News

မော်လီကျူးလား ဓါတုဗေဒပညာရှင် သုံးဦး ဓါတုဗေဒဆိုင်ရာ နိုဗယ်ဆု ရရှိ

ဓါတုဗေဒ ဖြစ်စဉ်များကို နားလည်ခန့်မှန်းရန် ကွန်ပျူတာပုံဖေါ်လေ့လာမှုကို ဖေါ်ထုတ်ပေးခဲ့သော မော်လီကျူးလား ဓါတုဗေဒပညာရှင် သုံးဦးကို ဓါတုဗေဒဆိုင်ရာ နိုဗယ်လ်ဆု ပေးအပ်ကြောင်း ဆုရွေးချယ်ရေး အကဲဖြတ်အဖွဲ့က အောက်တိုဘာ ၉ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်-သြစတြီးယား နိုင်ငံသား မာတင်ကားပလက်၊ အမေရိကန် ဗြိတိန်နိုင်ငံသား မိုက်ကယ်လီဗစ်၊ အမေရိကန်-အစ္စရေး နိုင်ငံသား အေရီယာဝါရှယ်တို့ကို ရှုပ်ထွေးသော ဓါတိုဗေဒဆိုင်ရာ စနစ်များအတွက် ကွန်ပျူတာဖြင့် ပုံဖေါ်တိုင်းတာမှု စနစ်ကို ဖေါ်ထုတ်ပေးခဲ့မှုအတွက် ဂုဏ်ပြုခြင်းဖြစ်ကြောင်း ဂျူရီအဖွဲ့က ပြောကြားခဲ့သည်ဟု သိရသည်။

“၂၀၁၃ခုနှစ် ဓါတုဗေဒ နိုဗယ်ဆုရှင်တွေဟာ ကွန်ပျူတာ သုံးပြီး ဓါတုဗေဒရဲ့ နက်နဲမှုတွေကို ပုံဖေါ်လို့ရအောင် ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ဆုအကဲဖြတ်ရေး အဖွဲ့ ဆွီဒင်တော်ဝင်သိပ္ပံအကယ်ဒမီက ပြောကြားခဲ့သည်။ ၎င်းတို့၏ ရှာဖွေတွေ့ရှိမှုများကြောင့် စွမ်းအားမြင့် ကွန်ပျူတာ ဆော့ဖ်ဝဲများ သုံး၍ ရှုပ်ထွေးသော ဓါတုဗေဒဆိုင်ရာ ဖြစ်စဉ်များကို ကြိုတင်ခန့်မှန်းရန်၊ ဆေးဝါးဆိုင်ရာ အင်ဂျင်နီယာများနှင့် ကုန်ထုတ်ဓါတုပညာရှင်များအား ပြဿနာများ အလျင်မြန်ဆုံး ဖြေရှင်းနိုင်ရန် ဖြစ်နိုင်စေခဲ့သည်။

အသက် ၈၃နှစ်အရွယ် ကားပလက်၊ အသက် ၆၆နှစ်အရွယ် လီဗစ်၊ အသက် ၇၂နှစ်အရွယ် ဝါရှယ်တို့သုံးဦးစလုံးသည် အမေရိကန်တက္ကသိုလ်များတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ဓါတုဗေဒ နိုဗယ်ဆုရှင် သုံးဦးသည် ဒေါ်လာ ၁ဒသမ ၂၅သန်းကို ခွဲဝေရရှိကြမည်ဖြစ်ပြီး ဆုကို ဒီဇင်ဘာ ၁၀ရက်တွင် စတော့ဟုမ်းမြို့၌ တရားဝင် လက်ခံရယူမည် ဖြစ်ကြောင်း သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *