Opinion

အရောင်းအဝယ်မှာ ရောင်းသူအားလုံး လက်မှတ်ထိုးဖို့ လိုသလား

အော်စကာ – မင်္ဂလာပါဘကြီးဖြိုး။
ဘကြီးဖြိုး – မင်္ဂလာပါ အော်စကာရေ။
အော်စကာ – လိုက်လေ ဝေးလေ၊ လိုက်လေ ဝေးလေဆိုတာ ကျွန်တော် အခုမှ သဘောပေါက်သလို ဖြစ်လာတယ် ဘကြီးဖြိုး။
ဘကြီးဖြိုး – ဘယ်လိုလဲ အော်စကာရဲ့၊ မင်းစကားက အစမရှိ၊ အဆုံးမရှိ။
အော်စကာ – ဟုတ်တယ်၊ ဘယ်မှာ စလို့ ဘယ်မှာဆုံးမလဲ မသိပါဘူး။ လူတစ်ယောက်အဖို့ နေဖို့၊ စားဖို့ ဝတ်ဖို့ ဆိုတာ နေ့စဉ်လိုအပ်နေတဲ့ အခြေခံ လိုအပ်ချက်ပဲ မဟုတ်လား ဘကြီးဖြိုး။
ဘကြီးဖြိုး – မှန်တာပေါ့။ ခြိုးခြိုးခြံခြံနဲ့ နေတတ်၊ စားတတ်၊ ဝတ်တတ်ဖို့ လိုတာ ပေါ့ကွယ်။
အော်စကာ – ခြိုးခြံပါတယ် ဘကြီးဖြိုး၊ နိစ္စဓူဝ လှုပ်ရှားနေရတဲ့ လူတွေဆိုတော့ ထမင်း တစ်နပ်လျော့မစားဘဲ မနေနိုင်ပေမယ့် အာဟာရဖြစ်ရုံ တို့စရာ၊ ငါးပိရည်လောက်နဲ့ ခြိုးခြိုးခြံခြံ စားတယ်၊ ဟော့ရှော့လို တိုန့ံနံ့ မဝတ်ရဲပေမယ့် ဟီရိသြတ္တပ္ပနဲ့အညီ အဝတ်အစားကို လိုသလောက်ပဲ ဝတ်တယ်၊ အမိုးအကာလုံတဲ့ အိမ်ခန်းလေး တစ်ခန်းတော့ ဌားနေပါတယ် ဘကြီးဖြိုး။
ဘကြီးဖြိုး – ဒါဆို အခြေခံ လူတန်းစားတစ်ဦးအတွက် လုံလောက် ပြီပေါ့။ ဘာများလိုသေးလို့လဲ။
အော်စကာ – အိမ်လခတွေက တစ်လပြီး တစ်လ ဈေးတွေတက်လာတယ်၊ အိမ်လခ သက်သာအောင် ကိုယ်ပိုင် အိမ်မြေလေး ဝယ်မယ်လို့ ပိုက်ဆံစုထားတာ။
ဘကြီးဖြိုး – အခု ပြည့်သွားပြီလား။
အော်စကာ – မျှော်မှန်းထားတဲ့ ပိုက်ဆံက ပြည့်သွားပြီ၊ ဒါပေမယ့် မျှော်မှန်း ထားတဲ့ အိမ်ဝိုင်းနဲ့ မြေက ဈေးတွေ တက်သွားတော့ မဝယ်နိုင်ပြန်ဘူး။ ဒါကြောင့် လိုက်လေ ဝေးလေလို့ ပြောတာပါ။
ဘကြီးဖြိုး – ကိုယ်စုထားတဲ့ငွေနဲ့ မျှော်မှန်းထားတဲ့ အိမ်ဝိုင်းမြေ မဝယ်နိုင် တော့ရင် ဝယ်နိုင်တဲ့ မြေကွက် လေးသာ ရှာဝယ်ထားတော့ အော်စကာရေ၊ နောက်ဆို လိုက်လေ ဝေးလေဖြစ်ပြီး သေတာတောင် ၆ပေမြေကွက် မဝယ်နိုင်လို့ အရိုးပြာကို လေထဲမှာ ဖြန့်ကြဲပြီး ဘဝနိဂုံး အဆုံးသတ်ရပါလိမ့်မယ်။
အော်စကာ – မိတ်ဆွေတစ်ယောက်က ငွေစလေးရှိလို့ အိမ်ဝိုင်းမြေ တစ်ကွက် ဝယ်မိတယ်၊ အရောင်းအဝယ် မှားလို့ မပိုင်ရဘူးဖြစ်နေတယ်။
ဘကြီးဖြိုး – ဘယ်လို ဖြစ်တာလဲ အော်စကာရဲ့။
အော်စကာ – အိမ်ဝိုင်းမြေက ကွယ်လွန်သူ မိဘတွေ ပိုင်တာ၊ မိဘတွေ ကွယ်လွန်တော့ သမီးနှစ်ယောက် ကျန်ခဲ့တယ်။
ဘကြီးဖြိုး – အဲဒီတော့ အိမ်ဝိုင်းမြေကို သမီးနှစ်ယောက် ပိုင်တာပေါ့။
အော်စကာ – ကျွန်တော့် မိတ်ဆွေက အိမ်ဝိုင်းမြေ အရောင်းအဝယ် စာချုပ်ချုပ်ပြီး ဝယ်တော့ ရောင်းသူနေရာမှာ သမီး နှစ်ယောက်လုံး နာမည်ရေးတယ်။
ဘကြီးဖြိုး – မှန်တာပေါ့။ သမီး နှစ်ယောက်လုံး လက်မှတ်ထိုးပြီး ရောင်းရမှာပေါ့။
အော်စကာ – အဲဒီမှာ ပြဿနာက စတာပဲ၊ လက်မှတ်ထိုးတော့ သမီး တစ်ယောက်ပဲ ရှိတယ်။ ကျန်တဲ့ သမီးတစ်ယောက်က မရှိဘူး။ ညီမက မရှိတော့ စာချုပ်မှာ အစ်မပဲ လက်မှတ် ထိုးလိုက်တယ်။
ဘကြီးဖြိုး – သူ့ညီမကို သွားမခေါ်ခိုင်း ဘူးလား။
အော်စကာ – သွားတော့ ခေါ်ခိုင်းတယ်၊ သူ့ညီမလည်း သိပါတယ်၊ သဘော တူပါတယ်လို့ ပြောတယ်၊ ငွေကလည်း အကြေမချေရသေးဘူး။ စရန် စာချုပ်ပဲဆိုတော့ ဒီအတိုင်းပဲ ထားလိုက်တာ။
ဘကြီးဖြိုး – အဲဒီတော့။
အော်စကာ – ပြီးတော့ အဲဒီလို လက်မှတ်ထိုးတဲ့ အစ်မကြီးက ငွေအကြေ မချေရသေးခင် ဆုံးသွားတယ်။
ဘကြီးဖြိုး – ညီအစ်မနှစ်ယောက်ပဲ ရှိတာ၊ အစ်မကြီးရဲ့ အမွေကို ညီမက ဆက်ခံတယ်၊ အစ်မ ချုပ်ထားတဲ့ ပဋိညာဉ်စာချုပ်ကို ညီမက ပြီးမြောက်အောင် အကောင်အထည် ဖော်ပေးဖို့ တာဝန် ရှိတာပေါ့။
အော်စကာ – ဟုတ်ပါတယ်။ ကျန်တဲ့ငွေကို လက်ခံပြီး အရောင်းအဝယ် စာချုပ်ချုပ်ဆို မှတ်ပုံတင်ပေးပါ၊ အိမ်ဝိုင်းမြေကို အပ်ပေးပါလို့ပြောတာ ညီမဖြစ်သူက လက်မခံဘူးလေ။ အဲဒါ ဘယ်လိုလုပ်ရမလဲ။
ဘကြီးဖြိုး – တရားမကြီးမှု ဖြစ်တဲ့ အရောင်းအဝယ် ပဋိညာဉ်အတိုင်း ကျန်ငွေကို လက်ခံ၍ အရောင်းစာချုပ်ကို မှတ်ပုံတင်ပေးစေရန်နှင့် လက်ရောက်ရလိုမှု စွဲနိုင်တယ်။
