News

မြန်မာနှင့် ထိုင်းကြား ဗီဇာကင်းလွတ်ခွင့် ထိုင်းက အင်တင်လုပ်နေ

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့် သတ်မှတ်ပြဋ္ဌာန်းရန် မြန်မာဘက်မှ တင်ပြခဲ့သည့်အပေါ် ထိုင်းဘက်မှ အားတက်သရောမရှိပဲ ဖြစ်နေကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြသည်ဟု သိရသည်။ ထိုင်းနိုင်ငံ၊ ဟွာဟင်းမြို့မှ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးပွဲအတွင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနတွင် ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သော ထိုင်း-မြန်မာ သံတမန် ဆက်ဆံရေး (၆၅)နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား၌ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဦးဝဏ္ဏမောင်လွင်က နှစ်နိုင်ငံကြား ပြည်ဝင်ခွင့် ဗီဇာကင်းလွတ်ခွင့်ကို တင်ပြခဲ့ခြင်း ဖြစ်ပါသည်။

သို့ရာတွင် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနှင့် ဒုဝန်ကြီးချုပ် တာဝန်ကို ပူးတွဲ ဆောင်ရွက်နေသည့် ဆူရာပေါင်က နှစ်နိုင်ငံ ဗီဇာကင်းလွတ်ခွင့်အတွက် အခြားဌာနများနှင့် အသေးစိတ် ဆွေးနွေးရန်လိုကြောင်း၊ ယခုအခါ ထိုင်းအစိုးရအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် ခိုးဝင်လာသူများ ကိစ္စအတွက် စိုးရိမ်ပူပန်နေရကြောင်း၊ အထူးသဖြင့် ရိုဟင်ဂျာများကို ထိုင်းနိုင်ငံက (၆)လအထိ လက်ခံထိန်းသိမ်းထားမည်ဆိုသော်လည်း ယခုအခါ သတ်မှတ်ကာလကျော်လွန်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံသား စိစစ်ရေးကိစ္စများကို အမြန်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထိုင်းနိုင်ငံထိန်းသိမ်းရေး စခန်းနှစ်ခုတွင်ရှိသော ရိုဟင်ဂျာများထဲတွင် မြန်မာနိုင်ငံမှလာသူ (၁၀)ရာခိုင်နှုန်းသာ ရှိပြီး ကျန်သူများမှာ ဘင်္ဂလားဒေ့ရှ်က လာသူတွေဖြစ်ကြောင်း၊ ၎င်းတို့သည် မြန်မာစကားလည်း မတတ်၊ မြန်မာပြည် မည်သည့်နေရာက လာသည်ဆိုသော အထောက်အထားများလည်း မရှိကြကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ အနေဖြင့်မူ ရိုဟင်ဂျာများကို ဆက်လက်ပြီး လက်ခံထားတော့မှာ မဟုတ်ပဲ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကုလသမဂ္ဂတို့နှင့် ညှိနှိုင်းပြီး သက်ဆိုင်ရာနိုင်ငံများက ပြန်ပြီးလက်ခံမလား၊ တတိယနိုင်ငံများက လက်ခံမလား ဆွေးနွေးမှာဖြစ်ပြီး အစ္စလာမ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OICကိုလည်း မည်သို့ ကူညီနိုင်မည်လဲ မေးမြန်းမည်ဟု ဆူရာပေါင်က ပြောကြားခဲ့ကြောင်း သိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “မြန်မာနှင့် ထိုင်းကြား ဗီဇာကင်းလွတ်ခွင့် ထိုင်းက အင်တင်လုပ်နေ

  1. Sawor Mon says:

    တမြုံတမ ဝင်ချသွားမှာကို ဟိုကကြောက်နေရတယ်။ မြန်မာပြည်သား ထိုင်းစကားတတ်သည့် အရေတွက်က များလွန်းတော့၊ ထိုင်းတွေ ဗမာစကားတတ်တာက လက်ချိုးရေလို့ရတယ်။ အဲဒါအတွက် သူတို့လည်း ကြောင်းနေမှာပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *