News

၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းသွားမည်

၂၀၁၃မှ ၂၀၃၀ပြည့်နှစ်အတွင်း ဟိုက်ဒရိုကလိုရိုဖလူရိုကာဗွန် သုံးစွဲမှု လျှော့ချရပ်ဆိုင်းသွားမည်ဟု စက်တင်ဘာ ၁၆ရက်က အပြည်ပြည်ဆိုင်ရာ အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦး၀င်းထွန်းက ပြောကြားခဲ့သည်ဟု သိရသည်။

အထက်ပါ ကာလအတွင်း ဟိုက်ဒဂိုကလိုရိုဖလူရို ကာဗွန်သုံးစွဲမှုကို ရပ်ဆိုင်းရန်အတွက် သုံးစွဲမှု လျော့ချရပ်ဆိုင်းရေးလုပ်ငန်း စီမံကိန်းကို ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနကို ကုလသမဂ္ဂ ပတ်၀န်းကျင် ထိန်းသိမ်းရေး အစီအစဉ်နှင့် ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးရေးအဖွဲ့၏ နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများ၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းတို့ ပူးပေါင်းပါ၀င်၍ ၂၀၁၀ပြည့်နှစ်၊ အောက်တိုဘာလကစပြီး ရေးဆွဲခဲ့သည်။ စီမံကိန်းကို ၂၀၁၃ခုနှစ်၊ မတ်လတွင် ပြည်ထောင်စု အစိုးရအဖွဲ့က သဘောတူ ခွင့်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ၀န်ကြီးဦး၀င်းထွန်းက “ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ပတ်၀န်းကျင်ဆိုင်ရာ အဓိက ပြဿနာတွေကို ကြည့်မယ်ဆိုရင် ရာသီဥတု ပြောင်းလဲမှု၊ အိုဇုန်းလွှာ ပျက်စီးမှု၊ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှု၊ မြေထု ယိုယွင်းမှု၊ မြေဆီလွှာ ပျက်စီးမှု၊ သစ်တောပြုန်းတီးမှု၊ သဲကန္တရ ဖြစ်ထွန်းမှုနှင့် ဇီ၀မျိုးစုံ မျိုးကွဲများ ပျက်စီးပျောက်ကွယ်မှုတွေပဲ ဖြစ်ပါတယ်။ အိုဇုန်းလွှာ အရေးပါပုံကို ပြောရမယ်ဆိုရင်ဖြင့် အင်မတန် စွမ်းအင်မြင့်မားပြီး ဘေးအန္တရာယ်ရှိတဲ့ နေမှလာတဲ့ ခရမ်းလွန်ရောင်ခြည် လှိုင်းတွေဟာ ကမ္ဘာမြေပြင်ပေါ်ကို မကျရောက်အောင် အိုဇုန်းလွှာက စုပ်ယူပေးထားနိုင်တဲ့အတွက် သဘာ၀ အကာအရံတစ်ခုအဖြစ် ကမ္ဘာပေါ်က သက်ရှိတို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်”ဟု ပြောကြားသည်။

ကုလသမဂ္ဂ ပတ်၀နး်ကျင် ထိန်းသိမ်းရေး အစီအစဉ် ပံ့ပိုးမှုနှင့် သက်ဆိုင်ရာဌာများ ပူးပေါင်းပါ၀င်၍ မြန်မာနိုင်ငံတွင် မွန်ထရီယယ် နောက်ဆက်တွဲ စာချူပ်အကောင်အထည်ဖော်ရန် အိုဇုန်းလွှာ ပျက်စီးစေသော ဓာတ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ခြင်း အမိန့် (မူကြမ်း) တစ်ရပ် ရေးဆွဲထားပြီး ပတ်၀န်းကျင် ထိန်းသိမ်းရေး နည်းဥပဒေများ ထုတ်ပြန်ပြီးစီးသည့်အခါတွင် အဆိုပါ အမိန့်ဆက်လက် ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။

“ကမ္ဘာမြေပြင်အပေါ်မှာ အိုဇုန်းလွှာ ပျက်စီးမှုကြောင့် အရေပြား ကင်ဆာရောဂါ၊ မျက်စိ တိမ်စွဲမှု၊ ခုခံအား ကျဆင်းမှု၊ သီးနှံအထွက် ကျဆင်းမှု၊ အဏ္ဏဝါဂေဟ စနစ်ပျက်စီးစေမှုနဲ့ ရုပ်၀တ္ထု ပစ္စည်းများ ယိုယွင်း ပျက်စီးမှုတွေ ဖြစ်ပေါ်နေပါတယ်”ဟု ပြည်ထောင်စု ၀န်ကြီး ဦး၀င်းထွန်းက ဆက်လက် ပြောကြားခဲ့ပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *