News

MNL၏ ၂၀၁၂အတွက် အကောင်းဆုံး ဆုပေးအပ်ပွဲ ဆီဒိုးနားတွင် ကျင်းပမည်

Myanmar National League

၂၀၁၂ခုနှစ်၊ မြန်မာနေရှင်နယ်လိဂ် အကောင်းဆုံး ဆုပေးပွဲကို မနက်ဖြန် ဇူလိုင်လ ၁၂ရက် ညပိုင်းတွင် ရန်ကုန်မြို့ရှိ ဆီဒိုးနား ဟိုတယ်၌ ကျင်းပမည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာသည်ဟု သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် ယခုကဲ့သို့ တစ်နှစ်တာ အကောင်းဆုံး ဆုပေးပွဲ ကျင်းပသည်မှာ တတိယ အကြိမ်မြောက်ဖြစ်ပြီး တစ်နှစ်တာ အကောင်းဆုံး ဆုရွေးချယ်ရာတွင် နည်းပြအဖွဲ့ဝင်များနှင့် မီဒီယာများက မဲပေးရွေးချယ်သွားမည် ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဆုပေးပွဲတွင် အကောင်းဆုံး ရွေးချယ်ရာ၌ နည်းပြအဖွဲ့ဝင်များမှ မဲပေးခဲ့ခြင်း မရှိဘဲ မီဒီယာများနှင့် ပရိသတ်များက ရွေးချယ်ခဲ့သည်ဟု ဆိုသော်လည်း တိကျသည့် ထုတ်ပြန်မှုများ မရှိခဲ့ကြောင်း၊ သို့ရာတွင် ယခု ကျင်းပမည့် တတိယအကြိမ် ဆုပေးပွဲတွင် မည်ကဲ့သို့ ရွေးချယ်သည်ကို တိတိကျကျ ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း သိရသည်။

MFFက ပေးအပ်သည့် တစ်နှစ်တာ အကောင်းဆုံး ဆု၏ ပထမအကြိမ်ကို ၂၀၁၀ပြည့်နှစ် မြန်မာနေရှင်နယ်လိဂ် အပြီးတွင် ကျင်းပခဲ့ရာ အကောင်းဆုံး ကစားသမားဆုကို ရတနာပုံ အသင်းမှ အောင်ကျော်မိုးက ရရှိခဲ့ပြီး ဒုတိယအကြိမ် ကျင်းပခဲ့သည့် ၂၀၁၁ခုနှစ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဇေယျာရွေှမြေမှ တိုက်စစ်မှုး ကျော်ကိုကိုက ရရှိခဲ့သည်။

တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနှင့်အတူ ဂိုးသွင်းဘုရင်ဆုကိုလည်း ပေးအပ်ခဲ့ရာ ဟံသာဝတီ တိုက်စစ်မှူးဟောင်း လစ်ပီလစ်ပီနှင့် ရန်ကုန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ချားလ်အိုဘီတို့က ရရှိခဲ့ဖူးသည်။ ယခုနှစ် အကောင်းဆုံး ဆုပေးပွဲတွင် အကောင်းဆုံးဆုအတွက် ခန့်မှန်းရ ခက်ခဲမှုများ ရှိနေသော်လည်း ဂိုးသွင်းဘုရင် ဆုကိုမူ ဇေယျာရွေှမြေ တိုက်စစ်မှူး ဆာဆာက ရရှိမည် ဖြစ်သည်ဟု ဆိုသည်။ ယခု တတိယအကြိမ် ကျင်းပမည့် MNL၏ အကောင်းဆုံး ဆုပေးအပ်ပွဲတွင် လူငယ်ပြိုင်ပွဲ၏ အကောင်းဆုံး ဆုကိုပါ ထည့်သွင်းပေးအပ်သွားမည်ဟု သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *