Opinion

စိတ်ထားအသွင် ဖြူစေချင်

လူရယ်လို့ ဖြစ်လာရတဲ့ ဘဝမှာ စိတ်ထားလေးတွေနဲ့ ပတ်သက်ပြီး ကျွန်မပြောပြချင်ပါတယ်။ ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြတယ်လို့လည်း မထင်စေချင်ပါ။ လူတစ်ဘဝ ဖြစ်လာရတာဟာ ကိုယ်မသိနိုင် မမြင်နိုင်တဲ့ အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့်ပါ။ အဲဒီထဲမှာမှ လူတန်းစားအမျိုးမျိုး ကွဲပြားသွားကြပြန်ပါတယ်။

ကျွန်မက တရားအကြောင်းတွေကိုလည်း နက်နက်နဲနဲ မသိပါဘူး။ သိပ်လည်း နားမလည်ခဲ့ပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုပြီး တော်တော်များများ ပြောဆိုကြပါတယ်။ အကုန်လုံးဟာ ဘယ်ကလာလို့ ဘယ်ကိုသွားရမယ်ဆိုတာ မသိကြတဲ့ သူတွေပါ။ အဲဒါကို ဘာဖြစ်လို့များ လူသားအချင်းချင်း တစ်ယောက်အပေါ် တစ်ယောက် ညှာတာစိတ်လေး၊ စာနာစိတ်လေးတွေ မထားကြတာလဲ။ အဲဒါကို ကျွန်မ နားမလည်နိုင်ဘူး ဖြစ်နေတယ်။

အေးပေါ့လေ……မိသားစု တစ်ခုတည်းက မွေးဖွားလာတဲ့ ညီအစ်ကို မောင်နှမ အချင်းချင်းတောင် စိတ်ထားတွေက တူမှ မတူကြတာပဲ။ လုပ်ငန်းခွင်တို့ ပတ်ဝန်းကျင်တို့ နောက်ပြီး အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ အလုပ်တွေဆိုရင် ပိုဆိုးတာပေါ့။ စိတ်ထားကောင်းတဲ့သူရှိသလို မကောင်းတဲ့သူတွေလည်း ရှိကြတာပါပဲ။ ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုးက ဒွန်တွဲနေစမြဲပါပဲ။ ကျွန်မလည်း ကိုယ့်ကိုယ်ကို ကောင်းတယ်လို့ မပြောပါဘူး။ စာဖတ်သူတွေကိုလည်း မကောင်းဘူးလို့ မပြောပါဘူး။ ဒါပေမယ့် ကောင်းအောင်တော့ ကြိုးစားကြရမှာပဲလေ။ မကောင်းတာလေးတွေကို ဖယ်ပြီး ကောင်းတာလေးတွေကို အတုယူကြစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခု လုပ်ငန်းခွင် အတော်များများမှာ ကြားရ ကြုံရတာတွေက ဘာတွေလဲဆိုရင် လူဟောင်းတွေက လူသစ်တွေကို နေရာမပေးချင်ကြဘူး ဆိုတာပါပဲ။ (ကျွန်မ လက်ရှိ လုပ်နေတဲ့ ကုမ္ပဏီတော့ မပါပါဘူး)။

ဟိုတလောကဆိုရင် ကျွန်မဘူတာမှာ ရထားစောင့်ရင်းနဲ့ ဘေးနားက ကောင်မလေး သုံးယောက်ပြောနေတာ ဖြတ်ကနဲ ကြားလိုက်မိတယ်။ ရထားစောင့်နေတဲ့ ကောင်မလေးကို သူ့သူငယ်ချင်းက တွေ့လို့ လှမ်းမေးလိုက်တယ်။ “သူငယ်ချင်း နင့်ရဲ့အလုပ်မှာ လုပ်ရတာ အဆင်ပြေရဲ့လားတဲ့”အဲဒီမှာ ကောင်မလေးက စိတ်မကောင်းတဲ့ လေသံလေးနဲ့ “အဆင်မပြေပါဘူး သူငယ်ချင်းရယ် စီနီယာတွေက မသင်ပြပေးချင်ဘူးတဲ့” ကဲ…စဉ်းစားကြည့်ကြပါ စာဖတ်သူတို့ရေ။ ဒါဟာ ဖြစ်သင့်လားဆိုတာ၊ တကယ်တော့ ဒါမျိုးတွေက မဖြစ်သင့်ပါဘူး။ ခေတ်မီပြီး တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူတွေဟာ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေကြပြီးတော့ စိတ်ထားတွေက ဘာလို့ တိုးတက်မှု မရှိကြဘဲ အောက်တန်းကျရတာလဲ။ နေရာ မပေးချင်ကြတဲ့ စီနီယာတွေကို ပြောတာပါ။ ခေတ်မီတဲ့ ဆိုင်ကြီးတွေမှာထိုင် ခေတ်မီတဲ့ အဝတ်အစားတွေ ဝတ်ပြီး စိတ်ထားတွေက ဘာလို့ ခေတ်မမီရတာလဲ။ မာန်မာနတွေ တက်ကြတယ်။ ပညာမာန် ချမ်းသာတဲ့မာန် ငါတတ်တယ်။ ငါတော်တယ်ဆိုတဲ့ မာန်၊ ရာထူးမာန်၊ ဒါတွေက သေချာပြန်စဉ်းစားရင် သေရင် မပါပါဘူး။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသူပဲဖြစ်ဖြစ် သေရမှာပါပဲ။ သေရမှာချင်း အတူတူ စာနာစိတ်လေး ထားကြစေချင်ပါတယ်။ ထားနိုင်အောင်လည်း ကြိုးစားကြပါ။ လုပ်ငန်းခွင်ထဲ လူသစ်တစ်ယောက် ဝင်လာတယ်ဆိုရင် နွေးထွေးဖော်ရွေစွာနဲ့ လက်တွဲခေါ်ပြီး ဖေးမ ကူညီကြပါလို့ တိုက်တွန်း အကြံပြုချင်ပါတယ်။ တတ်ပြီးတဲ့သူတွေက အသစ်တွေကို သင်ပြပေးလိုက်ရလို့ ကိုယ့်ထက် ပိုတော်သွားမှာ ပိုတတ်သွားမှာကို စိုးရိမ်တဲ့ စိတ်မျိုး မထားကြပါနဲ့။ ကိုယ်သင်ပြပေးလိုက်ရလို့ လူတစ်ယောက် တတ်သွား တော်သွားတယ်ဆိုရင် သင်ပြပေးတဲ့သူက ပိုလို့တောင် ဂုဏ်ယူ ဝမ်းမြောက်ရဦးမှာပါ။ ကိုယ်တတ်ထားတဲ့ ပညာကို လက်ဆင့်ကမ်း သင်ပေးလိုက်ရလို့ ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ စာဖတ်သူတွေထဲမှာ နေရာမပေးတဲ့ စီနီယာတွေ ရှိနေခဲ့ရင် စိတ်ထားလေးတွေကို တတ်နိုင်သလောက် ကြိုးစားပြီး ပြုပြင်ကြရအောင်နော်။ စိတ်ကောင်းလေးထားပြီး အသစ်တွေကို လက်တွဲခေါ်ပါ။

ဒါမှလည်း အသစ်လေးတွေက အလုပ်ထဲမှာ လုပ်ချင်စိတ်တွေ ရှိလာမယ်။ ပျော်လာမယ်။ မဟုတ်ရင်တော့ အလုပ်ရှင်က အသစ်ခန့်လိုက် စီနီယာတွေက ပါဝါပြလို့ ထွက်သွားလိုက်နဲ့ သံသရာ လည်နေမှာပဲ။ ဒီလို အပြုအမူတွေဟာ ကုမ္ပဏီအတွက်လည်း မကောင်းဘူး၊ စီနီယာတွေအတွက်လည်း နာမည်ပျက် ထွက်သွားတာပေါ့။ ခံလိုက်ရတဲ့ အသစ်ကလေးကလည်း ကြုံရင် အခါအခွင့်သင့်ရင် သင့်သလို ရင်ဖွင့်ကြမှာပါပဲ။ ဘယ်ကုမ္ပဏီကတော့ဖြင့် ဘယ်အလုပ်မှာကတော့ဖြင့် စီနီယာက ဘယ်လို ဘယ်ပုံ နေရာမပေးဘူးဆိုပြီး ပြောမှာပဲလေ။ ဒီလိုမျိုး အပြောခံရတာကိုက စိတ်ထားမကောင်းလို့ပဲပေါ့။ အပြောမခံပါနဲ့၊ စိတ်ကောင်းထားနိုင်အောင် ကြိုးစားပါ။ နေရာ မပေးချင်တဲ့ စီနီယာတွေကရော တစ်ချိန်က ကိုယ်ဘာလဲဆိုတာ စဉ်စားမိရဲ့လား။ ကိုယ်လည်း တစ်ချိန်က ဘာမှမတတ်ခဲ့လို့ ရှေ့ကလူက သင်ပြပေးခဲ့ရတာပဲ မဟုတ်ဘူးလား။ သင်ပြပေးခဲ့တဲ့ ဆရာကရော အခု စီနီယာဖြစ်နေတဲ့သူတွေကို ဘယ်လိုနေရာပေးပြီး သင်ပြခဲ့တာလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကို နေရာပေးခဲ့တဲ့ စီနီယာတွေကို အတုယူပြီး အသစ်လေးတွေကို နေရာပေးနိုင်အောင် ကြိုးစားပါ။ နေရာပေးခံရတဲ့ အသစ်တွေကလည်း ကြိုးစားပြီး သင်ယူနိုင်ရမယ်။ ကိုယ့်ကို သင်ပြပေးတဲ့သူက ငယ်သူဖြစ်စေ ကြီးသူဖြစ်စေ လေးစားမှု ရှိရပါမယ်။ အခုခေတ်က လူငယ်တွေ အတော်များများဟာ ကြီးသူ ရိုသေ၊ ရွယ်တူလေးစား ငယ်သူသနားဆိုတာတွေကို မသိကြတော့ဘူး ထင်ပါရဲ့။ လူတစ်ယောက်မှာ အဓိကကတော့ စိတ်ထားပါပဲ။ အပေါင်းအသင်း မိတ်ဆွေတွေကြားမှာလည်း စိတ်စေတနာကောင်းရှိတဲ့သူဟာ မျက်နှာမငယ်ပါဘူး ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်မျိုး မဖြစ်မိကြပါစေနဲ့။ မြန်မာနိုင်ငံကြီးဟာ ခေတ်မီပြီး တိုးတက်နေပေမယ့် စိတ်ဓာတ်တွေက တိုးတက်မှု မရှိကြသေးဘူးလို့ ထင်ပါတယ်။ ခေတ်ပညာတတ်တွေ ပေါများသလောက် အပြိုင်အဆိုင်တွေကလည်း ဒုနဲ့ဒေး ဖြစ်လာတယ်။ ငါတော်တယ် ငါတတ်တယ်ဆိုပြီး မာန်မာနတွေကလည်း ထောင်လွှားကြသေး၊ ဖြစ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင် ဝင်နေကြတဲ့ ယောကျာ်းလေး မိန်းကလေးတွေအားလုံး မကောင်းတဲ့အတုကို မယူကြပါနဲ့။ ကောင်းတဲ့အတုကိုပဲ ယူပြီး ကောင်းအောင် ကြိုးစားကြပါ။ ကိုယ်လုပ်နေတဲ့ အလုပ်ထဲမှာ အမြင်မတော်တာရှိနေရင်လည်း ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်တဲ့ စိတ်ဓာတ်မျိုး မထားပါနဲ့။ တချို့က ရှိကြတယ်လေ၊ ငါကတော့ ဒီရာထူး ငါလုပ်ရမယ့် အရာမဟုတ်ဘူးဆိုပြီး နေနိုင်တဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ ဒီလို စိတ်မျိုးထားတာဟာ မကောင်းပါဘူး။ အတတ်နိုင်ဆုံးတော့ စိတ်ထားဖြူစင်အောင် ကြိုးစားကြရမှာပဲလေ။ နေရာလုမှာကို ကြောက်တဲ့ စီနီယာတွေကလည်း ရှေ့က သင်ပေးခဲ့တဲ့ စီနီယာတွေကို အတုယူပါ။ ရှေ့က စီနီယာတွေက မကောင်းခဲ့ဘူးဆိုရင်တောင် ကိုယ်ကတော့ ကောင်းအောင် နေရမှာပါပဲ။ ကျွန်မကိုယ်တိုင်လည်း စီနီယာရဲ့ နေရာမပေးမှုကို ကြုံခဲ့ဖူးပြီးပါပြီ။ ဒီရန်ကုန်ရောက်တော့မှ ပထမဆုံးအကြိမ် ကြုံခဲ့ရတာပါပဲ။ ကျွန်မတို့နယ်မှာ အလုပ်လုပ်ခဲ့တုန်းကလည်း နေရာမပေးချင်တဲ့ လူမျိုးတွေနဲ့ မကြုံခဲ့ဖူးပါဘူး။ သြော်…ကိုယ့်မြန်မာလူမျိုး အချင်းချင်းတောင် ဒီလိုမျိုးဖြစ်နေပါလားဆိုတာ သိလိုက်ရတဲ့အချိန်မှာ ငါကတော့ ဒီလိုလူမျိုးမဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့ အသိတရားတစ်ခုရလိုက်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ်စီကိုယ်ငှ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ ဒါတွေကို လူငယ်တွေသာမက လူကြီးတွေပါ သိနားလည်ပြီး တစ်ဦးကိုတစ်ဦး လက်တွဲခေါ်ယူ ဖေးမကူပြီး စိတ်ကောင်းစေတနာကောင်းလေး ထားနိုင်အောင် ကြိုးစားသင့်ပါတယ်။ အမိဝမ်းတွင်းက ထွက်လာကတည်းက မည်သူတစ်ဦး တစ်ယောက်မှ တတ်သိနားလည်ပြီး ထွက်လာကြတာ မဟုတ်ပါဘူး။

သားသမီးတွေရဲ့ လက်ဦးဆရာဟာ မိနှင့်ဖပါ။ ပြီးတော့မှ အသိပညာ၊ အတတ်ပညာတွေ တိုးပွားအောင် စာသင်ပေးတဲ့ ဆရာ၊ ဆရာမ။ အချိန်တန်လို့ လုပ်ငန်းခွင် ဝင်ကြတော့လည်း လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပညာတွေကို သင်ပေးတဲ့ ဆရာဆိုတာ ရှိလာပြန်တယ်။ ဘယ်မိဘ ဘယ်ဆရာကမှ ကိုယ့်သားသမီး ကိုယ့်တပည့်ကို မကောင်းတဲ့ အရာတွေ မသင်ပေးခဲ့ကြပါဘူး။ စာရိတ္တကောင်းအောင် အရှက်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတတ်အောင် လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမခဲ့ကြတာပါပဲ။ ပညာတတ်လေ မောက်မာလေဆိုတဲ့ အဖြစ်မျိုး မဖြစ်ကြပါစေနဲ့။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် နေရာဆိုတာကြီးကို မမက်မောကြပါနဲ့။ အလုပ်ကိုသာ အဓိကထား ကြိုးစားပြီး လုပ်ကြပါ။ နေရာဆိုတာ သေရင် မပါပါဘူး။ ဒီနေ့ ဒီနေရာမှာ နေရလို့ နောက်နေ့ ဒီနေရာမှာ နေရချင်မှ နေရာမှာ။ သေရင်လည်း သေမှာ၊ ဒါမှမဟုတ် သူဋ္ဌေးက သဘောမကျလို့ အလုပ်ဖြုတ်ရင်လည်း နေရာဆိုတာက မြဲနိုင်ပါဦးမလား။ နေရာဆိုတဲ့ သတ်မှတ်ချက်ကြောင့် မာန်မာနတွေ ထောင်လွှားပြီး နေရာလုမှာ ကြောက်လို့ အသစ်တွေကို မသင်ပြပေးဘဲ ပါဝါပြ ဟောက်စားလုပ်တဲ့ စီနီယာတွေ စိတ်ကောင်းထားနိုင်အောင် ကြိုးစားပြီး အချိန်မီ ပြုပြင်ကြစေချင်ပါတယ်။ ပျက်အစဉ် ပြင်ခဏတဲ့။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ သနားကြင်နာတတ်တဲ့ နှလုံးသားတွေ ရှိနေပါလျက်နဲ့ ကိုယ့်ထက်သာ မနာလိုဆိုတဲ့ စိတ်အဆိုးအညစ်တွေကြောင့် အရာရာဟာ တိုးတက်ပြောင်းလဲနေပေမယ့် စိတ်ပိုင်းဆိုင်ရာတွေက တိုးတက်မှု မရှိဘူးဆိုတာ နေရာမပေးကြဘူးဆိုတဲ့ စီနီယာတွေက သက်သေပါပဲလေ။ နောက်ပြီး ကားမှတ်တိုင်တွေ ရထားတွေပေါ်မှာ မသန်စွမ်းတဲ့ သက်ကြီးရွယ်အို အဘိုးအဘွား အရွယ်တွေ တောင်းရမ်းနေတာကို မြင်ရင် ကိုယ်က မချမ်းသာလို့ အများကြီး မလှူနိုင်ရင်တောင်မှ (၂၀၀)ပါရင် (၅၀)လောက်၊ (၅၀၀)ပါရင် (၁၀၀)လောက်လေး လှူဒါန်းနိုင်အောင် ကြိုးစားကြပါ။ တန်ဖိုးကြီးတာတွေဝတ် တန်ဖိုးကြီးတာတွေ စားပြီး (၅၀)၊ (၁၀၀)လောက် လှူဖို့ကို လက်တွန့်နေတဲ့ သူတွေကလည်း မြင်နေရတာ ဒုနဲ့ဒေးပါပဲ။ စေတနာကောင်း စိတ်ထားကောင်းလျှင် ကံကောင်းကြမယ်ဆိုတာ ကျွန်မရင်ထဲမှာ ခံယူထားတာမို့ ကျွန်မကိုယ်တိုင်လည်း စိတ်ထားကောင်းတဲ့ သူဖြစ်အောင် ကြိုးစားနေသူပါ။ ဒါကြောင့်လည်း လူတစ်ဘဝ ဖြစ်ရတဲ့ အခိုက်အတန့်လေးမှာ “စိတ်ထားလေးတွေ မြင့်မြတ်ကောင်းမွန်ပြီး ဖြူစင်တဲ့ နှလုံးသား ပိုင်ရှင်လေးတွေ” ဖြစ်ကြစေဖို့အတွက် ရည်ရွယ်ရင်း ခံစား တင်ပြလိုက်ရပါတယ်။

author-avatar

About Pan ThaKhin

အမည်ရင်း မအေးအေးမြတ် ဖြစ်ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးဖြစ်ပြီး စာပေအနုပညာကို ဝါသနာပါသည့်အတွက် စိတ်ကူးလေးတွေကို အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး စာပေဝါသနာရှင်တစ်ဦးအနေဖြင့် အခါအခွင့်သင့်သလို ဆောင်းပါးလေးများ ဆက်လက်ရေးသားသွားပါမည်။

Leave a Reply

Your email address will not be published. Required fields are marked *