News

လွှတ်တော်များ သတ္တမ ပုံမှန် အစည်းအဝေး စတင် ကျင်းပ

Hluttaw

ဇွန်လ ၂၅ရက်နေ့တွင် နေပြည်တော်၌ စတင် ကျင်းပသော လွှတ်တော်များ သတ္တမ ပုံမှန် အစည်းအဝေး ပထမနေ့တွင် မေးခွန်း ၁၅ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ပြည်သူ့လွှတ်တော်မှ မေးခွန်း ၁၀ခု မေးမြန်းခဲ့ပြီး အမျိုးသား လွှတ်တော်မှ မေးခွန်း ငါးခု မေးမြန်းခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့လွှတ်တော်မှ မေးမြန်းခဲ့သည့် မေးခွန်းများတွင် နိုင်ငံတော်မှ ချပေးသည့် ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖံွ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့် ရှိသော ကုမ္ပဏီများက ဆောင်ရွက်သော လုပ်ငန်းများနှင့် ပတ်သက်၍ မည်သို့ ကြီးကြပ် ဆောင်ရွက်ကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ရာ အစိုးရ အဖွဲ့မှ တာဝန်ရှိသူက ကုမ္ပဏီများ မလုပ်နိုင်သည့် ကိစ္စများကို ဝန်ကြီးဌာနမှ ပေါင်းစပ် လုပ်ကိုင်ပေးသွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

ထို့အပြင် လက်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက်ရှိသော မြေများအား (လန-၃၉) လျှောက်ထားရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ လယ်ယာမြေများကို အခြားနည်း အသုံးပြုနိုင်ရန် ပြဋ္ဌာန်း ဥပဒေများနှင့်အညီ လျှောက်ထားနိုင်ကြောင်း ဖြေကြားသည်။ ထို့နောက် ဥပဒေကြမ်းအသစ် လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူလယ်သမား၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖံွ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည်။

အမျိုးသားလွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို တိကျစွာ လိုက်နာကျင့်သုံးရေးအတွက် လိုအပ်သော အစီအမံများနှင့် အရေးယူ ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို၊ တစ်ခုတည်းသော အမျိုးသား စီးပွားရေး ဝင်ပေါက် (National Single Window) တည်ထောင်ထားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ဆည်ရေပေးဝေနိုင်သည့် မြေဧရိယာများ လျော့နည်းသတ်မှတ် ဖော်ပြချက်များအပေါ် လယ်ယာကိန်းဂဏန်းများ မှန်ကန်စေရေး ပြန်လည်စိစစ်ရန်နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့၏ ခွင့်ပြု သဘောတူညီချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်ဟု သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *