Featured, News, Review

၂၀၁၄ ကမ္ဘာ့ဖလားကို အထောက်အကူပြုမယ့် နည်းပညာသုံးခု

၂၀၁၄ ကမ္ဘာ့ဖလားကို အထောက်အကူပြုမယ့် နည်းပညာသုံးခု

နည်းပညာကို အားကစားကဏ္ဍမှာ ထည့်သွင်း အသုံးချလာကြတာနဲ့ အမျှ အားကစားပွဲများ ကြည့်ရှုတဲ့နှုန်းဟာလည်း အရင်ကထက်များစွာ တိုးတက် များပြားလာပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်းများစွာမှာ အားကစားပွဲများကို ကြည့်ရှုလာနိုင်တဲ့အတွက် ရုပ်သံထုတ်လွှင့်သူများက တီဗီသာမက အခြား နည်းလမ်းများနဲ့ ထုတ်လွှင့်ဖို့ နည်းပညာ အကူအညီကို ရယူနေကြပါတယ်။ ဒီနှစ် ဘရာဇီးမှာ ကျင်းပမယ့် ၂၀၁၄ ဖီဖာ ကမ္ဘာ့ဖလား ဘောလုံးပွဲမှာလည်း နည်းပညာအသစ်များကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီနည်းပညာများဟာ ကမ္ဘာတစ်၀န်းလုံးမှ လူသားများ တက်ဘလက်၊ စမတ်ဖုန်း၊ အင်တာနက်နဲ့ တီဗီများကနေ တစ်ခဲနက် ကြည့်ရှုကြမယ့် ကမ္ဘာ့ဖလားပွဲကို အဖက်ဖက်က အကျိုးဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

4K ရုပ်သံထုတ်လွှင့်မှု

Sonyနဲ့ FIFAတို့က ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲများကို 4K အရည်အသွေးနဲ့ ရိုက်ကူးထုတ်လွှင့်မယ်လို့ ကြေညာထားပါတယ်။ 4Kရုပ်ထွက်များကို 4K Displayတပ်ဆင်ထားတဲ့ Deviceများမှာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ 4K Displayဆိုတာကတော့ အလျားလိုက်Pixel အရေအတွက် လေးထောင် ရှိတဲ့ Displayများဖြစ်ပါတယ်။ 4Kကို Ultra High-Definitionလို့ ခေါ်ကြပြီး ဒီနေ့ခေတ်မှာ ကြည့်ရှုနေကြတဲ့ တီဗီများရဲ့ စံနှုန်း ဖြစ်တဲ့ 1080p Hi-Definition Resolutionထက် ပိုမိုကောင်းမွန်ပါတယ်။

4K နည်းပညာဟာ အလွန်ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်များကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် 4K TVများဟာ ဈေးနှုန်းကြီးမားတဲ့အတွက် လူအများရဲ့ အာရုံစိုက်မှုကို မရရှိသေးပါဘူး။ 4K TVတစ်လုံးရဲ့ အနိမ့်ဆုံး ဈေးနှုန်းဟာ ဒေါ်လာ တစ်ထောင်ရှိပါတယ်။ Sonyနဲ့ ဖီဖာရဲ့ ရည်ရွယ်ချက်က ဈေးကြီးတဲ့ 4K ဘောလုံးပွဲများကို တစ်ကမ္ဘာလုံးကနေ ကြည့်နိုင်ဖို့ ဖြစ်ပါတယ်။ 4K Deviceများကနေ ကြည့်နိုင်သလို 4K Deviceမရှိသူများအတွက် ရုပ်ရှင်ရုံများ၊ အများပြည်သူကြည့်နိုင်တဲ့ နေရာများနဲ့ Sonyရဲ့ အရောင်းဆိုင်များမှာ 4K TVများနဲ့ ပြသပေးမှာ ဖြစ်ပါတယ်။

Sonyက ဖိုင်နယ်ပွဲ၊ ကွာတားဖိုင်နယ်တစ်ပွဲနဲ့ ၂၈ ရက်မှာ ကျင်းပမယ့် ပွဲစဉ် ၁၆မှ တစ်ပွဲ အားလုံးပေါင်း သုံးပွဲကို 4Kကင်မရာများနဲ့ ရိုက်ကူးပြီး ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ အဲဒီပွဲများဟာ ဖီဖာရဲ့ တရား၀င် ၂၀၁၄ ကမ္ဘာ့ဖလား ရုပ်ရှင်မှာ ထည့်သွင်းမှာဖြစ်ပါတယ်။ အဲဒီရုပ်ရှင်ကိုတော့ ကမ္ဘာ့ဖလားပွဲ အပြီးမှာ အွန်လိုင်းကနေ ပြသမှာ ဖြစ်ပါတယ်။

လူအတော်များများက 4K TVများကို မပိုင်ဆိုင်ကြသေးပေမယ့် 4Kနည်းပညာဟာ အံ့မခန်းဖြစ်တဲ့အတွက် FIFAနဲ့ Sonyတို့ရဲ့ ပူးပေါင်းအားထုတ်မှုဟာ စိတ်၀င်စားစရာ ကောင်းပါတယ်။ တီဗီထုတ်လုပ်သူများကလည်း ကမ္ဘာ့ဖလားပွဲအတွက် 4K TVများကို အပြိုင်အဆိုင် ရောင်းချနေတဲ့အတွက် Sonyရဲ့ ထုတ်လွှင့်မှုဟာ 4K TVများကို ရောင်းအားမြင့်တက်စေမလားဆိုတာ မေးစရာရှိပါတယ်။ Sonyကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပွဲဟာ 4K TVများ ရောင်းအားမြှင့်တင်ဖို့ အကောင်းဆုံး အချိန်လို့ ယူဆပုံပေါ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲများကို ကျွန်တော်တို့နိုင်ငံက Sony အရောင်းဆိုင်များမှာ 4K TVများနဲ့ ပြသမယ်ဆိုရင်တော့ အလွန်စိတ်လှုပ်ရှားစရာ ဖြစ်ပါတယ်။

Goal Line Tech

ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံး အနေနဲ့ ဒီနှစ်မှာ ကျင်းပမယ့် ပွဲများမှာ Goal Line Technologyကို အသုံးပြုမှာဖြစ်ပါတယ်။ သူကတော့ ဂိုး၀င် ၊မ၀င် အတိအကျ စစ်ဆေးပေးမယ့် နည်းပညာဖြစ်ပြီး ဒိုင်များ မဆုံးဖြတ်နိုင်တဲ့ အခြေအနေများမှာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလား သမိုင်းမှာ ဂိုး၀င်၊ မ၀င် အငြင်းပွားမှု များစွာရှိခဲ့တာကို အားလုံး အသိပဲဖြစ်ပါတယ်။ အခုနည်းပညာကတော့ အဲဒီ အငြင်းပွားမှုများကို ဖြေရှင်းပေးမှာ ဖြစ်ပါတယ်။ ဖီဖာက Goal Line Tech ကုမ္ပဏီများရဲ့ နည်းပညာများကို အချိန်အတော်ကြာ လေ့လာခဲ့ပြီး ဖီဖာပွဲများမှာ စမ်းသပ်အသုံးပြုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ GoalControl GmbHကို ၂၀၁၄ ကမ္ဘာ့ဖလားအတွက် တရား၀င် Goal Line Technologyထောက်ပံ့သူအဖြစ် ရွေးချယ်ခဲ့ပါတယ်။

GoalControl GmbHဟာ ဖီဖာရဲ့ အရည်အသွေး စစ်ဆေးတဲ့ အစီအစဉ်ကို ကျော်ဖြတ်ခဲ့ရပြီး ဖီဖာ အသိအမှတ်ပြု ပရိုလက်မှတ်ရရှိခဲ့ပါတယ်။ အဲဒီလက်မှတ်ကတော့ ဖီဖာဟာ သူတို့နည်းပညာကို စေ့စပ်သေချာစွာ စစ်ဆေးပြီးပါပြီလို့ ပရိသတ်ကို အာမခံလိုက်တာလည်း ဖြစ်ပါတယ်။ GoalControl GmbHကို ဖီဖာ ကွန်ဖက်ဒရေးရှင်းဖလား ၂၀၁၃ (ဘရာဇီး)မှာ စမ်းသပ်ခဲ့ပြီး ပြိုင်ပွဲများမှာ အသုံးပြုနိုင်တဲ့ စိတ်ချရမှုကို ရရှိစေခဲ့ပြီးပါပြီ။

အဲဒီနည်းပညာရဲ့ လက်ရှိစိန်ခေါ်မှုက ဘောလုံးကွင်း ၁၂ ခုမှာ တပ်ဆင်ပြီး စမ်းသပ်မှုဖြစ်ပါတယ်။ အလွန်လျှင်မြန်တဲ့ ကင်မရာ ၁၄ခုကို ဘောလုံးကွင်းအနှံ့မှာ တပ်ဆင်ခဲ့ပြီး ကင်မရာ ခုနစ်လုံးဟာ ဂိုးစည်းကို စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။ နောက်ပြီး ကင်မရာများက ပွဲစတာနဲ့ ဘောလုံးရဲ့ တည်နေရာကို 3Dအနေနဲ့ ရိုက်ကူးနေမှာ ဖြစ်ပါတယ်။ ဘောလုံးဟာ ဂိုးစည်းကို ကျော်တာနဲ့ စက္ကန့်မခြားဘဲ ဒိုင်လူကြီးရဲ့ လက်ပတ်နာရီမှာ အချက်ပြ အတည်ပြုပေးမှာ ဖြစ်ပါတယ်။

GoalControl GmbHရဲ့ နည်းပညာကို ဘောလုံးကွင်းများမှာ တပ်ဆင်စဉ်ကတည်းက ဖီဖာက အောက်ကဗီဒီယိုလိုမျိုး ဗီဒီယိုများကို တင်ပေးခဲ့ပါတယ်။ ပရိသတ်များအနေနဲ့ ဖီဖာရဲ့ Goal Line Technologyကို မျက်ဝါးထင်ထင် မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပွဲများကို ကျင်းပနေတာ ကြာပြီဖြစ်ပြီး ဂိုး၀င်၊ မ၀င်ကိုတော့ နည်းပညာအကူအညီမပါဘဲ ဒိုင်လူကြီးများက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ဒီနည်းပညာဟာ ဒီနှစ် ကမ္ဘာ့ဖလားအတွက် တကယ်လိုအပ်သလားဆိုတာ မေးစရာရှိလာပါတယ်။ သာမာန်ဂိုးများကိုတော့ ဒိုင်လူကြီးများက ဂိုး၀င်၊ မ၀င် အလွယ်တကူ ဆုံးဖြတ်နိုင်ပေမယ့် သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ အငြင်းပွားဖွယ် ဂိုးများကို ဒီနည်းပညာက စစ်ဆေးပေးနိုင်ပါတယ်။

Brazuca ဘောလုံး

Brazuca ဘောလုံးဟာ ဒီနှစ် ကမ္ဘာ့ဖလားပွဲအတွက် Adidasက ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။ Adidasက ၁၉၇၀ ကမ္ဘာ့ဖလားကတည်းက ပွဲအတွက် ဘောလုံးများကို ထုတ်လုပ်ပေးခဲ့တာ ဒီနေ့ အထိပါပဲ။ ဒီနှစ်ဘောလုံးကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ပြသခဲ့တာဖြစ်ပါတယ်။ Brazucaဆိုတဲ့ နာမည်ကိုတော့ ဘရာဇီးဘောလုံး ပရိသတ်တွေရဲ့ မဲတစ်သန်းနဲ့ ၂၀၁၂ ခုနှစ်မှာ ကင်ပွန်းတပ်ခဲ့တာပါ။ ဘရာဇီးလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ညွှန်းဆိုဖွဲ့ထားတဲ့ ဘရာဇီး အငွေ့အသက်နာမည် ဖြစ်ပါတယ်။ အရောင်နဲ့ ဒီဇိုင်းကလည်း ဘရာဇီးလူမျိုးတွေရဲ့ ဘောလုံးကို ရူးသွပ်မှုကို ပုံဖော်ထားပါတယ်။

အဲဒီဘောလုံးဟာ ဘရာဇီးလူမျိုးတွေရဲ့ အမှတ်သင်္ကေတများကို ပုံဖော်ထားတဲ့အပြင် ဆန်းသစ်တဲ့ နည်းပညာများနဲ့ ထုတ်လုပ်ထားတာဖြစ်ပါတယ်။ Brazucaကို အော်ဂန်းနစ် ဒြပ်ထုများ ပေါင်းစပ်ထားတဲ့ Polyurethaneလို့ ခေါ်တဲ့ အလွှာခြောက်ခုနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် သာမာန်ဘောလုံးများနဲ့ မတူကွဲပြားနေပါတယ်။ လျှင်မြန်မှုနဲ့ ထိချက်ကို တိကျစွာ တုန့်ပြန်နိုင်မှုတို့အတွက် ဘောလုံးမျက်နှာပြင်မှာ ချိုင့်ခွက်များ ပြုလုပ်ပေးထားပါတယ်။

အရင်ကမ္ဘာ့ဖလားများမှာ အသုံးပြုတဲ့ ဘောလုံးများဟာ အလွန်ပေါ့ပါးပြီး ပုံသဏ္ဍာန်မမှန်တဲ့ လမ်းကြောင်းများကို ရောက်ရှိစေတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ Brazucaကိုတော့ နှစ်နှစ်ခွဲကြာ စမ်းသပ်ခဲ့ပြီး Lionel Messi, Iker Casillas, Bastian Schweinsteiger နဲ့ အရင်ပြင်သစ်ကစားသမားဟောင်း Zinedine Zidaneတို့ အပါအ၀င် ကမ္ဘာ့ထိပ်တန်း ကစားသမား ခြောက်ရာရဲ့ ထောက်ခံမှု ရရှိပြီးပါပြီ။

Adidasက Brazucaရဲ့ နည်းပညာဟာ ဖီဖာရဲ့ စံညွှန်းကို ကျော်လွန်ပြီး အခြေအနေမျိုးစုံမှာ အကောင်းဆုံး စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်စိတ်ချနေပါတယ်။

Brazucaဘောလုံးကို ထုတ်လုပ်ပုံကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *