News

ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ မဟာဌာန ဖွင့်မည်

ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာ မဟာဌာနအား သီးသန့် ဌာနတစ်ခုအဖြစ် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဥပဒေပညာရပ်ဆိုင်ရာ ဌာနအတွက် ဌာနမှုးများ ရွေးချယ်ခန့်ထားနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အရည်အသွေးပြည့်ဝသော ဥပဒေပညာရှင်များ မွေးထုတ်ပေးနိုင်ရန် သီးသန့်ဌာနအဖြစ် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အထက်ပါ သင်တန်းရေးရာ တာဝန်ရှိသူက “တက္ကသိုလ်ကြီးတွေမှာ ဝိဇ္ဇာသိပ္ပံဘာသာရပ်အလိုက် မဟာဌာနတွေ လုပ်ဖို့ ဆောင်ရွက်နေကြပါတယ်။ ဥပဒေပညာဌာနကို မဟာဌာနတစ်ခုအနေနဲ့ သီးသန့် ဆောင်ရွက်ဖို့လည်း ရှိပါတယ်။ အခု ရန်ကုန်တက္ကသိုလ်မှာ ဥပဒေဆိုင်ရာ မဟာဌာနကို အရင်ဆုံးစပြီး အကောင်အထည်ဖော်မယ်။ ဒီနှစ်ကုန်ပိုင်းလောက်မှာ ဖွင့်နိုင်အောင် ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

လက်ရှိတွင်လည်း ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနတွင် Clincial of Legal Educationအစီအစဉ်အား မြန်မာနိုင်ငံဆိုင်ရာ UNDPရုံးနှင့် ပရောဂျက်များ ပူးပေါင်း ဆောင်ရွက်လျက် ရှိပြီး ထိုင်း၊ ဗီယက်နမ်၊ သြစတြေးလျနှင့် အမေရိကန်နိုင်ငံတို့ရှိ ဥပဒေပညာရှင်တို့ ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ ဌာနမှုး ဒေါက်တာ ခင်မာရီက “အခုလက်ရှိ ဥပဒေပညာဌာနကို မဟာဌာနအဖြစ် တိုးချဲ့သွားဖို့ လုပ်နေပါပြီ။ အဲဒီမှာ ကျောင်းသား ကျောင်းသူတွေအတွက် ပိုပြီး ထိရောက်မယ့် ပညာပေး အစီအစဉ်တွေ၊ သင်ခန်းစာတွေကို  အဆင့်မြှင့်တင်သွားဖို့ ရှိတယ်။ နိုင်ငံတကာက ပညာရှင်တွေရဲ့ အကူအညီနဲ့ အကြံညဏ်တွေကိုလည်း ယူရပါတယ်။ ဒီက ဆရာ၊ ဆရာမတွေ အနေနဲ့လည်း သူတို့နိုင်ငံမှာ ကျင်းပတဲ့ ဖိုရမ်တွေ၊ Workshopတွေကိုလည်း အလှည့်ကျ သွားတက်ရပါတယ်။ ဒီလိုမဟာဌာနအဖြစ် ပြောင်းလဲနိုင်ဖို့အတွက်လည်း အစစအရာရာ ပြင်ဆင်မှုတွေ လုပ်နေတုန်းပါပဲ”ဟု ဆိုသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “ရန်ကုန်တက္ကသိုလ်တွင် ဥပဒေပညာ မဟာဌာန ဖွင့်မည်

  1. ဖွင့်တာကြာပေါ့Drတွေတောင်ထုတ်နေတာ တစ်လှေကြီးဗျာ

Leave a Reply

Your email address will not be published. Required fields are marked *