အော်စကာ – တရားစွဲတဲ့အခါ ရုံးခွန်တော် တံဆိပ်ခေါင်းတွေက ပါရမယ်၊ ရှေ့နေငှားရမယ်၊ အချိန်တွေ ကုန်မယ်၊ နိုင်ရင်တော့ ကောင်းတယ်၊ ရှုံးရင်တော့ မကောင်းဘူး။ ဒါကြောင့် အမှုစွဲရင် အခြေအနေ ဘယ်လို ဖြစ်နိုင်မလဲ ရှင်းပြပါလား။
ဘကြီးဖြိုး – အရောင်းအဝယ်စာချုပ်မှာ ရောင်းသူအနေနဲ့ ညီအစ်မနှစ်ဦးလုံး အမည်ကို ဖော်ပြထားပေမယ့် အစ်မပဲ လက်မှတ်ထိုးပြီး ညီမက လက်မှတ်ထိုး မထားတာ ထင်ရှားတယ်။ အစ်မဖြစ်သူ အရောင်းအဝယ်လုပ်တာကို ညီမက သိတယ်၊ မသိဘူး၊ အငြင်းပွားနေတယ်၊ ညီမဖြစ်သူက သိမယ်ဆိုဦးတော့ ညီမဖြစ်သူက စာချုပ်မှာ လက်မှတ် ထိုးထားခြင်း မရှိတဲ့အတွက် ညီမဖြစ်သူက ရောင်းချရာ မရောက်ဘူး။
အော်စကာ – အဲဒီတော့ ဝယ်သူက ဘယ်လို ဖြစ်သွားမလဲ။
ဘကြီးဖြိုး – ဝယ်သူက သူဝယ်တယ် ဆိုတဲ့ အိမ်ဝိုင်းမြေတစ်ခုလုံးကို ပိုင်ဆိုင်ခွင့် မရနိုင်တော့ဘူး။
အော်စကာ – ဒါပေမယ့် အစ်မဖြစ်သူက လက်မှတ်ထိုး ရောင်းထားတယ်လေ။
ဘကြီးဖြိုး – စာချုပ်မှာ လက်မှတ် ထိုးထားတဲ့ အစ်မဖြစ်သူနဲ့ သက်ဆိုင်တဲ့ ဝေစု တစ်ဝက်အတွက်တော့ အတည် ဖြစ်တယ်၊ ဒါကြောင့် အစ်မဖြစ်သူ ပိုင်တဲ့ အိမ်ဝိုင်းမြေတစ်ဝက်ကို ဝယ်သူ ရခွင့်ရှိတယ်။ ညီမဖြစ်သူရဲ့ ဝေစုတစ်ဝက် ကို ရခွင့် မရှိဘူး။
အော်စကာ – အပြီးသတ်စာချုပ် မချုပ်ရသေးဘူး။ အစ်မက သေသွားပြီလေ။
ဘကြီးဖြိုး – သီးခြားသက်သာခွင့် အက်ဥပဒေ ပုဒ်မ ၂၇ (ခ) ဥပမာအရ အစ်မပြုလုပ်ခဲ့တဲ့ အရောင်းပဋိညာဉ်ကို ညီမလုပ်သူက ဆောင်ရွက်ပေးဖို့ တာဝန် ရှိတယ်။
အော်စကာ – ဒါဆို ဝယ်သူက အိမ်ဝိုင်းမြေတစ်ဝက်တော့ ရမှာပေါ့နော်။
ဘကြီးဖြိုး – ဒါပေမယ့် သူတို့ ညီအစ်မနှစ်ဦးက ဝေစု ထက်ဝက်စီကို သီးခြားခွဲဝေရခြင်း မရှိသေးဘူး။ ဒါကြောင့် လက်ရောက်ပေးအပ်ရမယ်၊ ထက်ဝက်ကို စိတ်ပိုင်းပေးနိုင်မှာ မဟုတ်ဘူး။
အော်စကာ – ဒါဆို ဝယ်သူက အိမ်ဝိုင်းမြေ တစ်ဝက်တော့ ရမှာပေါ့နော်။
ဘကြီးဖြိုး – ဝယ်သူက အစ်မဖြစ်သူ အကျိုးသက်ဆိုင်တဲ့ အိမ်ဝိုင်းမြေရဲ့ တစ်ဝက်ကို အိမ်ဝိုင်းမြေတစ်ကွက်လုံး ဝယ်ရန် သဘောတူထားတဲ့ ငွေနဲ့ ဝယ်ရန် သဘောတူရင်တော့ သီးခြား သက်သာခွင့် ဥပဒေပုဒ်မ ၁၅အရ သီးခြား ဆောင်ရွက်စေနိုင်တယ်။
အော်စကာ – ရှင်းပြပါဦး ဘကြီးဖြိုးရဲ့။
ဘကြီးဖြိုး – သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၁၅၊ ဥပမာ (က)မှာ – ဦးဖြူက ဦးမဲကို ဧက ၁၀၀ရှိတဲ့ မြေတစ်ကွက်ရောင်းဖို့ ပဋိညာဉ်ပြုတယ်၊ ဧက ၅၀ကို ဦးဖြူပိုင်ပြီး ကျန်ဧက ၅၀ကို သူတစိမ်းပိုင်တယ်လို့ ပေါ်လာပြီး အဲဒီ သူတစိမ်းက သူ့မြေကို ရောင်းဖို့ ငြင်းတယ်၊ ဒါကြောင့် ပဋိညာဉ် တစ်ခုလုံး ဆောင်ရွက်ပေးဖို့ ဒီကရီ မရနိုင်ဘူး။ ဒါပေမယ့် ဦးမဲက လျော့နည်းတဲ့ အစိတ်အပိုင်းအတွက် ဖြစ်စေ၊ ဦးဖြူရဲ့ ပေါ့ဆမှု (သို့မဟုတ်) ပျက်ကွက်မှုကြောင့် မိမိဆုံးရှုံးမှုအတွက် လျော်ကြေး ရခွင့် အရပ်ရပ်ကို စွန့်လွှတ်ပြီး သဘော တူညီထားတဲ့ တန်ဖိုးကို ပေးချေပြီး ဦးဖြူပိုင််တဲ့ ဧက ၅၀ကိုပဲ ယူရန် လိုလားရင် ရောင်းဖိုး ငွေအပြည့်ပေးပြီး၊ အဲဒီ ဧက ၅၀ကို ရခွင့်ရှိတယ်လို့ ပြဆိုထားတယ်။
အော်စကာ – ဥပဒေမှာ ရေးထားတဲ့ ဥပမာတွေကိုလည်း လိုက်နာရတာပဲလား။
ဘကြီးဖြိုး – ဥပမာတွေက ဥပဒေပါ အင်္ဂါရပ်တွေကို ဆင်ခြင်သုံးသပ်ရာမှာ ညွှန်ပြနိုင်တဲ့ အချက်တွေပေါ့ကွယ်။
အော်စကာ – အဲဒီတော့ ကျွန်တော်ဆွေးနွေးတဲ့ ကိစ္စမှာရော ဘယ်လိုဖြစ်သွားမလဲ။
ဘကြီးဖြိုး – ဥပမာတွေက ဥပဒေပါ အင်္ဂါရပ်တွေကို ဆင်ခြင်သုံးသပ်ရာမှာ ညွှန်ပြနိုင်တဲ့ အချက်တွေပေါ့ကွယ်။
အော်စကာ – အဲဒီတော့ ကျွန်တော် ဆွေးနွေးတဲ့ ကိစ္စမှာရော ဘယ်လို ဖြစ်သွားမလဲ။
ဘကြီးဖြိုး – ခုနက ဆွေးနွေးသလိုပဲ၊ ဝယ်သူက ရောင်းကြေးငွေ အားလုံးကို ပေးချေပြီး၊ ရောင်းရန်စာချုပ်မှာ လက်မှတ် ထိုးထားတဲ့ အစ်မဖြစ်သူရဲ့ ဝေစုကိုပဲ ရယူရန် လိုလားရမယ့်အပြင် နောက်ထပ် ဆောင်ရွက်ရန် တောင်းဆိုချက်များနဲ့ လျော်ကြေးငွေရခွင့် အရပ်ရပ်တို့ကို စွန့်လွှတ်တယ်ဆိုမှ သီးခြား သက်သာခွင့် ဥပဒေပုဒ်မ ၁၅အရ သက်သာခွင့် ပေးနိုင်မယ်။
အော်စကာ – ဝယ်သူက အဲဒီလို မလုပ်ချင်ဘူးဆိုရင်ရော။
ဘကြီးဖြိုး – အဲဒါဆို ဝယ်သူက အစ်မကြီးရဲ့ ပိုင်ဆိုင်တဲ့ ဝေစုထက်ဝက်ကို ခွဲခြမ်း စိတ်ပိုင်းပြီး ရခွင့်ရှိမှာ မဟုတ်ဘူး။
အော်စကာ – ဒါဆို ဝယ်သူက အများကြီး နစ်နာသွားမှာပေါ့။
ဘကြီးဖြိုး – တရားဥပဒေအရ တစ်ဦးတစ်ယောက် နစ်နာစေမှာကို မလိုလားပါဘူး။ ဥပဒေနဲ့ညီတဲ့ ခံစားခွင့်ကို ပေးရမှာပေါ့။
အော်စကာ – အိမ်မြေဝိုင်းကို လိုချင်လို့ ဝယ်တာ၊ အိမ်မြေဝိုင်းကို မရနိုင်ဘူးဆိုရင် ဘယ်လို သက်သာခွင့်ရနိုင်မှာလဲ။
ဘကြီးဖြိုး – လျော်ကြေးရမှာပေါ့။ သီးခြားသက်သာခွင့် ဥပဒေပုဒ်မ ၁၉ (သို့မဟုတ်) ၂၂အရ သက်သာခွင့်ကို တရားရုံးက မိမိဆင်ခြင်တုံတရားအရ ပေးနိုင်တယ်။ အိမ်ဝိုင်းမြေ စရန်ပေး စာချုပ်အရ ပေးထားတဲ့ စရန်ငွေရဲ့ နှစ်ဆကို လျော်ကြေးအဖြစ် ဝယ်သူက ရခွင့်ရှိပါတယ်။
အော်စကာ – အဓိကက စရန်ပေး စာချုပ်မှာ ညီမနာမည်ရေးထားပေမယ့် ညီမလက်မှတ် ထိုးမထားတာပဲပေါ့နော်။
ဘကြီးဖြိုး – ဟုတ်ပါ့ဗျာ။ ဘယ်စာချုပ်မှာမဆို နာမည်ဖော်ပြထားရုံနဲ့ မလုံလောက်ပါဘူး။ လက်မှတ်ထိုးထားမှ တရားဝင်တယ်၊ လက်မှတ်ထိုး မထိုး အငြင်းပွားမှာစိုးရင် ပိုပြီးသေချာအောင် လက်ဗွေပါနှိပ်ထားရင် ပိုကောင်းတာပေါ့။
အော်စကာ – ကျေးဇူးပါပဲ ဘကြီးဖြိုးရေ။ နောက်အပတ်မှ တွေ့ကြသေးတာပေါ့။
(အများပြည်သူ ဥပဒေ ဗဟုသုတ ရစေခြင်းငှာ ဒေါ်ခင်စန်းမြင့် (ခ) ဒေါ်ညိုညိုစန်းနှင့် ဒေါ်ကေကေစန်း (ခ) မတွက် အမှုစီရင်ထုံး ၂၀၁၁ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၄ကို ကိုးကား၍ ပြုစုတင်ပြထားခြင်း ဖြစ်ပါသည်။)

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *