News

၂၀၁၁မှ ၂၀၁၃ဧပြီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြစ်မှုပေါင်း ၃၄၁၁မှုဖြစ်ပွားခဲ့ပြီး ၆၂၆မှု တရားခံ မမိသေး

၂၀၁၁မှ ၂၀၁၃ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှု ဖောက်ထွင်းမှု၊ ခိုးမှု၊ လုယက်မှု စုစုပေါင်း ၃၄၁၁မှု ဖြစ်ပွားခဲ့ပြီး ၂၇၈၅မှုအား တရားခံဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့ကာ ၆၂၆မှုမှာ တရားခံမမိသေးကြောင်း စက်တင်ဘာ ၂၄ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီးတင်၀င်းက ပြောကြားသည်ဟု သိရသည်။

ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြငွေ၏ “၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်မှ ၂၀၁၃ခုနှစ် ဧပြီ ၃၀ရက်အထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု၊ ဖောက််ထွင်းမှု၊ ခိုးမှု၊ လုယက်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်၍ အမှုပေါင်း မည်မျှရှိပါသနည်း။ ဖမ်းမိသော အမှုပေါင်းနှင့် မဖမ်းမိသေးသော အမှုပေါင်း မည်မျှရှိပါသနည်း။ သိလိုကြောင်း” မေးမြန်းမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှု ၁၅၅မှု ဖြစ်ပွားခဲ့ပြီး ၁၅၄မှုကို တရားခံမိခဲ့ကြောင်း၊ ဖောက်ထွင်းမှု ၉၆မှုတွင် ၇၃မှုက တရားခံမိကာ ၂၃မှုမှာ တရားခံမမိခဲ့ကြောင်း၊ ခိုးမှု ၁၄၄၉မှုတွင် ၁၁၅၅မှု တရားခံမိခဲ့ပြီး ၂၉၄မှု တရားခံမမိကြောင်း၊ လုယက်မှု ၄၇မှုတွင် ၃၇မှု တရားခံမိကာ ၁၀မှု မမိခဲ့ကြောင်း ၀န်ကြီးက ပြောကြားသည်။

ထို့အတူ ၂၀၁၂ခုနှစ်အတွင်း လူသတ်မှု ၁၆၄မှု ဖြစ်ပွားခဲ့ပြီး ၁၆၂မှုကို တရားခံမိကာ ၂မှု တရားခံမမိခဲ့ကြောင်း၊ ဖောက်ထွင်းမှု ၁၈မှုဖြစ်ပွားခဲ့ပြီး ၁၈မှုလုံး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ခိုးမှု ၁၀၉၂မှုတွင် ၉၄၀မှု တရားခံမိခဲ့ပြီး ၁၅၂မှု တရားခံမမိကြောင်း၊ လုယက်မှု ၃၀တွင် ၂၆မှု တရားခံမိခဲ့ကြောင်း သိရသည်။ လက်ရှိ ၂၀၁၃ခုနှစ် ဇန်နဝါရီမှ ဧပြီလအထိ လူသတ်မှု ၃၈မှုတွင် ၃၅မှု တရားခံမိကာ ၃မှုမှာ တရားခံမမိသေးကြောင်း၊ ဖောက်ထွင်းမှု နှစ်မှုတွင် ၂မှုလုံး မိခဲ့ကြောင်း၊ ခိုးမှု ၃၁၄မှုတွင် ၁၇၉မှု ဖမ်းဆီးရမိခဲ့ပြီး ၁၃၅မှုမမိသေးကြောင်းနှင့် လုယက်မှုခြောက်မှုတွင် ၄မှု တရားခံမိခဲ့ပြီး ၂မှုမမိသေးကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဗိုလ်မှူးကြီး တင်၀င်းက ပြောကြားသည်။

သို့ရာတွင် ၂၀၁၁မှ ၂၀၁၃ဧပြီလအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ၂၆မှုနှင့် မူးယစ်ဆေးဝါးမှု ၇၁၇မှုတို့တွင် တရားခံများအားလုံး ဖမ်းဆီးရခဲ့မိကြောင်း ယင်းက ပြောကြားသည်။ ဖြစ်ပွားခဲ့သော မူခင်းဖြစ်စဉ်များအတွင်း အများဆုံးမှာ ခိုးမှုဖြစ်ပြီး ခိုးမှု ၂၈၅၅မှုတွင် ၂၂၇၄မှုသာ ဖမ်းဆီးရမိ ၅၈၁မှုမှာ တရားခံ လွတ်မြောက်နေဆဲဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မှုခင်းလျော့နည်း ကျဆင်းရေးအတွက် စီမံချက်များ ရေးဆွဲနေပြီး မှုခင်းလျော့နည်းရေး လုပ်ငန်းများ လုပ်ခဲ့သည့် ကာလများအတွင်း ထူးခြားပြီး အများပြည်သူ စိတ်၀င်စားကြသော အမှုများကို ရဲတပ်ဖွဲ့ အတတ်ပညာနှင့် ခေတ်မီအိုင်တီ နည်းပညာများ ပူးပေါင်းပြီး နာရီပိုင်း၊ ရက်ပိုင်းအတွင်း ဖော်ထုတ်နိုင်ခဲ့သည့် မှုခင်းအချို့ရှိခဲ့ကြောင်း ဗိုလ်မှူးကြီး တင်၀င်းက ဆိုသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်နေ့လျှင် အမှုကြီးဖြစ်စဉ်အပါအ၀င် ပျမ်းမျှမှုခင်း အရေအတွက် ၅၀၀န်းကျင် ဖြစ်ပွားနေကြောင်းလည်း သိရှိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

2 thoughts on “၂၀၁၁မှ ၂၀၁၃ဧပြီအထိ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြစ်မှုပေါင်း ၃၄၁၁မှုဖြစ်ပွားခဲ့ပြီး ၆၂၆မှု တရားခံ မမိသေး

  1. Naytoe Koko says:

    ဖမ်းမနေပါနဲ့တော့ ဦးရဲကြီးတို့ရယ် တရားခံ လည်း အသက်ကြီးရင် သေသွားပါလိမ့်မယ်

  2. တရားခံ မမိချင်ယောင်ဆောင်နေတာပါ သူတို့ ထဲက နေမှာပေါ့ ရိုးနေဘီ

Leave a Reply

Your email address will not be published. Required fields are marked *