News

မိခင်ကို သေသည်အထိ အစာငတ်ခံ ပစ်ထားခဲ့သူ ထောင် ၁၂နှစ်ကျ

ထိုင်ဝမ်တွင် နာမကျန်းဖြစ်နေသော မိခင်အား အစာငတ်ခံထားခဲ့ပြီး သေသွားသည့် အလောင်းကို လောက်များ တက်သည်အထိ ပစ်ထားခဲ့သည့်အတွက် ဇူလိုင်လ ၃၁ရက်နေ့က ထောင်ဒဏ် ၁၂နှစ် အပြစ်ပေးခဲ့ကြောင်း သိရသည်။ ချန်ချီချန်း (၃၆နှစ်)ဆိုသူသည် မိခင်အား စွန့်ပစ်ထားခဲ့ပြီး သေဆုံးစေခဲ့မှုအတွက် အထက် တရားရုံးက ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အာဏာပိုင်များထံ အယူခံဝင်နိုင်သေးသည်ဟု ဆိုသည်။

လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက ချန်၏ ဇနီးဖြစ်သူက ထိုင်ဝမ်မြောက်ပိုင်းရှိ နေအိမ်တွင် ဆီးချိုရောဂါဖြင့် အိပ်ရာထဲ လဲနေခဲ့သည့် ယောက္ခမဖြစ်သူ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပြီးနောက် ရဲတပ်ဖွဲ့ထံ ဆက်သွယ် အကြောင်းကြားခဲ့ရာမှ အမှုပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ရဲများရောက်ရှိသွားသည့် အချိန်တွင် အမှိုက်များ ပြန့်ကျဲနေသည့် အခန်းအတွင်း ၆၆ပေါင်ပင် မပြည့်သော အလောင်း၌ လောက်များ တက်နေသည်ကိုပင် တွေ့ရှိခဲ့ရသည်။

အသက် ၅၃နှစ်ခန့်ရှိ အမျိုးသမီးသည် သေဆုံးနေခဲ့သည်မှာ တစ်ပတ်ခန့်ပင် ရှိပြီဖြစ်ပြီး မသေခင် အနည်းဆုံး
ငါးရက်ခန့် မည်သည့် အစာမျှ စားခဲ့ရပုံမရဟု ဆိုသည်။ ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ ချန်သည် အင်တာနက် ကဖေးများ၌ ကွန်ပျူတာ ဂိမ်းကစားခြင်းဖြင့်သာ အချိန်ကုန်နေပြီး နာမကျန်းဖြစ်နေသည့် မိခင်အား ပစ်ထားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ယခင်ပြီးခဲ့သည့် နှစ်များအတွင်း ထိုင်ဝမ်တွင် သက်ကြီးရွယ်အိုများအား စွန့်ပစ်ထားမှုနှင့် မလျော်မကန် ဆက်ဆံမှုများ မြင့်မားလာခဲ့ရာ သက်ကြီးရွယ်အို မိဘများကို ကြည့်ရှုစောင့်ရှောက်ရန် ပျက်ကွက်သည့် အရွယ်ရောက်ပြီးသူများအား ထောင်ဒဏ်ချမှတ်မည့် ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေပြု အမတ်များက တင်သွင်းခဲ့သည်ဟု သိရသည်။
Source: AFP

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *