News, Travel

မြန်မာဘုရားဖူးများ ဗုဒ္ဓဂယာသို့ ပုံမှန် သွားရောက်ဆဲ

Badh Gaya

ဗုဒ္ဓဂယာသို့ သွားရောက်ကြမည့် မြန်မာဘုရားဖူး ခရီးသွား ဦးရေသည် ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်ပိုင်းတွင်လည်း ယခင်အတိုင်း ဘုရားဖူး လက်မှတ်မှာယူနေဆဲ ဖြစ်ကာ လျော့နည်းသွားခြင်း မရှိကြောင်း ဗုဒ္ဓဂယာဘုရားဖူး ခရီးသွားလုပ်ငန်းများထံမှ စုံစမ်းသိရှိရသည်ဟု စံတော်ချိန် နေ့စဉ်တွင် ဖော်ပြထားသည်။ ယခုအချိန်သည် ဘုရားဖူးရာသီ မဟုတ်သောကြောင့် သွားရောက်မှု မများပြားကြသေးသော်လည်း ဘုရားဖူး ရာသီဖြစ်သည့် စက်တင်ဘာလလယ်အတွက် လက်မှတ် ကြိုတင်မှာယူထားခြင်းများ ယခင်အတိုင်း ရှိနေကြောင်း မဇိ္ဈမဂုဏ် ဗုဒ္ဓဂယာ ဘုရားဖူးလုပ်ငန်း အဖွဲ့မှ ဒေါ်သီတာက ပြောသည်ဟု ဆိုသည်။

“မြန်မာလူမျိုးတွေက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်လို့ ကံ၊ ကံရဲ့ အကျိုးကို ယုံကြည်ကြကြောင်း၊ လက်မှတ်လာမှာတဲ့ ဘုရားဖူးတွေက ပြောတယ်။ သေရမယ့် ကံပါရင် သေမှာပဲတဲ့။ သွားရမှာကတော့ သွားရမှာပဲလို့ ပြောကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဘုရားဖူးဦးရေကတော့ ဘယ်လိုမှ လျော့သွားမှာ မဟုတ်ဘူး။ လျော့လည်း မလျော့နိုင်ပါဘူး”ဟု ဒေါ်သီတာက ဆက်လက်ပြောကြားသည်။

ခင်နန္ဒာ ဗုဒ္ဓဂယာ ဘုရားဖူး အဖွဲ့မှ ဒေါ်တင်တင်ကြည်က “ဘုရားဖူး ရာသီ မဟုတ်တော့ သွားရောက်တဲ့ ဘုရားဖူးတွေ နည်းနေတဲ့အချိန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတဲ့အတွက် မြန်မာနိုင်ငံက ဘုရားဖူးတွေက အထိအခိုက် မရှိခဲ့ပါဘူး။ ဟိုမှာရှိတဲ့ ဘုရားဖူးအဖွဲ့တွေရဲ့ အဖွဲ့ခေါင်းဆောင်တွေကတော့ နည်းနည်း အလုပ်ရှုပ်သွားတာပေါ့။ ဒီကို ပြန်လာတာမျိုးတော့ မရှိပါဘူး။ ဗုံးပေါက်ကွဲမှုကြောင့် အိန္ဒိယသံရုံးက ထူးထူးခြားခြား ထုတ်ပြန်တာမျိုးလည်း မရှိပါဘူး။ ဒီကဘုရားဖူး လုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားတာမျိုး မရှိပါဘူး”ဟု ပြောသည်။

ဗုဒ္ဓဂယာ ဘုရားဖူးများအတွက် ဗီဇာကို ဘုရားဖူး ကိုယ်တိုင် လက်ဗွေရာနှင့် သူငယ်အိမ် စစ်ဆေးမှု ပြုလုပ်ပြီးမှသာ ထုတ်ပေးသွားမည်ဟု ဂယာ ဘုရားဖူးလုပ်ငန်းများကို အိန္ဒိယသံရုံးမှ ဇွန်လ အတွင်းက အကြောင်းကြားခြင်း ရှိခဲ့သော်လည်း ယခုအချိန်ထိမူ ၎င်းစနစ်ကို ကျင့်သုံးခြင်း မရှိသေးကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *