ကိုရီးယားနိုင်ငံချေးငွေဖြင့် ဖိုက်ဘာဆက်ကြောင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်ဆက်ကြောင်းတစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ မင်းဘူး-ဂုတ်စီး-အမ်း-စစ်တွေ ဖိုက်ဘာဆက်ကြောင်းကို တည်ဆောက်သွားမည်ဟု သိရသည်။ ရခိုင်ပြည်နယ်တွင် အဝေးလိုင်းအနေဖြင့် ပြည်-မာန်အောင်-ကျောက်ဖြူ-ရမ်းဗြဲ-စစ်တွေ မိုက်ကရိုဆက်ကြောင်းနှင့် မင်းဘူး-ဂုတ်စီး-ဥက်ကံ-စစ်တွေ GbE မိုက်ကရိုဆက်ကြောင်းဟူ၍ အဓိကသီးခြားဆက်ကြောင်းနှစ်ခုရှိကြောင်း၊ အမ်းမြို့အတွက် မင်းဘူး-ဂုတ်စီး-ဥက်ကံ-စစ်တွေ မိုက်ကရိုဆက်ကြောင်းတွင် ဂုတ်စီးမှတစ်ဆင့် ဆက်သွယ်ရယူထားကြောင်း၊ ပြည်-မာန်အောင် -ကျောက်ဖြူ-ရမ်းဗြဲ-စစ်တွေ မိုက်ကရိုဆက်ကြောင်းအား အဝေးလိုင်းနှစ်ဆတိုးချဲ့သွားမည်ဖြစ်ပြီး မင်းဘူး-ဂုတ်စီး-အမ်း-စစ်တွေ ဖိုက်ဘာဆက်ကြောင်းကို ကိုရီးယားချေးငွေရယူ၍ ဆောင်ရွက်သွားရန်အစီအစဉ်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနနှင့်ပတ်သက်၍ ဆောင်ရွက်မှုအခြေအနေများကို ထုတ်ပြန်ထားချက်အရ သိရသည်။
အဆိုပါအစီအစဉ် ဆောင်ရွက်ပြီးစီးပါက ဆက်သွယ်မှုပိုမိုလွယ်ကူလာနိုင်မည်ဖြစ်ကြောင်း ဆိုသည်။ အမ်းမြို့နယ်အတွင်းရှိ ပြည်သူများသို့ ဆက်သွယ်ရေးတယ်လီဖုန်းများ ချထားပေးခဲ့သော်လည်း တယ်လီဖုန်းလိုင်းများ ပြတ်တောက်မှုမရှိစေရေးဆောင်ရွက်ပေးရန် မေးမြန်းချက်နှင့်ပတ်သက်၍ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာက ဖြေကြားခဲ့ခြင်းဖြစ်သည်။ သုံးစွဲသူနှင့် တာဝါတိုင်မမျှပါက လိုင်းကြပ်လာမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်နေရာအချို့တွင် တာဝါတိုင်များတိုးချဲ့တည် ဆောက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖြေကြားထားသည်။
အဝေးလိုင်းအနေဖြင့် ပင်မဆက်ကြောင်း စစ်တွေ-ရမ်းဗြဲ-မာန်အောင်-ကျောက်ဖြူ-ပြည်ပေါ်တွင် ဂျီအက်စ်အမ်မိုဘိုင်းစခန်းပေါင်း ၅၂ ခု၊ စခန်း ၂၃ ခုနှင့် အော်တိုအိတ်ချိန်း ၁၃ ခု စုစုပေါင်း ၉၀ ခန့် အသုံးပြုလျက်ရှိသဖြင့် တိုးချဲ့ပေးရန်လိုကြောင်း၊ အဝေးလိုင်းနှစ်ဆတိုးချဲ့နိုင်ရေး ယခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။