News

ဆက်သွယ်ရေး ဝန်ကြီးဟုပြော၍ ငွေကျပ် ၅၁သိန်း လိမ်လည်

myanmarsurvivalguide.com

ဆက်သွယ်ရေး ဝန်ကြီးဟု ပြောကာ ငွေကျပ် ၅၁သိန်း လိမ်လည်မှု ဖြစ်ရပ်တစ်ခု မန္တလေးတိုင်း ဒေသကြီး၊ တောင်သာမြို့နယ်တွင် ဇူလိုင် ၂၄ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်ဟု ရန်ကုန်တိုင်းမ် နေ့စဉ်တွင် ဖော်ပြထားသည်။

ဖြစ်စဉ်မှာ တောင်သာမြို့တွင် နေထိုင်သော မနုနုဆွေ ဆိုသူထံ ဖုန်းနံပါတ် ၀၉-၄၂၁-၀၇၃-၂၂၆ဖြင့် အမျိုးသားတစ်ဦး ဖုန်းခေါ်ပြီး ၎င်းမှာ ဆက်သွယ်ရေး ဝန်ကြီးဖြစ်ကြောင်း၊ ချပေးထားသော ဂျီအက်စ်အမ်ဖုန်းများကို နိုင်ငံတော်မှ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဖုန်းနံပါတ် သုံးလုံးကို ကံစမ်းမဲနှိုက်ပေးရာ မနုနုဆွေ ဖုန်းနံပါတ် ပါဝင်နေကြောင်း၊ ရရှိမည့် ဆုငွေမှာ သိန်း ၂၀၀၀ဖြစ်ပြီး၊ ဇူလိုင်လ ၂၄ရက်နေ့ နောက်ဆုံး ထုတ်ပေးမည် ဖြစ်ရာ အခွန်ငွေ ကျပ် ၁၀၉သိန်းအား ပေးဆောင်ရန် အဆိုပါ ဝန်ကြီးဆိုသူမှ တောင်းခံခဲ့၍ မနုနုဆွေက လောလောဆယ်တွင် မိမိ၌ ငွေကျပ် ၅၁သိန်းသာ ရှိကြောင်း ပြောပြရာ ယင်းငွေများအား ဒေါပုံကမ္ဘောဇဘဏ်သို့ ဦးဘိုဘိုဟိန်း မှတ်ပုံတင် အမှတ် – ၁၂/သကတ(နိုင်)၁၉၆၈၃၁ဖြင့် လွှဲပေးပါရန်နှင့် ဆုကြေးငွေ သိန်း ၂၀၀၀အား ပြန်လည် လွှဲပေးမည် ဖြစ်ကြောင်း ဖုန်းဖြင့် ပြောဆိုမှုကို မနုနုဆွေက ယုံကြည်ကာ ကျပ် ၅၁သိန်းကို လွှဲပေးခဲ့ကြောင်း၊ ပြီးမှ ရန်ကုန်ရှိ ယောက်မဖြစ်သူထံ ပြောပြရာ လိမ်လည်ခြင်း ဖြစ်နိုင်ကြောင်း ပြော၍ ဘဏ်သို့ ဆက်သွယ် မေးမြန်းရာ ငွေများ ထုတ်ယူသွားပြီး ဖြစ်ကြောင်း သိရသည်။

ထိုသို့ ငွေများ လိမ်ယူသွားသူ ဦးဘိုဘိုဟိန်းဆိုသူအား အရေးယူပေးပါရန် မနုနုဆွေ၏ ယောက်မဖြစ်သူ မယဉ်မျိုးသူမှ တရားလိုပြုတိုင်တန်းထားသောကြောင့် ဒေါပုံရဲစခန်းမှ မမစ(ပ)၂၄၇/၁၃၊ပုဒ်မ ၄၂၀ဖြင့် အမှုဖွင့်ထားကာ တရားခံ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ဖြစ်ရပ်ကို သုံးသပ်ကြည့်ပါက လူတို့၏ လောဘကြီးတတ်မှုကို အသုံးချ၍ လိမ်လည်သွားခြင်း ဖြစ်သည်။ ထိုကဲ့သို့ လိမ်လည်မှုများလည်း ခဏခဏ ဖြစ်နေသည်ကို ကြားနေ သိနေရသည်။

သို့ရာတွင် လောဘအမှောင်က ဖုံးလွှမ်းသွားသဖြင့် လူတို့၏ ဆင်ခြင်တုံ စွမ်းအားကို မှေးမှိန်သွားစေပါသည်။ ဝန်ကြီးကိုယ်တိုင် ဖုန်းဆက်သည်မှာ ဖြစ်နိုင်မည်လား။ အစိုးရဌာန တစ်ခုအနေဖြင့် ထိုသို့ ကံစမ်းမဲ ဖောက်သည်ဆိုသည်မှာလည်း ဖြစ်နိုင်မည်လား။ အခွန်ဆောင်ရမည်ဟု ၁၀၉သိန်း တောင်းသည်ကို ၅၁သိန်းသာ ရှိသည်ဟု ပြောသော်လည်း ရှိသည့်ငွေကို ပို့ခိုင်းခြင်းအတွက် အမှန်တကယ် ဟုတ်မဟုတ် မစဉ်းစားနိုင်တာလား။ တကယ် ကံစမ်းမဲ ပေါက်လို့ တကယ် ဝန်ကြီးဆက်သည်ထားဦး အပြင်လူတစ်ယောက် နာမည်ဖြင့် ငွေပို့ခိုင်းမည်လား။ “လား”ပေါင်းများစွာဖြင့် မစဉ်းစား မတွေးတောနိုင်ပဲ လောဘအပေါ် မောဟက ဖုံးအုပ်သွားသောကြောင့် ယခုကဲ့သို့ အလိမ်ခံလိုက်ရခြင်း ဖြစ်သည်။ တကယ်ဆိုလျှင် အခြားလူများနှင့်လည်း တိုင်ပင်သင့်သည်။ အရင် စုံစမ်း ကြည့်သင့်သည်။ ယခုကဲ့သို့ တရားတဘောင်စွဲခြင်းဖြင့် မိမိအလိမ်ခံရသည့် ငွေပြန်ရမည်မှာ သေချာရဲ့လား။ ရုံးပြင်ကနားသွားရသည့်အတွက် ငွေက ထပ်ကုန်ဦးမည်။ လူတွေ၏ လောဘများ မသတ်နိုင်သရွေ့ လိမ်သည့်သူများကလည်း လိမ်နေဦးမည်သာ ဖြစ်ပေသည်။

Ref: ရန်ကုန်တိုင်းမ်နေ့စဉ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *