရာမှ သော်လည်းကောင်းသာ ဖြစ်နိုင်သည်။ အရွယ်ရောက်သူ ယောက်ျား၊ မိန်းမတိုင်း လိင်ကိစ္စ အပျော်ကျူးခြင်းကို ရှောင်သင့်သည်။ မရှောင်နိုင်လျှင်လည်း အကာအကွယ် ပစ္စည်း Condom မမေ့ပါနှင့်။ Gofe Sexသာ ပြုမူပါ။ Un-natural သဘာဝနှင့် ဆန့်ကျင်သော ကာမဆက်ဆံမှုမျိုး ရှောင်ကြဉ်ပါ။

“ကျွန်တော်က စော်သန့်သန့်လေးနဲ့ပဲ တွဲတာ၊ လမ်းပေါ်က ဇယားတွေ မသုံးဘူး” စာရေးသူတို့ လူနာများ၏ အန္တရာယ်စကား။ အပေါ်ယံ သန့်ရုံ၊ လှရုံ၊ ပြင်ဆင်ထားရုံနှင့် ရောဂါရှိ မရှိ မသိရ။ “တစ်ခါတည်းပါ”ဆိုသူများလည်း ခံလိုက်ရသည်ချည်း။ အဆုံးစွန်ဆုံး ပြောရလျှင် အပျိုစင် ဖြစ်လင့်ကစား၊ လူပျိုအစစ်ဖြစ်လင့်ကစား အကြောင်း တစ်မျိုးမျိုးကြောင့် ရောဂါ ကူးစက်ပြီး ဖြစ်နိုင်သေး၍ ကြောက်တတ်လျှင် ကြောက်စရာချည်းပင်။ “မူးနေလို့ ဖြစ်ပြီးမှ သိလိုက်ရတယ်”ဆိုသူများ “ကျွန်တော်က မစိမ်တတ်ဘူး”ဆိုသူများ “ကြားမှာ ရာဘာတစ်လွှာ ခံနေရင်မနေတတ်ဘူး”ဆိုသူများကား အန္တရာယ်အများဆုံး။

ထိုကလေး၏ မိဘများနှင့် ပတ်သက်သော နောက်ဆုံးသတင်းကား ကလေး၏ အဖေ၌လည်း HIV ပိုးတွေ့ရှိသည်တဲ့။ လွန်ခဲ့သော သုံးနှစ်ကပင် လေတစ်ခြမ်း ဖြတ်ထားသော ဖခင်၊ တစ်ပူပေါ် နှစ်ပူဆင့်ချေပြီ။ ကလေးအငယ်များ၌ကား ပိုးရှိ မရှိပါမလာ၍ မစစ်လိုက်ရ။ ဘယ်လိုတွေ ရောဂါရကြလဲ။ ဘယ်သူ့ကြောင့်လဲ???

စာဖတ်သူ မိတ်ဆွေအပေါင်း ရောဂါဆိုးမှ ကင်းဝေးစေရန် ဆေးပညာ ဗဟုသုတ တတ်နိုင်သမျှ ဖြန့်ဝေငှနိုင်ပါစေ။

author-avatar

About Dr. PTS

အမည်ရင်းမှာ သူရဇော်ဖြစ်ပြီး ကျန်းမာရေးဆောင်းပါးများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *