Opinion

ဆွဲဆရာရေ… နောက်ကားပါတယ်

ကျွန်မတို့လို အခြေခံ လူတန်းစားတွေ အတွက် နေ့စဉ် ရုံးတက်ရုံးဆင်းနဲ့ ကိစ္စ အကြောင်း ကြီးငယ်ပေါ်လာတဲ့အခါ လိုင်း ကားကိုပဲ မဖြစ်မနေ အားထားပြီး စီးကြ ရပါတယ်။ အခုပြောချင်တာက လိုင်းကား စီးရတဲ့အခါမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ် အနှောင့်အယှက် ဖြစ်စေတဲ့ အကြောင်း အရာလေးပါ။

တခြားတော့ မဟုတ်ပါဘူး။ လိုင်းကား မောင်းတဲ့သူတွေနဲ့ စပယ်ယာတွေ အကြောင်း ပါ။ လိုင်းကားတွေဟာ ဂိတ်ကနေ စထွက် တာနဲ့ ပုံမှန် အနေအထားနဲ့ မောင်းပါတယ် နောက်သူတို့ကို ရှေ့ကကားတွေ ထွက်သွား တာ အချိန်ဘယ်လောက်ကြာသွားပြီ ဆိုတာ ကို ပြောပြတဲ့သူတွေရှိတဲ့ မှတ်တိုင် ရောက် တာနဲ့ ရှေ့ကားထွက်သွားတာ သိပ်မကြာ သေးဘူး ဆိုရင်တော့ စပြီးမောင်းပါပြီ။ နောက်ကနေ ကျားလိုက်နေသလား အောက်မေ့ရတယ် အဲဒီအချိန်မှာ ကားပေါ် မှာ ပါလာတဲ့ ခရီးသည်တွေကတော့ ဘုရား တရားသာ မှတ်ပေတော့။ အဲ.. ရှေ့ကားက လည်း ထွက်သွားတာ အချိန်နည်းနည်း ကြာသွားပြီဆိုရင်တော့ ခရီးသည် အဆင်း အတက်များတဲ့ မှတ်တိုင်မှာ အချိန် ကြာကြာ ရပ်ပြီး လူစောင့်ပါတယ်။ ဒီလို စောင့်တာ ကြတော့လည်း ရုံးပြန်ချိန်ဆို ပြဿနာ မရှိ ပေမယ့် မနက်ပိုင်း အလုပ်သွားချိန်ဆို အတော်ကို ဒုက္ခရောက်ပါတယ်။

အချိန် လုပြီး ပြေးလွှားနေရတဲ့အထဲ ကားက နောက်ကျတော့ ပိုဆိုးပါတယ်။ ဒီလိုမှ မဟုတ် ရင်တော့ နောက်ကားက သူတို့ကိုမှီလာခါနီး လှမ်းတွေ့ရပြီဆိုရင်တော့ ကားမောင်းသမား နဲ့ စပယ်ယာတွေရဲ့ ဆူညံစွာ ဆွဲဆရာရေ… နောက်ကားပါတယ် မောင်းဆိုပြီး မာရသွန် Formula one ကားပြိုင်ပွဲဝင်မောင်းနေလား အောက်မေ့ရတယ်။

တစ်စီးနဲ့တစ်စီး သူက ကျော်လိုက် ကိုယ် က ကျော်လိုက်နဲ့ လောဘတွေ ဒေါသ တွေ မောဟတွေနဲ့ မောင်းနေကြတာ ပထမ လိုင်း တူကားတွေ မတွေ့ခင် မမောင်းချင် မောင်း ချင်ပုံစံနဲ့များ တော်တော်လေးကို ကွာလှပါ တယ်။ လိုင်းတူကားတွေ မြင်ရပြီ ဆိုရင် တော့ ကားပေါ်မှာ ပါလာတဲ့ ခရီးသည် တွေ ကတော့ ဘုရားတရားသာ တပြီး အာရုံ သာပြုထားပေတော့ ဘရိတ်ကို ဆောင့်နင်း လိုက် ဝူးကနဲ ပြန်ထွက်လိုက်နဲ့ မတ်တပ် ရပ် ပြီး လိုက်ပါလာတဲ့ ခရီးသည်တွေကတော့ မစားသာပါဘူး။

နောက်တစ်ချက်က ကား ပေါ် ခရီးသွားများ ပြွတ်သိပ်တင်ပြီး ထပ် ထည့်ချင်တော့ ကားနည်းနည်းမောင်းလိုက် ဘရိတ်ဆောင့်နင်းလိုက်လုပ်တာ ခရီးသည် တွေမှာ ငါးပိသိပ် ငါးချဉ်သိပ် ဆန်ကောထဲ ဇီးဖြူသီး ထည့်လိမ့်သလို မြင်ယောင်သာ ကြည့်ပေတော့။ နောက်က ယာဉ်အကူတွေ ကလည်း မောင်းတဲ့သူကို စိတ်ကြွလာ အောင် တွန်းအားပေးတာနဲ့ ဆဲဆိုနေတာနဲ့ စိတ် အနှောင့်အယှက် ဖြစ်ရပါတယ်။ နောက် ဆင်းမယ့် မှတ်တိုင်ရောက်တာနဲ့ ကားပေါ်ကနေ ကန်မချရုံတမယ် အတင်း တွန်းချပါ တော့တယ်။ ကားပေါ်တက်ရင် လည်း အတူတူပါပဲ အတင်းဆွဲတင် အက်ရှင် (Aaction) ရုပ်ရှင်ကား ရိုက်နေတာနဲ့ တူနေပါတော့တယ်။ ကျွန်မတို့လို လူငယ် တွေတောင် အဆင်းအတက်ကို သတိထား နေရတာ အသက်အရွယ်ကြီးတဲ့ သူတွေ ဆိုရင်တော့ အဲဒီလိုအချိန်ဆိုရင် ဒုက္ခပါပဲလို့ စိတ်ထဲကတော့ တွေးမိပါတယ်။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကျွန်မရဲ့ အသိတစ်ယောက် ကားပေါ် အတက်မှာ ခြေချော် လက်ချော်ဖြစ်ပြီး အသက်ဆုံးပါး ခဲ့ဖူးပါတယ်။ ဗိုလ်ချုပ်လမ်းက ပန်းဆိုးတန်း မှတ်တိုင်မှာပါ။ အဲဒီအချိန်မှာ မိုးကလဲရွာ နေခဲ့ပါတယ်။ သူကလည်း ရုံးအဆင်းဆို တော့ လက်တစ်ဖက်က အိတ်ကို ကိုင်ထား ပြီး တစ်ဘက်က ထီးကိုကိုင်ကာ ကားပေါ်ကို တက်ရပါတယ်။ အဲဒီအချိန်မှာ ကားပြိုင်နေ တော့ ကားက အထွက်နဲ့ သူက အတက်မှာ ခြေချော်ပြီး ကားအောက်ထဲ ဝင်ကာ အသက် ဆုံးရံှုးခဲ့ပါတယ်။ အမှန်တကယ်က အဲဒီကားသာ ပုံမှန်အတိုင်း မှတ်တိုင်ကနေ ထွက်မယ်ဆိုရင် သူလည်း ပွန်းပဲ့ရုံလောက်ပဲ ဖြစ်မှာပါ။ အသက်မဆုံးရံှုးသင့်ပဲ ဆုံးရံှုးရတာ ပါ။

သူတစ်ယောက် အသက်ဆုံးရှုံးတာထက် သားသမီးတွေမှာတော့ ကူရာမယ့် ကယ်ရာ မယ့် လူမမယ်စာ မမြောက်တဲ့ ဘ၀ကို ရောက်ရှိ သွားခဲ့ပါတယ်။ မိခင်ဆုံးသွားတာ ကြာပြီ ဖြစ်တော့ ဒီအဖေပဲ အားကိုးနေရတဲ့ သား သမီး ၃ ယောက်ခမြာ ကျောင်းနေစဉ် ဘ၀လေးမှာ ခိုရာမယ့် ရွေှတောင်ကြီး ပြိုကျသလို ခံစားသွားရတဲ့ အဖြစ်အပျက် ကတော့ ယခုချိန်တိုင် မျက်စိထဲက မထွက် နိုင်လောက်အောင် ရင်ထဲ ဆို့နစ် ကြေကွဲ ခဲ့ရပါတယ်။ ကျွန်မလို ဘေးကလူတောင် ဒီလိုမျိုး ခံစားခဲ့ရင် ဒီကလေးတွေရဲ့ ရင်ထဲ မှာတော့ ဘယ်လို ခံစားနေရမယ်ဆိုတာ စဉ်းစားသာ ကြည့်ပါတော့။ ဒီလိုမျိုးအဖြစ် အပျက်နဲ့ သေဆုံးသွားတဲ့သူတွေ ဘယ် လောက်များ ရှိနေမလဲ။ ဒါတောင် ကိုယ် သိတာ တစ်ယောက်တလေပဲ ဖြစ်နေ လို့ပါ။ အပြိုင် အဆိုင် ဒေါမနဿ ကျော်တက်ကြတဲ့ ကားတွေကြောင့် ခရီးသည်တွေရဲ့ အသက် ဟာ မသေသင့်ပဲ သေဆုံးပြီး မဖြစ်သင့်တာ တွေ ဖြစ်ကုန်ကြတာပေါ့။ ကိုယ့်ရဲ့ မဆင် မခြင် မောင်းနှင်မှုကြောင့် လူအများရဲ့ အသက် ကိုယ့်လက်ထဲမှာ ရှိနေပါလား ဆို တာ မေ့သွားကြပါတယ်။

နောက်တစ်ခုကတော့ ကျွန်မ ကိုယ်တွေ့ တစ်ခုပါ ကျွန်မစီးလာတဲ့ကားက ပြိုင်မောင်း နေတဲ့ အချိန်မှာ မှတ်တိုင်ကနေ သားအမိ နှစ်ယောက် တက်လာပါတယ်။ ကလေးက တော့ ၅နှစ်လောက်ပဲ ရှိဦးမှာပါ။ အဲဒီ သား အမိ ကားပေါ်အတက်မှာ ကားက အတင်း ထွက်တော့ ကလေးအမေမှာ ကလေးကို ချီ ထားပြီး တက်ရတာဆိုတော့ ကားပေါ် အရောက်မှာ ဟန်ချက် ပျက်သွားပါတယ်။ ကလေးကလဲ ကြောက်လန့်ပြီး ထငိုပါတော့ တယ်။ အဲဒီမှာ ကလေးအမေက ယာဉ် အကူကို ရန်တွေ့ပါတော့တယ်။

နင်တို့ ၅ မိနစ် ၁၀ မိနစ်လောက် နောက်ကျတော့ ဘာဖြစ်မှာမို့လို့လဲ။ အသက်ဆိုတာ အလျော် ပြန်မရဘူးတဲ့။ ငါ့ကလေး တစ်ခုခုဖြစ်သွားရင် နင်တို့က ဘယ်လို ရှင်းပေးမှာလဲတဲ့။ အဲဒီမှာ ယာဉ်အကူကလည်း ပြန်ပြီးတော့ ရိုင်းရိုင်း စိုင်းစိုင်း ပြောပါတယ်။ အဲဒီလိုနှစ်ဖက် ကားပေါ်မှာ အပြိုင်ပြောနေတုန်းမှာ အရပ် ဝတ်နဲ့ လူတစ်ယောက်က ယာဉ်အကူ နား ကပ်ပြီး မင်းကဘာကောင်လဲ မင်းဆီမှာ စပယ်ယာ လိုင်စင်ကော ရှိရဲ့လား ငါ့ကို ဘာထင်လဲတဲ့ မင်းကိုဖမ်းလို့ရတယ် ဆိုပြီး ပြောတော့ ယာဉ်အကူ ငြိမ်သွားပါတယ်။ အဲဒီကလေး အမေ ပြောတာ မှန်ပါတယ် သူတို့ ၅ မိနစ် ၁၀မိနစ် နောက်ကျသွားတော့ ဘာဖြစ်မှာမို့လဲ။ သူတို့တစ်ချက် မှားသွားရင် အသက်ပါပေးရမှာက ခရီးသွား ပြည်သူ တွေပါ။

မထသ ယာဉ်တိုင်းမှာတော့ ရေးထားပါ တယ် ယာဉ်ကို မဆင်မခြင်မောင်းရင်၊ ခရီးသွားပြည်သူကို ရိုင်းစိုင်းရင် ယာဉ်စီးခ ပိုတောင်းရင် တိုင်ရမယ့်ဖုန်းနံပတ်တွေ ရေး ထားပါတယ်။ ဒါပေမယ့် လူတိုင်းတော့လည်း အဲဒီလိုအဖြစ်အပျက်တွေကို တိုင်ဖို့အတွက် အချိန်မရပါဘူး။ အလုပ်အတွက် နောက်ကျ မှာကြောက်လို့ အချိန်မှီပြေးရ၊ အလုပ်မှာ ပင်ပန်းခဲ့လို့ နွမ်းနယ်နေကြ၊ တချို့ကျတော့ လည်း ကိုယ့်ကြောင့် သူတစ်ပါး ဒုက္ခ ရောက် မှာ ကြောက်ကြနဲ့ ကားပေါ်က ဆင်းတာနဲ့ ကားပေါ်မှာ ကြုံတွေ့ခဲ့တဲ့ စိတ်အနှောင့် အယှက်တွေကို အထက်မှာ ဖော်ပြခဲ့တဲ့ ကိုယ်ချင်းစာ တရားတွေနဲ့ မေ့ပစ်ခဲ့ကြပါ တယ်။

နောက်တစ်ချက်က လူကူးမျဉ်းကျား မရှိ တဲ့နေရာတွေမှာ လမ်းကူးတဲ့သူတွေ သတိ ထားရမယ့်အချက်ပါ။ ကျွန်မတို့ဟာ လမ်း ကူးတော့မယ်ဆို စကူးတဲ့ဘက်ကရှင်းတာနဲ့ တစ်ခြမ်းအရင်ကူးပြီး လမ်းလယ်မှာ ရပ်ပြီး တော့ တစ်ဖက် ယာဉ်ကြောရှင်းတာကို စောင့်ရပါတယ်။ အဲဒီလို စောင့်နေတဲ့ အချိန်မှာ ကူးပြီးခဲ့တဲ့ ယာဉ်ကြောကိုလည်း မကြာခဏ ပြန်လှည့်ကြည့်ဖို့ မမေ့ပါနဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ပြိုင်မောင်းလာတဲ့ ကားတွေ ကျော်တက်လာတဲ့ ကားတွေဟာ ရုတ်တရက် လမ်းလယ်ခေါင်မှာ လူရပ်နေ တာကို တွေ့လိုက်ရင် ဘယ်လိုမှ ရှောင်လို့ မရတော့ပါဘူး။ အဲတော့ လမ်းကူးရင် ကူးပြီး ခဲ့တဲ့ လမ်းတစ်ဖက်ကိုလည်း မကြာခဏ ပြန်ကြည့်ပါ။ ငါကူးပြီးသွားပြီဆိုပြီး စိတ်ချ လက်ချနဲ့ ရှေ့ကိုပဲ မကြည့်ပါနဲ့။

သူများနိုင်ငံတွေမှာဆို (စင်ကာပူ၊ မလေး ရှား) လိုင်းကားမောင်းတဲ့သူတွေဟာ ပုံမှန် အတိုင်းပဲ မောင်းကြတာ သင်လည်း သိပြီး ဖြစ်မှာပါ။ မြန်လည်း မမြန်ဘူး နှေးလည်း မနှေးပါဘူး။ မှတ်တိုင်ရောက်ရင် ပုံမှန်ရပ် ပေးတယ်။ ခရီးသည်တွေ အားလုံး ဆင်းလို့ တက်လို့ပြီးမှ ကားကို ပြန်ထွက်ပါတယ်။ ယာဉ်နောက်လိုက်လည်း မထားပါဘူး။ ကား မောင်းတဲ့သူ တစ်ယောက်ပဲ ကားပေါ်မှာ ပါ ပါတယ်။ တက်မယ့် သူက ရှေ့တံခါးပေါက် ကနေ တက်ပြီး ယာဉ်မောင်းဘေးမှာရှိတဲ့ ပိုက်ဆံထည့်တဲ့ ပုံးထဲကို ကျသင့်ငွေ ထည့်ရ ပါတယ်။

ပုံးထဲကို ပိုက်ဆံ ထည့်ပြီးတဲ့အခါ ကျမှသာ ယာဉ်မောင်းက ဘေးမှာရှိတဲ့ လက်မှတ်ရိုက်စက်နဲ့ ရိုက်ပြီး လက်မှတ် ထုတ်ပေးပါတယ်။ လက်မှတ်စစ် တက်လာ ရင်တော့ အဲဒီလက်မှတ်ကို ပြရပါတယ်။ မှတ်တိုင်မဟုတ်ပဲ တားရင် ယာဉ်မောင်းက လုံးဝမရပ်ပေးပါဘူး။ မှတ်တိုင်ရောက်မှသာ ရပ်ပေးပါတယ်။ တကယ်ကို လူတိုင်း စည်းကမ်းရှိကြတာပါ။ သူများနိုင်ငံကို အထင် ကြီးလို့ ပြောနေတာ မဟုတ်ပါဘူး။ အတုယူ သင့်တာကို ယူရမှာ ဖြစ်ပါတယ်။ အဲဒီလို စည်းကမ်း ရှိအောင်လို့လဲ ဘယ်သူကမှ ရှောင်တခွင် စစ်တာတို့၊ မှတ်တိုင်တွေမှာ တားစစ်တာတို့ မလုပ်ကြပါဘူး။ လူတစ်ဦး တစ်ယောက်ချင်းရဲ့ ကိုယ်ထဲမှာ၊ ခေါင်းထဲမှာ စည်းကမ်းရှိရမယ် ဆိုတာကို သံမှိုစွဲသလို ထည့်ထားကြလို့ပါပဲ။

နောက်တစ်ချက်က သူတို့ဆီမှာ ကား ပျက်လို့ လမ်းဘေးပဲရပ်ရပ်၊ အကြောင်းရှိလို့ လမ်းဘေးပဲ ရပ်ရပ် နေ့ဖြစ်စေ၊ ညဘက် ဖြစ်စေ အချက်ပြမီး သို့မဟုတ် နောက်ဘက် မီးကို ဖွင့်ထားကြပါတယ်။ မှန်ပါတယ်။ ဒါမှ လည်း လမ်းပေါ်မှာ သွားနေတဲ့ကားတွေက အလွယ်တကူ မြင်နိုင်မှာပေါ့။ ကျွန်မတို့ မြန်မာနိုင်ငံမှာကတော့ အဓိကအားဖြင့် ဘုရင့် နောင်လမ်းမကြီးမှာ လမ်းဘေး ရပ်ထားတဲ့ ကုန်ကားတွေ၊ ကွန်တိန်နာကားကြီးတွေကို အမြဲတမ်း မြင်တွေ့ ရပါတယ်။ ဒါပေမယ့် တစ်စီးမှ အချက်ပြမီး (သို့) နောက်မီး (သို့) ညအိပ်မီးတွေ တစ်စီးမှ မဖွင့်ထားပါဘူး။ ညဘက်တောင်မှ မဖွင့်တာ နေ့ဘက်ဆိုရင် တော့ ဝေးရောပဲ။ ဒါဟာလည်း သွားလာနေ တဲ့ လမ်းပေါ်က ယာဉ်တွေ အတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။ အိပ်ငိုက်နေတဲ့ ယာဉ်မောင်းဟာ အမှုမဲ့ အမှတ်မဲ့နဲ့ တော်ရုံ မတွေ့မြင်နိုင်ပါဘူး။ မူးပြီး မောင်းနေတဲ့ သူတွေကိုတော့ မပြောပါနဲ့တော့။

အချုပ်အားဖြင့် ပြောရရင်တော့ ကျွန်မတို့ နိုင်ငံမှာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ စည်းကမ်းပိုင်းနဲ့ ပက်သက်လို့ ပြုပြင်စရာ တွေ အများအပြား ရှိနေပါသေးတယ်။ ယာဉ် မောင်း သူကလည်း စည်းကမ်းရှိ လမ်းကူး တဲ့သူကလည်း စည်းကမ်းရှိ ယာဉ်စီးတဲ့ သူကလည်း စည်းကမ်း ကိုယ်စီ တစ်ဦးချင်း စီရဲ့ အသိစိတ် ကိုယ်စီရှိမယ် ဆိုရင် စည်းကမ်းရှိပြီး ခေတ်မီတဲ့ နိုင်ငံတော် ကြီးဆီကို အလျင်အမြန် ရောက်ရှိလာမယ်လို့ ကျွန်မယုံကြည်နေမိပါတော့တယ်။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

2 thoughts on “ဆွဲဆရာရေ… နောက်ကားပါတယ်

  1. may thu kyaw says:

    ဆောင်းပါးလေးကိုအရမ်းကြိုက်တယ် ဖြစ်နေကျကိစ္စများကိုတော်တော်များများေ၇းပြီး

    ပညာပေးထားလိုပါ နောက်လဲ များများေ၇းပေးနော်

  2. Shwe Zin says:

    အရမ်းသဘောကျတယ်။ နေ့စဉ်ကြုံတွေ့နေရတဲ့အကြောင်းအရာလေးတွေပဲ။ ကျေးဇူးတင်ပါတယ်။ နောက်လည်း များများရေးပေးပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *