News

The New Light of Myanmarကို အကျိုးတူ လုပ်ကိုင်ရန် ကုမ္ပဏီ တစ်ခု တင်ဒါရရှိ

New Light of Myanmar

ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းမှ အင်္ဂလိပ်ဘာသာဖြင့် နေ့စဉ်ထုတ်ဝေလျက်ရှိသော The New Light of Myanmar သတင်းစာကို အကျိုးတူ ပူးပေါင်း လုပ်ကိုင်ရန် တင်ဒါများ ခေါ်ယူခဲ့ရာ Global Direct Link Co. Ltd. က ဇွန်လ ၂၄ရက်နေ့တွင် လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း ၎င်းကုမ္ပဏီသည် ပြည်တွင်း ပြည်ပ ကွဲပြားခြင်း မရှိသဖြင့် ဝေဖန်မှု များရှိနေကြောင်း သိရသည်။ The New Light of Myanmar သတင်းစာနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ပြန်ကြားရေ ဝန်ကြီးဌာန၊ ပြည်တွင်း ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့် ထုခွဲ ရောင်းချရေး ကော်မတီမှ ချမှတ်ထားသည့် တင်ဒါစိစစ် ရွေးချယ်မှု အချက်အလက်များပေါ် မူတည်ပြီး ဇွန်လ ၁၄ရက်နေ့က အမှတ်ပေးစနစ်ဖြင့် ယင်းကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

The New Light of Myanmarအား အဆင့်အတန်း ပိုမို ကောင်းမွန်သော သတင်းစာ အသွင်အပြင် ပြောင်းလဲ ထုတ်ဝေရန် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များ၊ ကုမ္ပဏီများကို အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရန် မတ်လ ၂၅ရက်နေ့က အဆိုပြုလွှာ ခေါ်ယူခဲ့သည်။ ယခုကဲ့သို့ တင်ဒါအောင်သော ကုမ္ပဏီကို ရွေးချယ်ခဲ့ရာတွင် သုံးသပ်သည့် ဘဏ္႑ာရေးဆိုင်ရာ အချက်အလက်များကိုလည်း ဖော်ပြခဲ့ရာ လုပ်ငန်းရှင်/ ကုမ္ပဏီဆိုင်ရာ အချက်အလက်များ၊ ပိုင်ဆိုင်မှု ခိုင်မာမှုနှင့် အစဉ်အလာ ကောင်းမွန်မှု၊ ငွေကြေးဆိုင်ရာ အထောက်အထားများနှင့် ဘဏ္႑ာနှစ် သုံးနှစ်စာ ဘဏ္႑ာရေး ရှင်းတမ်းများ အကျိုးတူ လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံအတွက် ရင်းနှီးမြှုပ်နှံမည့် ငွေပမာဏနှင့် ထည့်ဝင်မည့် နည်းလမ်း သီးခြား တင်ပြချက်များ၊ နည်းပညာဆိုင်ရာ အချက်များ၊ ပုံနှိပ်မီဒီယာ အပါအဝင် မီဒီယာ လုပ်ငန်းများတွင် အတွေ့အကြုံရှိမှု၊ အကျိုးတူ ဖက်စပ် ဆောင်ရွက်မည့် အစီအမံအပေါ်တွင် အနာဂတ်မှာ ဆက်လက် တိုးချဲ့လုပ်ကိုင်မည့် မျှော်မှန်းချက် ၊ နည်းပညာ ဆိုင်ရာ ပံ့ပိုးနိုင်မှုနှင့် ဆက်သွယ်ရယူမှု စသည့် အချက်များကို သုံးသပ်ပြီး တင်ဒါ စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။ သို့ရာတွင် ဖက်စပ်လုပ်ကိုင်မည့် သတင်းစာကို မည်သည့် အချိန်တွင် အသွင် ပြောင်းထုတ်မည်ဆိုခြင်းကိုမူ ဖော်ပြထားခြင်း မရှိပါ။

အစိုးရမှ ထုတ်ဝေလျက်ရှိသည့် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတို့ကိုသာ ဝယ်ယူ ဖတ်ရှုမှု အများဆုံး ဖြစ်ပြီး အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော The New Light of Myanmar သတင်းစာကို ပြည်တွင်းရှိ နိုင်ငံခြား သံရုံးများနှင့် ပြည်ပခရီးသည်များသာ အများဆုံး ဖတ်ရှုကြပြီး ပြည်တွင်းရှိ ကုမ္ပဏီအများစုသည် ၎င်းအင်္ဂလိပ် သတင်းစာထက် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင်သာ အကျိုးတူ ဖက်စပ် လုပ်ကိုင်ကြရန် စိတ်ဝင်စားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *