တနင်္ဂနွေနေ့လေး နေမြင့်အောင်အိပ်ရမလားမှတ်တယ် စောစောစီးစီးကို ဖုန်းမြည်လာတယ်လေ။ Silent လုပ်ပြီးမအိပ်မိတော့ ခု ဇိမ်ပျက်ရပြီ။ နံပတ်ကြည့်လိုက်တော့လည်း တခါမှ မမြင်ဘူးဘူးဖြစ်နေတယ်။ သန်း တာနဲ့ရောပြီး ဖုန်းပြန်ဖြေလိုက်တယ်…
“ဟားလို”
“ကိုဖိုးကျော်လား ဗျာ”
“ဟုတ်ပါတယ်”
“ကျနော်က မောင်ရာဇာပြည့်စုံမင်းသွေးပါ”
အောင်မယ်လေး…ရှည်းလျားတော်မူလိုက်တဲ့နာမည်
“အော်…အေး…ပြော မောင်မီးသွေး”
“မင်းသွေး ပါဗျ”
“ဟုတ်ပါပြီကွာ…ကိစ္စကိုပြောပါအုံး”
“ရန်ကုန် စမ်းချောင်းက ကိုသန်းထူး ကိုသိတယ်မလား”
“အင်း…သိတယ်၊ ဘာလဲ သူ ဆုံးပြီလား”
“အာ…မဟုတ်ပါဘူး၊ ကျနော်က သူညီဝမ်းကွဲလို့ ပြောမလို့ ပါ”
“အော်…ဒီလိုလား”
“ဟုတ်ပါတယ်၊ ကျနော်က အလုပ်လာရှာတာ၊ ကိုဖိုးကျော်ဆီဆက်သွယ်ပြီး လိုအပ်တာအကူအညီတောင်းဖို့ မှာလိုက်လို့”
အေပေး သန်းထူး၊ ဒုက္ခပေးဖို့တော့ သတိရရှာသား။ ရုံးပိတ်ရက်လေးတရက်တော့မနားရဘဲ အလုပ်ရှုပ်အုံးတော့မယ်။
“အင်း…ဒါနဲ့ မင်းက အခု ဘယ်မှာလဲ”
“စင်္ကာပူမှာ”
“ဘာကွ…ဟေ့ကောင် နောက်တာလား? ”
“မနောက်ပါဘူး ခင်ဗျ၊ ကိုဖိုးကျော်မေးလို့ ဖြေတာပါ”
“မင်း စင်္ကာပူမှာဆိုတာတော့ သိတာပေါ့ကွ၊ ဘယ်အပိုင်းမှာနေသလဲ လို့ မေးတာ”
ဘယ်လိုအူကြောင်ကြောင်ကောင်နဲ့ လာတွေ့နေတယ်မသိဘူး
“Wood land ဘက်လို့ ဒီမှာအတူနေတဲ့လူကပြောတယ်”
“ငါက Dover မှာနေတာဆိုတော့ ဒီလိုလုပ်ကွာ၊ နေ့လည် ၁ နာရီလောက်ပင်နင်ဆူလာပလာဇာ မှာ တွေ့ကြတာပေါ့၊ ပင်နင်ဆူလာ ကို သိတယ်မို့လား၊ ဗမာတွေစုတဲ့နေရာလေ”
“ဟုတ်ကဲ့…ဟုတ်ကဲ့…ကျနော်က မနေ့ကမှရောက်တာဆိုတော့
သေချာတော့မသိဘူး…မေးစမ်းပြီးလာခဲ့ပါမယ်”
* * * * *
နေ့လည်ပိုင်း ရွှေဝါမြေကဖီးမှာ ဂျာနယ်ဖတ်ရင်း တယောက်ထဲထိုင်စောင့်နေတုန်း ဖုန်းမြည်လာတယ်၊
“အကို….ကျနော် ပြည့်စုံမင်းသွေး ပါ”
“အေး…မင်းအခု ဘယ်ရောက်နေပြီလဲ၊ ငါစောင့်နေတာ ကြာပြီ”
“ကျနော် ဗင်နီဇွဲလား ရောက်နေပြီ အကို”
ဟိုက်…ဒီကောင်မနက်ကမှ စင်္ကာပူမှာ ရှိပါသေးတယ်၊ ခု ဘယ့်နှယ့်လုပ်ပြီ တောင်အမေရိကတိုက်ဘက် ရောက်သွားတာပါလိမ့်၊ ဟုတ်သေးပါဘူး ဖုန်းနံပတ်ကလည်း ဒီကဖုန်းနံပတ်ကြီးပါဘဲ
“ဟေ့ရောင် မင်းငါ့ကိုနောက်နေပြန်တာလား၊ သေချာပြန်ပြောစမ်း မင်းအခုဘယ်မှာရောက်နေသလဲဆိုတာကို”
“မနောက်ပါဘူးအကိုရာ…မနက်က အကိုပြောတဲ့နေရာလေ…ဗင်နီဇွဲလား ပလာဇာ ဆိုတာ”
“အာ…ပင်နင်ဆူလာ ပလာဇာပါကွာ…”
တောက်…..ဒီကောင်နဲ့တော့ ကြာရင်ငါ ရူးတော့မယ်
“ဟုတ်…ဟုတ်တယ်..အဲဒီဟာကြီးအောက် ရောက်နေပြီ…အကိုက ဘယ်မှာလဲ”
“မင်း သုံးလွှာကိုတက်ခဲ့၊ ရွှေဝါမြေလဘက်ရည်ဆိုင်မှာ”
“ဟုတ်ကဲ့ ကိုဖိုးကျော်…”
* * * * * * * * * *
ခဏနေတော့…ကောင်လေးတယောက် ဆိုင်ထဲတန်းဝင်လာပြီး….
“အကိုက ကိုဖိုးကျော် လားဗျာ၊ ကျနော်က ပြည့်စုံမင်းသွေးပါ”
“အော်…ဟုတ်တယ်၊ ဒီလောက်လူတွေအများကြီးကြားထဲ ငါ့ကို ဖိုးကျော်မှန်း မင်းဘယ်လိုလုပ်သိလည်း”
“လွယ်ပါတယ် အကိုရာ၊ ကိုသန်းထူးကပြောဘူးတယ်လေ၊ ကိုဖိုးကျော်ရုပ်ကခန့်ခန့်ချော ချောကြီးတဲ့…ခုမြင်တာနဲ့ တန်းသိတာပေါ့”
အောင်မယ်…ဒီကောင်လေးမဆိုးဘူး၊ လူကသာအူလည်လည်နဲ့၊ အမှန်တော့ ပြောတတ်သား။
“ဟီးဟီး…လဘက်ရည်သောက်ကွာ”
“ဟုတ် ရတယ်အကို၊ ကျနော် ဘာက စ လုပ်ရင်ကောင်မလည်းဆိုတာ အကြံပေးပါအုံး”
“ပထမဆုံးလုပ်ရမှာကတော့ မင်းရဲ့ CV form ကို ရေးရလိမ့်မယ်”
“ကျနော် ကိုယ်တိုင်စိတ်တိုင်းကျ ရိုက်လာတာတော့ ရှိတယ် အကို”
“ပြစမ်းပါ အုံး”
စာရွက်တစ်ရွက် ထုတ်ပေးလို့ ဖတ်ကြည့်လိုက်တော့….အောင်မလေးဗျ၊ ကောင်းလိုက်တဲ့ CV ကြီး၊ အလုပ်တော့ရအုံတော့မှာ…ကြည့်ကြပါအုံး….
ကိုယ်ရေးရာဇဝင်
အမည်။ ။ ရာဇာပြည့်စုံမင်းသွေး
အဖအမည်။ ။ ဦးပြည့်စုံ
အမိအမည်။ ။ ဒေါ်မြမြမင်း
မှတ်ပုံတင်။ ။ ၉/မရမ(နိုင်) 040477
မွေးနေ့။ ။ 25.02.1986
ပညာအရည်အချင်း။ ။ သင်္ချာ
လုပ်ငန်းအတွေ့အကြုံ။ ။ ၂ နှစ်
ဆက်သွယ်ရန်။ ။ +65 81729646
“မင်းဟာက ဒါဘဲလား”
“ဟုတ်တယ်လေ…အဲလောက်ဆိုရင် မရဘူးလား”
“ဘယ်ရမှာလဲကွာ…ထားပါတော့ ငါ့ဟာငါ ပြင်လိုက်ပါမယ်၊ ဒါနဲ့ ပညာအရည်အချင်း သင်္ချာဆိုတာက ဘာပြောတာတုန်း”
“သင်္ချာဘွဲ့လေ”
အင်း….ဒီဘွဲ့နဲ့ ဒီမှာဘယ်လိုများအလုပ်ရှာရပါ့…
“အော်….ဒါဆို လုပ်ငန်းအတွေ့အကြုံ ၂ နှစ်ဆိုတာကရော ဘာလုပ်ငန်းလည်းကွ”
“အဲဒါက အဖေ့ပွဲရုံမှာ လိုက်ပြီး စာရင်းမှတ်ခဲ့တဲ့ဟာ ကို ရေးထားတာပါ”
အင်း…အသုံးတည့်အုံးတော့မှာပေါ့… .လုပ်လိုက်ဟ သန်းထူးရေ့
ဗြမ္မာကြီးဦးခေါင်း ငါ့ဆီလွှဲလိုက်တာလား….
“ကောင်းပါ့ကွာ…ဒါပေမဲ့ သင်္ချာဘွဲတခုထဲနဲ့တော့ အလုပ်ရှာရတာ မလွယ်လောက်ဘူးကွ၊ တခြား အောင်လက်မှတ်လေး ဘာလေးများမရှိတော့ဘူးလား”
“ရှိတာပေါ့ အကိုရာ၊ ၂ခုတောင်”
ဝူး….တော်သေးတာပေါ့၊ ခုမှ သက်ပြင်းချနိုင်တယ်။
“ပြစမ်းပါအုံးကွာ”
“ဒီမှာ…..”… …ဆိုပြီး ထုတ်ပြလာတဲ့ အောင်လက်မှတ်၂ခုလည်းမြင်လိုက်ရော…ကျနော်လည်း ငုတ်တုတ်မေ့ရောဗျို့။
တခုက…ရပ်ကွက်အရံမီးသတ် သင်တန်းဆင်းလက်မှတ်၊ နောက်တခုက…ဝိတ်မတဲ့ သင်တန်းဆင်းလက်မှတ်ကြီး။
အောင်မြလေး….ဝိတ်မတဲ့အရံမီးသတ်ကြီးကို ကျုပ်ကဘယ်လိုလုပ် အလုပ်ရှာပေးရမလဲဗျ။
..ကယ်ကြပါအုံးအရပ်ကတို့၊ သန်းထူးတို့ အဝေးကနေကျနော့် ကိုသတ်နေလို့။
ဒါကြောင့်လည်း သူညီ ကိုယ်လုံးကိုယ်ထည်က အသက်နဲ့မလိုက်အောင်ကြီးနေတာကိုး။
တခါဖြင့်ခက်ကြပြီ။ တတ်နိုင်ဘူး ကြည့်ပြောကြည့်လုပ်ရမှာဘဲ။
“အင်းလေ…ငါ မင်းရဲ့ CV form ကို အသစ်ပြန်ရိုက်ပြီး မင်း Email ထဲ ပို့လိုက်မယ်၊ Email လိပ်စာပေးခဲ့လေ။ ပြီးတော့ သတင်းစာလေးဘာလေးဝယ်ပြီး သင့်တော်ရာ ကိုယ်နဲ့ကိုက်မယ်ထင်တာလေးတွေ လျှောက်ကြည့်ပေါ့ကွာ၊ ငါလဲ တတ်နိုင်သလောက် ကူရှာပေးမယ် ဟုတ်ပြီလား”
“ဟုတ်ကဲ့အကို…ခုလိုကူညီပေးတာ ကျေးဇူးတင်ပါတယ်၊ ကိုဖိုးကျော်က ရုပ်ချောယုံတင်မဟုတ်ဘူး သဘောလည်းကောင်းတာကိုး”
“အမ်မလေး တော်ပါပြီကွာ၊ ရုပ်လည်းမချောချင်တော့ ပါဘူး”
“ဟဲ ဟဲ…အကိုကလည်း ရှက်နေပြန်ပါပြီ”
တေနာလေး…ဗြောင်ကြီးလာဖားနေတာ…။
* * * * * * * * * *
ဒီလိုနဲ့ သတင်းစာထဲမှာခေါ်တဲ့ ကောင်းနိုးရာရာ ရနိုင်ကောင်းတဲ့အလုပ်တွေရှာပြီး သူ့ကိုလျှောက်ခိုင်းလိုက်၊
နီးစပ်ရာသူငယ်ချင်းတွေကို မေးမြန်းစုံစမ်းလိုက်နဲ့ အချိန်တွေတရွေ့ရွေ့ကုန်လာတယ်။ အမှန်က အလုပ်ကို ရှာမယ့်သာရှာနေရတာ သိပ်အားရှိလှတာမဟုတ်ဘူးရယ်။ ဘယ်တတ်နိုင်မလည်းလေ၊ သူ့အရည်အသွေးနဲ့ သူ့ကံအပေါ်မူတည်တာ၊ ခုတလော ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် စင်္ကာပူမှာလည်း အလုပ်အကိုင်တွေ ရှားပါးနေတာလေ။ အရင်ကအလုပ်ပေါတဲ့ Technician တွေ၊ စာရင်းကိုင်တွေတောင် အလုပ်ရဖို့မလွယ်ဘူးဖြစ်နေတယ်။
ဒီ မင်းသွေး ဆိုတဲ့ကောင်ကလည်း သူများနိုင်ငံခြားဆိုလို့သာ လိုက်နိုင်ငံခြားတာ၊ တကယ်က မိဘတွေက လူချမ်းသာတွေတဲ့၊ တရက်က သန်းထူးနဲ့ ဖုန်းပြောဖြစ်လို့သိရတာ။ ကောင်းတာပေါ့၊ အလုပ်မရလို့ Stay ကုန်တော့လည်း ပြန်ခိုင်းယုံရှိတာဘဲ၊ လာခဲ့တဲ့ကုန်ကျစရိတ်ကို အားနာစရာမလိုတော့ဘူးပေါ့။ ဒီလိုလေး စဉ်းစားထားလို့မှ ရက်သိပ်မကြာဘူး ဒီကောင့်ဆီက ဖုန်းဝင်လာတယ်… …
“ကိုဖိုးကျော်…ကျနော် အလုပ်ရပြီဗျ”
“ဟေ…ဘယ်မှာလဲ”
“နိုက်ကလပ်တစ်ခုမှာ”
“ဟေ…ဘာလုပ်ရမှာတဲ့လဲ”
“ဘာမှမလုပ်ရဘူး…ကိုယ်ကြပ်စွပ်ကျယ်ဝတ်ပြီး ကောင်တာရှေ့လက်ပိုက်ရပ်နေယုံဘဲ”
“ဟေ…ဒါဆို လူဆိုးထိမ်းပေါ့”
“ဟုတ်မယ်ထင်တယ်…သူဌေးက ကျနော့်ဗလ ကြည့်ပြီး သဘောကျလို့ ခန့်လိုက်တာ”
“ဟေ…အလုပ်ချိန်ကရော”
“ည ၈ နာရီကနေ နောက်နေ့မနက် ၄နာရီထိ၊ တစ်ပတ် ၂ ရက်နား”
“ဟေ…လစာကရော”
“လစာကတော့နည်းပါတယ်… 2800 ထဲပါ”
“ဟေ… …ဂွီ”
[‘ဟေ’ က အံ့သြတာ၊ ‘ဂွီ’ က အံ့သြလွန်းလို့ တက်သွားတာ]
* * * * * * * * * *
သူငယ်ချင်းတို့ရေ….
ငါမြန်မာပြည်ကို ပြန်ပြီ၊ အင်ဂျင်နီယာဘွဲ့ကို ကျောင်းပြန်အပ်ပြီး ဝိတ်မတဲ့သင်တန်း တက်မလို့…
ဘိုင့်…ဘိုင်