News

အမည်ပျက်စာရင်း ပါဝင်နေသေးသူများ သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းနိုင်

နိုင်ငံတော် သမ္မတ၏ ညွှန်ပြချက်အရ အမည်ပျက်စာရင်း (Black List)များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ပြန်လည် စီစစ်ပြီး စာရင်းထုတ်ပယ်ဖျက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ အကြောင်းအမျိုးမျိုးကြောင့် အမည်ပျက်စာရင်းတွင် ဆက်လက်ပါဝင်နေသူများအနေဖြင့် ရုံးချိန်အတွင်း ဖုန်းအမှတ် ၀၆၇-၄၀၉၅၃၁ဖြင့် နိုင်ငံတော် သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ အီးမေးလ်လိပ်စာဖြင့် ဆက်သွယ်လိုပါက [email protected]သို့ ဆက်သွယ်ပေးပို့နိုင်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားသည်။

ခေတ်ပြောင်း စနစ်ပြောင်းတွင် အခြေအနေ အချိန်အခါနှင့် မကိုက်ညီတော့သည့် (ယခင်က ဆောင်ရွက်ခဲ့သည့်) အမည်ပျက် စာရင်းများကို လက်ရှိနိုင်ငံရေး စနစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အခွင့်အရေးများနှင့် အညီ ဖြစ်စေရန်၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် ပြည်တွင်းပြည်ပနှစ်ရပ်လုံးရှိ နိုင်ငံသားများအားလုံးနှင့် လက်တွဲဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်အဖြစ် ဖေါ်ဆောင်နိုင်ရန် အမည်ပျက်စာရင်းများကို ပယ်ဖျက်ပေးခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

“အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို လျောက်လှမ်းနေတဲ့ အချိန်မှာ ဒီလိုလုပ်ရပ်မျိုးက ကြိုဆိုရမှာပါ။ ဒါကောင်းတဲ့အလုပ်ပါ”ဟု ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမြအေးက စံတော်ချိန်သို့ ပြောသည်။ သမ္မတ ပြည်ပခရီးစဉ် ထွက်ချိန်တိုင်း နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ ယခုကဲ့သို့ အမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးခြင်းများမှာ နိုင်ငံတကာတွင် မျက်နှာရစေရန် ပြုလုပ်ခြင်းမျိုး ဖြစ်သည်ဆိုသည့် ဝေဖန်ချက်များအပေါ်တွင်လည်း ကိစ္စရပ်များကို အနုတ်လက္ခဏာရှုထောင့်မှ ဝေဖန်တိုင်း မကောင်းကြောင်း ကိုမြအေးက ပြောဆို သုံးသပ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက အမည်ပျက် စာရင်းသွင်းထားသော ဆရာဝန်များအနက် ၁၀၁၀ဦးကို စာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *